Tuesday, August 2, 2016

သံသာစက်၌ အပိုင်း ( ၁ )

သံသာစက်၌ အပိုင်း ( ၁ )

ဂျင်ကလိ ရေးသည်။

အခန်း ( ၁ )

နိဒါန်း သို့မဟုတ် အပိုင်းအစများ

အပိုင်း (က)

ဒီတခေါက် ခရီးသွားတာ ရက်တော်တော်ကြာသည်။ ကောင်းထက်လင်း ပြန်ရောက်လာတော့ ကြားရသည့် သတင်းတွေထဲမှာအထူးဆန်းဆုံးသတင်းက ဝဏ္ဏရှိန် တို့ လင်မယားကွဲ သွား ကြပြီဆိုသည့် သတင်းဖြစ်သည်။ လင်မယား နှစ်ယောက်လုံး နှင့် ရင်းနှီးသော အကြောင်း သိ တယောက်အနေဖြင့်ပြောရလျင် ထိုသတင်းလုံး၀ ဖြစ်နိုင်ဘွယ်ရာ မရှိပါ။ သို့သော် တကယ် ဖြစ်နေသည်။

လွန်ခဲ့သော နှစ်လ ကျော်သုံးလလောက်က သူတို့သားလေး နှစ်နှစ်ပြည့် မွေးနေ့လုပ်၍ ကောင်းထက်လင်း ရောက်ခဲ့ သေးသည်။သူများတွေလို လက်ဆောင်မပါဘဲ ခပ်တည်တည် နှင့်သွားစားတာကို ကလေးက သိသည်ထင်၏။ ချီခိုင်းပြီး သူ့ပေါ်ကမဆင်းတော့။ သူတို့ လင်မယားက တပြုံးပြုံး နှင့်နောက်တခါ ထပ်ပြီးမင်္ဂလာဆောင်သလို ဧည့်သည်တွေကို လိုက်ဧည့်ခံနေချိန်မှာ ကောင်းထက်လင်း ကတော့ ကလေးတယောက်နှင့် အလုပ်ရှုပ်နေခဲ့ရသည်။ ဘာအက်ကြောင်းမှ အရိပ်အယောင်မမြင်ခဲ့ရ။

နောက်ပိုင်းတော့ သူတို့လင်မယားနှင့် မတွေ့ဖြစ်သလောက်ပင်။ဖုန်းတော့ တခါနှစ်ခါ ပြော ဖြစ်သည်။ ထူးထူးခြားခြား ဘာသံမှ မကြားရ ဘာဖြစ်ကြလေသနည်း။ချက်ချင်း သွားမေး ဖို့ကလည်းချီတုံချတုံဖြစ်နေသည်။ လူရင်းတွေလို့ ဆိုနိုင်သော်လည်း ဒါမျိုးဆိုတာ ဘယ်လို မေးရမည်ကောင်းထက်လင်း မသိ။ လူနာသတင်းမေးတာမျိုး နှင့်လည်းမတူ။ အရင်ဆုံး ဖုန်း ဆက်ကြည့်ရန်အကြံရပြီး ဝဏ္ဏရှိန်တို့ အိမ်ကိုဖုန်းဆက်တော့ ဖုန်းကိုင်သူမရှိ။ အလုပ်ချိန်ဖြစ်နေ၍လားမသိပါ။ ညနေရုံးဆင်းတော့မှဖုန်းထပ်ခေါ်မနေတော့ဘဲသူတို့အိမ်ဖက်တခါထဲတန်းထွက်လာခဲ့သည်။ ဝဏ္ဏရှိန် တော့ရှိနိုင်သည်။ သူတို့လင်မယားက ဝဏ္ဏရှိန်၏ မိခင်အိမ်မှာနေတာဆိုတော့ လင်မယားကွဲလျင် ဆွေဇင်က ထွက်သွားရမည့်သဘောရှိ၏။

ဝဏ္ဏရှိန် ကို ကောင်းထက်လင်း ရန်ကုန်ရောက်ပြီး သိပ်မကြာခင်မှာပင်သိကျွမ်းခဲ့သည်။ တရင်းတနှီးတော့ မဟုတ်။အဲဒီတုန်းက သူက ကျောင်းတက်နေဆဲရှိသေးသည်။ညီဝမ်းကွဲ တယောက်၏ သူငယ်ချင်း အဖြစ် တကြိမ်နှစ်ကြိမ် စကားပြောခဲ့ဖူးသည်။ နောက်တော့ သူတို့ ရပ်ကွက်ထဲ ကိုပြောင်းနေဖြစ် သည်။ ပြောင်း လာတုန်း က ဝဏ္ဏရှိန် ဒီမှာ ရှိမှန်း သိတောင်မသိခဲ့။ ရောက်ခါစ ယောင်လည်လည်နှင့် လဘက်ရည် ဆိုင်မှာ သွားထိုင်သည်။ ဒီဆိုင်မှာ အမြဲထိုင်လေ့ ရှိသော ဝဏ္ဏရှိန် က ကောင်းထက်လင်း ကိုမြင်ပြီးလာ နုတ်ဆက် စကားပြောရာမှ ပြန်တွေ့ပြီး သူ့သူငယ်ချင်း ရပ်ကွက်ထဲက ချာတိတ်တွေ နှင့်ပါ အပေါင်းအသင်းဖြစ်သွား၏။

သူတို့ ရပ်ကွက်ထဲကို ပြောင်းသွားချိန်မှာ ဝဏ္ဏရှိန် ကျောင်းပြီးသွားပြီး ဘာလုပ်ရ မှန်းမ သိဖြစ်နေချိန်လည်းဖြစ်သည်။ နောက်တော့ စကားစပ်မိရာက သူ့ကို ကောင်းထက်လင်း လုပ်နေသော ကုမ္ပဏီမှာ အလုပ်သွင်းပေးလိုက်သည်။ ဌာန မတူပေမယ့် အလုပ်သွား အလုပ် ပြန် တူတူ သွားကြရင်း အရမ်းရင်း နှီးသွားကြသည်။သူ့ အမေ အန်တီနန်း နှင့်ပါကောင်း ထက် လင်း ရင်းနှီးသွားပြီး သူတို့အိမ်ဝင်ထွက်စားသောက်နေဖြစ်သည်။

ထိုအချိန်က ဝဏ္ဏရည်းစားက ဆွေဇင်မဟုတ်။ သူနှင့်ကျောင်းနေဖက် ရပ်ကွက်ထဲက ကောင် မလေး တယောက် ဖြစ်သည်။ ကောင်းထက်လင်း နှင့်လည်းခင်ပါသည်။ နောက်တော့ ဘယ် လိုကနေဘယ်လိုဖြစ်သည် မသိပြတ်သွား၏။ဘာကြောင့်လဲဟု မေးသော အခါ ဒီလိုပါပဲ ကိုလင်းရယ်လို့ သူက မရေမရာ ဖြေသည်။ ကောင်မလေးကလဲ စင်္ကာပူ မှာကျောင်းတက်ဖို့ ထွက်သွားသည်။ ကောင်းထက်လင်း အထင်တော့ နိုင်ငံခြားသွားဖို့ကိစ္စ ကြောင့် သူတို့ ပြတ်ကြတာ ဖြစ်နိုင်သည်။ အမေတခုသားတခု ဆိုတော့ မိခင်ကိုထားပြီး နိုင်ငံခြားသွားအလုပ်လုပ်ဖို့ သူများတွေလို သင်္ဘော လိုက်ဖို့ တွေမစဉ်းစားလို့ ဝဏ္ဏရှိန်ပြောဖူးသည်။

ကောင်းထက်လင်း နှင့် ဝဏ္ဏရှိန် အလုပ်တူတူ လေးငါးလ လောက်ပဲလုပ်လိုက်ရပါသည်။ ကောင်းထက်လင်း က နောက်အလုပ်တခု ပြောင်းဖို့ဖြစ်လာ၏။ ဝဏ္ဏရှိန် ကတော့ ကျန်ခဲ့သည်။

...........................

အလုပ်ဆင်းရတာလည်း တလမ်းစီဖြစ်သွားသော အခါ အရင်လိုတူတူ မသွားမပြန်ဖြစ်တော့ ပေမယ့်ညတိုင်းလဘက်ရည် ဆိုင်တူတူထိုင်ဖြစ်ကြသည်။ ဝဏ္ဏရှိန် တယောက်ထဲ အလုပ် သွားရင်းပြန်ရင်း မှတ်တိုင်မှာကောင်မလေး တယောက်နှင့် မျက်မှန်းတန်းမိသည်။ ထို ကောင်မလေးက ဆွေဇင်လတ် ဖြစ်သည်။စစချင်းတော့ မှတ်တိုင်မှာ ကားစောင့်ရင်း အမှတ်တ မဲ့လိုတွေ့ကြသည်။ နောက်တော့ တမင်စောင့်ကာ တွေ့ကြသည့်အဆင့်ရောက်လာ၏။

ဆွေဇင်နှင့် ချစ်သူတွေဖြစ်သွားကြပြီး နောက် ဝဏ္ဏရှိန် က ကောင်းထက်လင်း နှင့်မိတ် ဆက်ပေး၏။ဆွေဇင် က ခင်မင်ဖွယ်ကောင်းသော မိန်းမချောလေး တယောက်ဖြစ်သလို ဝဏ္ဏရှိန် နှင့်လည်း ရှေ့သွားနောက်လိုက်ညီပါသည်။ဝဏ္ဏရှိန် က ကောင်းထက်လင်းကို ဆွေဇင် နှင့် တွေ့ ပေးချိန် မှာ မျက်နှာ ပူစရာ အကြောင်း တခု ဖြစ်ခဲ့သေး၏။ ဆွေဇင်က နားလည်မှု ရှိလို့ သာတော်တော့ သည်။ ဒီလို သာမဟုတ် လျှင် ကောင်းထက်လင်း ရှက်လို့ နေတတ်တော့မည် မဟုတ်။

ဆွေဇင် နှင့် ရည်းစားမဖြစ် ခင်ကထဲက ကောင်းထက်လင်း ကို ဆွေဇင် နှင့် တွေ့ ပေးမည် ဟု ဆိုခဲ့၏။ ကောင်းထက်လင်းက လည်း

“ နေပါဦး ကွာ သေချာမှ မိတ်ဆက်ပေးပါ၊ တော်ကြာကျရင် မင်းကောင်မလေးက ငါ့ကို ကြိုက်သွားရင် ဘယ်လို လုပ်မလဲ” 

ဟု နောက်ဖူးသည်။

ဒါကို ကျေးဇူးရှင် က ဆွေဇင့် ကို သွားပြော ပြသည်။ သူတို့ ချစ်သူတွေ ဖြစ်ကြပြီးနောက် မိတ်ဆက် ပေးသော အခါ တွင်လည်း မမေ့ မလျော့ ဒီ အကြောင်းကို ပြန်ဖေါ်၏။ ကောင်းထက်လင်း ရှက်လိုက်သည် မှာ ဆိုဖွယ် မရှိပါ။ဆွေ ဇင် က အပြုံးတဝက် နှင့် ကောင်းထက်လင်း ကိုကြည့် ရင်း 

“ ဟုတ်တယ် မောင်ရဲ့ မောင်ကံ ကောင်းသွားတာ၊ ကိုလင်း နဲ့သာ အရင် တွေ့ ရင် မောင့် ကို လှည့်ကြည့် မှာတောင် မဟုတ်ဘူး” 

ဟု ရယ်စရာ ပြန်လုပ်ပြီး ကောင်းထက်လင်း စိတ်ပြေ အောင် ပြောပေးခဲ့သည်။

ကောင်းထက်လင်း ထက် ငါးနှစ် နီးပါးမျှ ငယ်မည့် ဝဏ္ဏရှိန် နှင့် ဆွေဇင်က ကောင်းထက်လင်း ကို အကိုအရင်းအချာ ပမာ သဘောထားခဲ့ပါသည်။

ချစ်သူ တို့ သဘာ၀ လျှောက်သွား ကြချိန်တွေ မှာတောင် ကောင်းထက်လင်း ကို အတူလိုက်ဖို့ အမြဲခေါ်တတ်ကြသလို ကောင်း ထက် လင်း ကလည်း အမြဲလို ငြင်းနေရသည်။

ဆွေဇင့်ကို မြင်ကထဲက အန်တီနန်း စိတ်တိုင်းကျမည့် မိန်းကလေး ဆိုတာ ကောင်းထက်လင်း သိခဲ့သည်။ သူထင်သည့် အတိုင်း အန်တီနန်းကဆွေဇင့် ကို အလွန်ချစ်သွားခဲ့သည်။ မြန် မြန် လက်ထပ်ကြဖို့ အန်တီနန်းကပင် စပြီးတွန်းအားပေးခဲ့၏။

သူတို့ချစ်သူသက်တန်း တနှစ်မပြည့်တပြည့်မှာပင် လက်ထပ်ဖြစ်ကြသည်။ ဆွေဇင်က တခြား မိန်းကလေး တွေ နှင့်မတူ။ ဟိုလိုလက်ထပ်ရ မည်။ဒီလိုလုပ်ပေးရမည်ဟု ဘာမှမပြော။ ဖြစ်နိုင် ရင် မင်္ဂလာပွဲ တောင်မလုပ်ချင်ပါ။ ရုံးတက်လက်မှတ်ထိုး ပြီး တရားဝင်အကြင်လင်မယား ဖြစ် လျင်တော်ပါပြီဟု ဆိုလာသောကြောင့် အားလုံး အံ့သြရသည်။ ဆွေဇင်ကရန်ကုန် မှာ ဆွေမျိုး အသိုင်းအဝိုင်း မရှိသောကြောင့် သူတို့ လက်မှတ် ထိုးသောအခါ ကောင်းထက်လင်းက က ဆွေဇင့်ဖက်ကသက်သေ အဖြစ်လက်မှတ်ထိုးပေးခဲ့ရသည်။

ထို့ကြောင့် ဝဏ္ဏရှိန် နှင့် ဆွေဇင်လတ် ဇာတ်လမ်းတွင် ကောင်းထက်လည်း ၏ နေရာက အရေးပါ သည်ဟု ဆိုနိုင်သည်။ ခုတော့ သူတို့လမ်းခွဲကြလေပြီ။

အိမ်တံခါးကို ခေါက်လိုက်တော့ ဝဏ္ဏရှိန် တံခါးလာဖွင့် ပေးသည်။ ဧည့်ခန်းထဲက ဖျာတချပ် ပေါ်မှာ ကလေးငယ်က အိပ်ပျော် နေပြီး အန်တီ နန်းကိုတော့ မတွေ့ရပါ။ ကျူရှင် က ပြန် မလာသေးတာဖြစ်နိုင်သည်။

“ ဘာဖြစ်ကြတာလဲကွာ”

ခရီးရောက် မဆိုက်ပင် ကောင်းထက်လင်း ပြောလိုက်မိသည်။

“ ဒီလိုပါပဲ အကိုရယ်လို့ တော့ မပြောနဲ့ နော်”

ဝဏ္ဏရှိန် ပါးစပ် မဟမှီ ကြို ပိတ်လိုက်တော့ သက်ပြင်းချသည်။

“ ကျွန်တော်လည်း ကိုလင်း ကို ပြောပြချင်နေတာတွေ အများကြီးပါ အကိုရယ်၊ ခန နေရင် မေမေ ပြန်လာတော့မယ်၊ အဲဒီတော့ မှ အပြင်မှာအေးအေး ဆေးဆေး စကားသွားပြော ကြတာပေါ့”

ဝဏ္ဏရှိန် အ ကျင့်က ဒီလိုပင် အရေးတကြီး အကြောင်း ကိစ္စ ပြောချင်လျှင် အိမ်မှာ ပြောလေ့ မရှိ။ အနည်းဆုံး လဘက်ရည်ဆိုင်ခေါ်သွားပြီး ပြောတတ်သည်။

“ အန်တီနန်း ပြန်လာလို့ ငါ့ကို ပြောရင် ဘယ်လို လုပ်မလဲ”

“ အာ …. အကို ကလဲ၊ အကိုမှ ဘာမှ မသိတာကြီးကို၊ မေမေ တောင် ရေရေ ရာရာ ကျွန်တော် ပြော မထားဘူး၊ ကိုလင်း ကိုမြင်ရင် မေမေလဲဝမ်းသာမှာ ကိုလင်း တယောက်ရှိရင် ကောင်း မှာ ပဲလို့ နေ့တိုင်း ပြောနေတာ”

သားဖြစ်သူထံမှ အကြောင်း ရေရေရာရာ မသိရလို့ ကောင်းထက်လင်း ကို အန်တီ နန်း မျှော်ခြင်း ဖြစ် နိုင်ပါသည်။ သူငယ်ချင်း လို အကိုလို ဖြစ်သော ကောင်းထက်လင်းကို တော့ ဝဏ္ဏရှိန် ရှိန် က အကြောင်းစုံ ပြောပြလိမ့်မည် ဟု အန်တီ နန်းကျိန်းသေ ပေါက်တွက်ပေမည်။

ကောင်းထက်လင်း ထင်သည့် အတိုင်း ဖြစ်ပါသည်။ အန်တီနန်း က ပြန်ရောက်တာ နှင့် ခြင်း တောင်း လေး ချပြီး ကောင်းထက်လင်း ကို နောက်ဖေးဖက် ဆွဲခေါ် သွား၏။

“ ကျွန်တော်လဲ ခုမှ ရောက်တာ အန်တီ၊ ဘာမှ မသိသေးဘူး”

“ အင်းပါကွယ်၊ ဒီကောင်က အန်တီ့ကို လည်း ဘာမှ မပြောဘူး၊ ဆွေဇင်ကလည်း ဘာမှ ပြောမသွားဘူး၊ မရှိတော့ ဘူးဆိုမှ အန်တီလဲသိရတာ”

“ ကျွန်တော် မေးကြည့်ပါဦးမယ် အန်တီရယ်၊”

“ နည်းနည်းပါးပါး ဖျောင်းဖျပါဦးကွယ်၊ မင်းကိုတော့ လင်မယား နှစ်ယောက်လုံးကချစ်ကြတယ်၊ မင်းပြောရင် ရချင်ရနိုင်မယ်”

“ ဟုတ်ကဲ့ပါအန်တီ၊ ကျွန်တော်ကလည်း သူတို့ကို မကွဲစေချင်ပါဘူး”

အန်တီနန်း မျက်နှာ မှာ မျက်ရည်တွေ ဝေ့ဝိုင်းလာ၏။

“ သူတို့က လူကြီးတွေပါ၊ ဘာဖြစ်ဖြစ် ဘာလုပ်လုပ်၊ ကြားထဲက အန်တီ့ မြေးလေး ငဲ့ကြဖို့ကောင်းတာပေါ့၊ ခုကလေးက အန်တီ နဲ့ လာအိပ်ရှာတယ်၊ ဟို အကောင်ကတော့ ညဖက်ဆို မီးတထိန်ထိန် နဲ့ ဘာလုပ်နေမှန်းတောင် မသိပါဘူး ကွယ်”

“ ဟုတ်ကဲ့၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါမယ် အန်တီ၊ ဒီကောင့် ကို အပြင်ခေါ် သွားပြီး အစ်ကြည့်ပါမယ်”

“ အေးအေး သွားသွား”

အိပ်ပျော်နေဆဲ ကလေးကို အန်တီနန်းလက် အပ်ပြီး ကောင်းထက်လင်း နှင့် ဝဏ္ဏရှိန် အပြင်ထွက်လာကြသည်။

...............................

“ အကို ဘာသောက်မလဲ၊ အပြင်းလားအပျော့လား”

ဝဏ္ဏရှိန် ကမေးသည်။ သူတော်တော်လေး စိတ်ညစ်နေမှန်း ရိပ်မိသော ကောင်းထက်လင်း က အရက်သောက်တာကို တားမြစ်မနေတော့ပါ။

“ အပျော့ပဲ သောက်ကြတာပေါ့ကွာ”

“ အကို အပျော့သောက်ချင်သောက်လေ၊ ကျွန်တော်ကတော့ အပြင်းပဲ ကိုင်မယ်”

“ မင်းကလဲကွာ မိန်းမနဲ့ ကွဲလို့ အရက်သောက်တယ် ဆိုတာ လူကြားလို့ မကောင်းပါဘူး”

“ ဘာဖြစ်ဖြစ် အကိုရာ စိတ်ညစ်တာတော့ မခံနိုင်ဘူး၊ ဒါမှ ညဖက်လဲ အိပ်လို့ ပျော်မယ်”

ကောင်းထက်လင်းလက်လျော့လိုက်သည်။

“ ကဲပါကွာ ငါလဲ အပြင်းပဲ သောက်ပါတော့မယ်၊”

ဆိုင်ရောက်တော့ ဝဏ္ဏရှိန်က ဝီစကီ မှာလိုက်သည်။ အမြည်းတွေ မရောက်ခင် အရက်က အရင်ရောက်လာ၏။ဝဏ္ဏရှိန်က ခပ်သွက်သွက်ပင် ခွက်တွေထဲကို ငှဲ့ပေးသည်။ ကောင်းထက်လင်း ကတော့ စီးကရက် သောက်ရင်း သူ့ကို အကဲခတ်နေမိသည်။

“ ဖြေးဖြေးပေါ့ကွာ၊ အမြည်းတွေတောင်မရသေးဘူး”

ကောင်းထက်လင်း ပြောသော်လည်း ဝဏ္ဏရှိန်က သူ့ခွက်ကို ရေ အနည်းငယ်ရောပြီး တကျိုက်ထဲ မော့ချပစ်လိုက်သည်။

“ ကို လင်းစောင့်ချင်စောင့် လေ၊ ကျွန်တော်တော့ မနေနိုင်တော့ဘူး”

“ ရပါတယ်ငါက အေးေအေးဆေးဆေးပါ၊ ဒါပေမယ့် သောက်တာလဲ သောက်၊ ငါသိချင်တာလဲ ပြောပြဦး”

“ အကိုဘာသိချင်တာလဲ”

“ မင်းတို့ ကိစ္စ ပေါ့ကွ”

“ ပြောပါမယ် ပြောချင်လွန်းလို့ ခေါ်လာတာပါ”

ဝဏ္ဏရှိန် နောက်တခွက်ထပ်မော့လိုက်ပြန်သည်။ ဒီ လိုမြင်ကွင်းမျိုးကို မြင်ရတော့ ကောင်း ထက် လင်း စိတ် မချမ်းသာပါ..

“ မင်းတို့ နှစ်ယောက် လက်ထပ်ဖြစ်အောင်တိုက်တွန်းခဲ့တာများ မှားသွားပြီလားကွာ”

“ အကို  မမှားပါဘူး၊ မှားတာက ကျွန်တော်တို့ နှစ်ယောက်ပါ”

“ နှစ်ယောက်လုံးမှားတယ်၊ဟုတ်လား”

“ ပြောရင်လည်း အကိုက အကို့ ညီမဖက်ကလိုက်မလား မသိဘူး၊ အဓိက  ကတော့ ကျွန်တော် ပေါ့ဗျာ..ဒါပေမယ့် ခီုလိုဖြစ်ရတာကလဲ ကိုလင်း ညီမ စနက်မကင်းဘူး”

လုံး၀ မသောက်ရသေးသော ကောင်းထက်လင်း မူးချင်သလိုလို ဖြစ်လာသည်။ စိတ်ရှုပ်ရှုပ်ဖြင့် သူလည်း လက်ထဲက ခွက်ကို မော့ချလိုက်မိ၏။

“ ဟုတ်တယ်၊ အခု အကိုလဲ သောက်ပြီ၊ ကျွန်တောယ် ပြောချင်တာလည်း ဒီ သဘောမျိုးပါ၊ ကျွန်တော်ပဲ တယောက်ထဲ သောက် တယောက်ထဲ ပြောနေသလိုဖြစ်နေတယ် မဟုတ်လား။”

ကောင်းထက်လင်း ဘာမှ ခွန်းတုံ့ မပြန်တော့ဘဲ ငြိမ်နေလိုက်သည်။ သူ့ဖက်က လောနေရန် မလိုပါ။ ဝဏ္ဏရှိန် ရင်ဖွင့်လာသည်ကို စောင့်ရန်သာလို တော့သည်။ ဝဏ္ဏရှိန် နောက်တခွက် ထပ်ငှဲ့နေစဉ် စားပွဲထိုးက စားစရာ တွေလာချ၍ စကားခနရပ်သွားကြသည်။

“ ကျွန်တော် တခြားမိန်းမတယောက်နဲ့ ပတ်သက်ခဲ့မိတယ် ကိုလင်း”

ဖြစ်နိုင်ခြေတခု ဖြစ်သော်လည်း ဒီလောက် အထိကောင်းထက်လင်း မျော်လင့် မထားမိခဲ့ပါ။

“ ဖြစ်ရလေကွာ၊ ဘယ်က မိန်းမလဲ”

“ ရုံးကပါပဲ၊ အကိုတော့သိမှာ မဟုတ်ဘူး နောက်မှ ဝင်လာတာ၊ ကျွန်တော်လဲ ထိန်းပါတယ်၊ ရှောင်ပါတယ် ဒါပေမယ့် …. မရဘူးဖြစ်သွားတယ် ကိုလင်းရယ်”

ခုတိုင်းဆိုလျင် ဆွေဇင့် အလွန် လို့ ပြောရန် မရှိတော့ပါ။ ထို့ကြောင့် ကောင်းထက်လင်း က

“ ဆွေဇင်က ဒါကို သိသွားတယ်ပေါ့”

“ ဟုတ်တယ် သိတာမှ ခရေစေ့တွင်းကျ ကိုသိတာ၊ ပြောရင် အကို ယုံမှာ မဟုတ်ဘူး၊ ဘယ် သွားတယ်၊ ဘာလုပ် တယ် ၊ ကောင်မလေး ဘာအဝတ်အစားဝတ်ထားတယ် ဆိုတာက အစ သိနေတာ၊ကုန်ကုန် ပြောမယ်ဗျာ ဟိုတယောက် အတွင်း ခံ အရောင်ကို တောင် ကွက်တိပြောတာ”

အရက် ရှိန်ကြောင့် မဟုတ်ပါဘဲ ကောင်းထက်လင်း ခေါင်းတွေ ရီဝေလာသည်။

“ ဝဏ္ဏရှိန် အစက ပြောကွာ၊ ငါမသောက်ပဲနဲ့ မူးလာပြီ”

“ ဒါဆိုလဲ သောက် ကျွန်တော် လဲသောက်မယ်၊ ပြီးရင် အစကကို ပြောပြမယ်”

ဝဏ္ဏရှိန် အမြည်းစားသည် အရက်ကို ထပ်ငှဲ့သောက်သည်။ ကောင်းထက်လင်းလည်း ဒုတိယမြောက် ခွက်ကို သောက်ရင်း ဝဏ္ဏရှိန် ပြောလာမည်ကို စောင့် မျော်နေမိ၏။

“ ဒီလို အကိုရာ၊ မရိုမသေ တွေလဲပါမယ်၊ အကို့ကို မလေးစားတာ မဟုတ်ပါဘူး၊ အဲဒါတွေပါ ထည့်ပြောမှ ရှင်းမှာမို့ပါ”

“ အေးပါကွာ ငါနားလည်ပါတယ်၊ အရေးကြီးတာ က မင်းတို့ ဖြစ်ခဲ့သမျှသိဖို့ပဲ၊ ဒါမှလည်း ငါတတ်နိုင်သလောက် ကူညီပေးနိုင်မှာ”

ဝဏ္ဏရှိန် မျက်နှာမှာ ထူးဆန်းသည့် အရိပ်အယောင်တွေ ပေါ်လာသည်။

“ အင်းလေ၊ အကို ဝင်လာရင်တော့ ရမလားပဲ”

“ ငါ အတတ်နိုင်ဆုံးကြိုးစားပေးမယ်ကွာ ဟုတ်ပြီလား အဖြစ်မှန်သာ ပြောပြ”

“ ဒီလို အကိုရယ် အရှက်မရှိတဲ့ မျက်နှာနဲ့ ပြောရရင်တော့ ဆွေဇင်နဲ့ ကျွန်တော်ကြားမှာ လင်မယား ကိစ္စ မရှိတာ တော်တော်ကြာပြီ၊ အဲဒါကလည်း အကို့ ညီမ က စိတ်မဝင် စား တော့လို့ ငြင်းနေလို့”

ကောင်းထက်လင်း ငြိမ်နေလိုက်သည်။

“ ကျွန်တော်ချော့တယ် ချောက်တယ် မရဘူး၊ အကို့ညီမက ခေါင်းမာတယ်၊ အတင်းကာရော ကြီးလဲ မလုပ်ချင်ဘူး၊ ကျွန်တော် စိတ်ညစ်ခဲ့ရတာကြာပြီ၊ ကိုလင်း စဉ်းစား ကြည့်ပေါ့၊ အိမ် ထောင်သည် ယောက်ျားတယောက် အနေနဲ့ ကိုယ့် မိန်းမနဲ့ လင်မယား လိုနေချင်တာ ကျွန် တော်မလွန်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စတခုပဲ သူပျက်ကွက်တာပါ တခြားဝတ္တရားတွေ တော့ လုံး၀ မပျက် ကွက်ပါဘူး၊ နောက် တော့ ကျွန်တော်လည်းတဏှာရူး မဖြစ်ချင်တာနဲ့ ဖာသိ ဖာသာပဲ ထားလိုက်တော့တယ်”

“ ငါကြားဖူးတာကတော့ မိန်းမတွေ ဟာ သားသမီး ရပြီးနောက်ကျရင် သူတို့ စိတ်ထဲမှာ ကလေးပဲ ရှိတော့ ဒီလိုမျိုးတွေ စိတ်ကုန်တတ်တယ်လို့ ပြောကြတာပဲကွ”

“ မဟုတ်ဘူး အကို ကလေး မွေးပြီးစကတောင် ဒီလို မဟုတ်ဘူး၊ မွေးပြီးလို့ လေးဆယ့် ငါးရက်ပြည့် တော့သူ တက်တက်ကြွကြွ ပါပဲ။ လွန်ခဲ့တဲ့ ကိုးလ တနှစ်လောက်က မှ ဖြစ် သွားတာ”

ကိုယ်တိုင်က အိမ်ထောင်သည် မဟုတ်သဖြင့် ကောင်းထက်လင်း ဘာကို ဝေဖန်ရမှန်း မသိတော့ပါ။ ဝဏ္ဏရှိန် ဆက် ပြောလာတာကိုပဲ စောင့် နားထောင်ရတော့သည်။

“ အမှန် ပြောရရင် အကိုရယ် ဆွေဇင်နဲ့ ကျွန်တော်က သမီးရည်းစားဘ၀ မှာထဲက ခုလိုကိစ္စ တွေရှိခဲ့ ပြီး သား၊ ပထမဆုံး အကြိမ်တုန်းကတောင် သူဒီလောက်မငြင်းခဲ့ဘူး”

ဒါကိုတော့ ကောင်းထက်လင်း အလွန်အံ့သြမိပါသည်။ ခုလို ခေတ်ကြီး က သမီးရည်း စားတွေကြားမှာ လိင်ကိစ္စ က သိပ်မဆန်းကြယ်တော့သည် မှန်သော်လည်း ဆွေဇင့်လို စည်းကမ်းရှိ သည့် မိန်းကလေးက ချစ်သူဘ၀ မှာနယ်ကျော်ခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ဟု ကောင်းထက်လင်း ထင်ထားခဲ့သည်။

“ အကိုနဲ့ စမိတ်ဆက် မပေးခင်ထဲက ပြီးပြီးသား”

“ ငါနဲ့ မိတ်ဆက်ပေးတုန်းက မင်းတို့ ရည်းစားဖြစ်ခါစပဲ ရှိသေးတယ်လေ”

“ ဟုတ်တယ်၊ ဒီအဆင့် ကို ခပ်မြန်မြန်ရောက်သွားလို့ ကျွန်တော့်ကိုယ်ကျွန်တော် တောင် အံ့သြနေတာ၊ဒါေပေမယ့် တကယ်ပြောတာပါ ကိုလင်း၊ဒီလို လိုက်လျောခဲ့တဲ့ အတွက်သူ့ကို လုံး၀ အထင်မသေးခဲ့ပါဘူး၊ ပိုတောင် ချစ်သွားပါ သေးတယ်”

“ ကဲပါ ထားတော့၊ ဟိုတယောက် အကြောင်းဆက်ပါဦး”

ဝဏ္ဏရှိန် စဉ်းစားသလို ငြိမ်နေသည်။ အမြည်းစားလိုက်၊ အရက်မော့လိုက် လုပ်နေသေး၏။ ကောင်းထက်လင်း စိတ်ရှည်စွာပင် စီးကရက် ဖွာရင်း ထိုင်စောင့် နေလိုက်ပါသည်။

“ အတိုချုံးရရင် အကိုရယ်၊ ကောင်မလေးက အပျို မဟုတ်ပါဘူး တခုလပ်၊ ကျွန်တော် အိမ် ထောင်သည် မှန်းလဲ သူသိတယ်၊ သိသိနဲ့ကို တိုးလာတာ၊ ဆွေဇင့် ကြောင့် ငတ်နေတဲ့ ကျွန် တော်လဲ မရှောင်နိုင်တော့ဘူး”

ကြောင်ခံတွင်းပျက် နှင့် ဆက်ရက်တောင်ပံကျိုး ဇာတ်လမ်းလို့သာ ဆိုရတော့မည်။ သို့ သော် ဒီဇာတ်လမ်း၏ နောက်ဆက်တွဲက မကောင်းသည်မှာ လက်တွေ့ပင်ဖြစ်သည်။

.........................

“ ဆွေဇင်က မင်းကို အကြောင်းတခုခု နဲ့ စိတ်ကွက်တာဆိုလည်း ခန ပေါ့ကွာ၊ ရေရှည်ကို ကြည့်ရမှာပေါ့၊ ဆွေဇင့် ကို စိတ်ကုန်တယ် ဆိုရင်တောင် ကလေးက ရှိသေးတယ်”

“ မရှောင်နိုင်တော့ဘဲဖြစ်ကြပြီးတော့ ကျွန်တော် ပြောတယ်ကိုလင်း၊ သူက ရတယ်တဲ့။ ဆွေဇင့်ကိုလည်း မိန်းမသားချင်း ကိုယ်ချင်းစာပါတယ်တဲ့၊ သူ့ကြောင့်လင်မယား မကွဲစေရပါဘူးလို့ ကတိပေးတယ်”

တကယ့်ကို စေတနာရှင်မလေးပါပေ။ ဒါပေမယ့် သူ့စေတနာတွေက ဝေဒနာ ဖြစ်ခဲ့ရသည်။

“ တပတ်တခါ နှစ်ခါ လောက်တွေ့ဖြစ်တယ်၊ တွေ့ရင်လည်း လူထဲသူထဲ မသွားပါဘူး၊ တည်းခိုခန်းလို မျိုးသွားကြတယ်”

ဖေါက်ပြန်ပါသည် ဆိုမှ လူသိရှင်ကြားလျှောက်သွားချင်သေသလားဟု စိတ်အချဉ် ပေါက်မိသော်လည်း ဝဏ္ဏရှိန် ကို အခုအချိန်မှာ စိတ်အနှောက်အယှက် မပေးချင်သော ကြောင့် ကောင်းထက်လင်း နှုတ် ဆိတ်နေလိုက်သည်။

“ အလုပ်ထဲက လူတွေတောင် မသိကြဘူး၊ ရုံးမှာ ဆိုရင် ခပ်မှန်မှန် ပဲ နေကြတာပါ”

“ ကဲ၊ ဟုတ်ပါပြီကွာ၊ နောက်တော့ ဆွေဇင်က ဘယ်လိုသိလို့ ဘယ်လို ပြသနာ စရတာလဲ”

ဝဏ္ဏရှိန် စဉ်းစားနေပြန်သည်။ စဉ်းစားတာလည်း ဟုတ်ချင်မှ ဟုတ်မည် အရက်သောက်ဖို့ အချိန်ယူနေတာလည်း ဖြစ်နိုင်၏။ ထို့ကြောင့် သူ့ထံက စကားထွက်အလာကို စောင့်ရင်း ကောင်းထက်လင်းလည်း ကိုယ့်ခွက်ကို ကိုယ်ရှင်းပြီး ထပ်ငှဲ့လိုက်ရသည်။

“ အဲဒီနေ့က နဲနဲ စကားများတယ်၊ ဘာရယ်လို့ မဟုတ်ပါဘူး စကားပြောရင်း တယောက်တ ခွန်းပြော မိတာ လေးလောက်ပါ၊ ဒါပေမယ့် ကျွန်တော်က လည်း ကြမ္မာငင်တာလား မသိဘူး၊ သူူကျွန်တော့် ကို ခွင့်မပြုတဲ့ ကိစ္စ ထည့်ပြောလိုက်မိတယ်၊ သူက ကြည်ပြာ့ဆီ သွားပါလား တဲ့”

တဖြည်းဖြည်း နှင့် အဓိက ကျသော နေရာသို့ရောက်တော့မည် ဆိုတာ ရိပ်စားမိပြီး ကောင်းထက်လင်း ကိုယ်ကို ခပ်မတ်မတ်ပြင်ထိုင်လိုက်ပြီး ဂရုစိုက် ၍ နားထောင်နေမိသည်။

“ ကြည်ပြာ ဆိုတာ ကျွန်တော်နဲ့ တွဲနေတဲ့ ကောင်မလေးလေ၊ သူက ပြောလာတော့ ကျွန် တော် လည်း အစပိုင်းတော့ မဟုတ်ဘူးဆိုပြီး ဇွတ်ခံငြင်းတာပေါ့၊ နောက်တော့ သူပြောပြတာတွေက အရမ်းကို အသေးစိတ်ကျလာတော့ ကျွန်တော် ကြောက်တောင်ကြောက်လာတယ်၊ဘာမှ ကို ပြန်မပြော နိုင်တော့ဘူး”

“ မင်းအခု နပြောသလို အတွင်းခံက အစပေါ့ ဟုတ်လား”

ဝဏ္ဏရှိန် မျက်နှာ နီနေ၏။ အရက်ကြောင့်လား အရှက်ကြောင့် လားဆိုတာကိုတော့ ကောင်း ထက်လင်း မဝေခွဲတတ်ပါ။

“ ကြည်ပြာ့ … ဒီ … အပေါ်အပေါ် … လေးကို မွှေးတယ် ဆိုပြီး ကျွန်တော် ယူနမ်းဖူးတယ် အကို၊ အပေါ်က ဟာပါ၊ အောက်က ဟာ မဟုတ်ပါဘူး၊ အဲဒါကို ဆွေဇင်က နမ်းတဲ့ အ ကြောင်း အပြင် အရောင်ကိုပါပြောတာ”

ကောင်းထက်လင်း ဘာကိုမှ မဝေခွဲတတ်တော့။ သို့သော် ခေါင်းထဲ ကို အတွေးတခု ဝင်လာ သောကြောင့်

“ မင်းကောင်မလေး ကြည်ပြာက၊ မင်းတို့ အိမ်ထောင်ရေးမထိခိုက်စေရ ပါဘူးလို့ ပြောပေမယ့် တဖက်လှည့်နဲ့ ဆွေဇင့်ကို ဒီအကြောင်းတွေ သိသွားအောင်လုပ်တာ မဖြစ်နိုင်ဘူးလား”

ဝဏ္ဏရှိန်က ခေါင်းကို ခါရင်း

“ အကို တွေးသလို ကျွန်တော်လဲ တွေးမိလို့ နှစ်ယောက်လုံးကို မေးတယ်၊ ကြည်ပြာက မဟုတ် ရပါဘူး လို့ ကျိမ်တွယ်ပြောတယ်၊ ဆွေဇင့်ကိုမေးတော့ သူ့ကို ကြည်ပြာပြောတာ မဟုတ်ဘူး၊သူဘယ်လို သိတယ် ဆိုတာပြောဖို့ အကြောင်း မရှိဘူးတဲ့၊ အရေးကြီးတာကအဖြစ်မှန် ဖို့ ပဲတဲ့”

“ ဟုတ်ပြီ၊ မင်းအကြောင်းတွေ ပေါ်သွားတော့ ဘာဆက်ဖြစ်လဲ၊ မင်းလဲငြင်းမရတော့ ဘူးဆို တော့”

“ ဒါတွေ အားလုံး သူငြင်းခဲ့တာတွေကြောင့် ဖြစ်ရတာ ဆိုပြီး၊ အကိုရာ ကျွန်တော် ရှက်ရမ်း ရမ်းပြီးတော့ သူ့ကို အတင်း … အတင်းကြံဖို့ လုပ်မိတယ်၊ အဲဒီတော့ အကိုရာ………………”

..............................

ဝဏ္ဏရှိန် တုံ့ဆိုင်းသွားပြန်သည်။ လက်ထဲက ခွက်လွတ်ကို ငူငူကြီး ကြည့်နေ၏။ ကောင်းထက်လင်းက အလိုက်တသိနှင့် အရက်ငှဲ့ ပေးလိုက်သည်။

“ ရေရော ဦးမလား”

“ ရတယ် ပြီးမှ သောက်မယ်”

ဝဏ္ဏရှိန် အရက်ကို ဒီအတိုင်းမော့ချလိုက်ပြီးမှ ရေသောက်သည်။

“ အဲဒီမှာ အကိုရယ်… ကန်တော့ပါရဲ့… သူ့ထမိန် ကျွန်တော်ဆွဲလှန်လိုက်တော့ အောက်ပိုင်း တခုလုံး၊ ဟိုဒင်း .. ပေါင်ရင်းဖက် နဲ့ ဆီးစပ် မှာရော၊သူ့ မိန်းမ.. မိန်းမ .. အဲဒါ တဝိုက်မှာ ရော ဒါဏ်ရာတွေ အများကြီးပဲ”

မမျှော်လင့်သော စကားကြောင့် ကောင်းထက်လင်း မျက်လုံးပြူးသွားရသည်။ ဝဏ္ဏရှိန် အရမ်းမူးနေပြီလားဟုလည်း သေချာစွာစောကျောမိ၏။ ဝဏ္ဏရှိန် မူးနေပြီ ဖြစ်သော်လည်း သိပ်ပြီးရုပ် ပျက် ဆင်းပျက်မူးနေတာ မျိုးမဟုတ်သဖြင့်

“ ဒါဏ်ရာ တွေ၊ ဘယ်လို ဒါဏ်ရာတွေလဲ”

“ ဆူးချွန် နဲ့ ထိုးထားသလိုမျိုး၊ နောက် အချွန်နဲ့ ကုပ်ခြစ်ထားသလို တွေလဲပါတယ်။ တချို့ ဒါဏ်ရာတွေ ဆို လတ်လတ် ဆတ်ဆတ်တွေ၊ သွေးစေး တွေတောင် မခြောက်သေးဘူး”

“ ဟုတ်ရဲ့လားကွာ၊ ငါတော့ နားမလည် နိုင်တော့ဘူး”

“ ကျွန်တော် မရူးသေးပါဘူး ကိုလင်းရာ၊ အခုလဲ လူမှန်းမသိမူးနေတာ မဟုတ်ပါဘူး၊ ကျွန်တော် တကယ်ကြုံ ခဲ့တာကို ပြောတာပါ”

“ ကဲပါ ထားတော့၊ မင်းဆက်လုပ်ဖြစ်သေးလား”

“ ဘယ်လုပ်ဖြစ်တော့ မှာလဲ၊ သူ့ကို ဘာဖြစ်တာလဲ အတင်းမေးတော့ တာပေါ့၊ သူ့အသက် အသေခံမယ် မပြောဘူးတဲ့”

ဒီတခါ အရက်ကို ရေမရော ဆိုဒါ မရောဘဲ မော့ချလိုက်မိသူက ကောင်းထက်လင်း ဖြစ်သည်။

“ ဟုတ်တယ်၊ အကို သောက်၊ ဒါတွေသိရင် အကိုလဲ သောက်ချင်စိတ်ပေါက်သွားမယ် ဆိုတာ ကျွန်တော် သိတယ်”

“ မင်းငါ့ကို နောက်နေတာ များလားကွာ”

“ မနောက်ပါဘူး၊ အကိုရာ၊ ဆက်နားထောင် ပြောပြမယ်”

ကောင်းထက်လင်း အရက်ထပ်ငှဲ့လိုက်သည်။

“ နောက်တော့ သူအခန်းထဲက ထွက်သွားတယ်။ တော်တော် နဲ့ပြန်မလာဘူး၊ ကျွန်တော် မနေနိုင်လို့ လိုက်သွားတော့ ဝရန်တာမှာ ထွက်ထိုင်နေတယ်။ ပြန်ခေါ်တာ မလိုက်ဘူး၊ မေမေ နိုးသွား မယ် ဆိုတော့ မှ လိုက်လာတယ်၊ အထဲရောက်တော့ လည်း ကုတင်ပေါ်မှာ ဒူနှစ်လုံးပိုက်ပြီး ထိုင်နေတယ်။ တညလုံး မအိပ်ဘူး၊ ကျွန်တော့် ကိုလဲ စကားမပြောဘူး၊ ကျွန်တော်လဲ ဘယ်အိပ်လို့ ရတော့မလဲ၊ မနက်ကျတော့ ကျွန်တော့်ကို ပြောတယ် သူနဲ့ ကွာရှင်းပေးပါ တဲ့”

“ မင်းက ဘာပြန်ပြောလိုက်လဲ”

“ စဉ်းစားပါဦးလို့၊ ကျွန်တော့်ဖက်က အမှားတွေ အတွက်တောင်းပန်တယ်၊ နောက်မဖြစ်စေရ ပါဘူး လို့ပြောပြီး ကျွန်တော် က အလုပ်သွားလိုက်တယ်။ ပြန်လာတော့ ကိုလင်း ညီမ က ကွာ ရှင်းစာချုပ်တွေ တောင် ပြင်ဆင်ပြီးနေပြီ။ သူ့ လက်မှတ်တောင် ထိုးထားပြီးပြီ၊ ကျွန်တော့ကို လည်း ငိုပြီးတောင်းပန်တယ် လက်မှတ်ထိုးပေးပါတဲ့၊ ထိုးမပေးရင်း ဝရန်တာ က ခုန်ချလိုက် တော့မယ်တဲ့၊ ညကထဲက ခုန်ချဖို့ စဉ်းစားနေတာ ကျွန်တော် ထွက်လာလို့ ခုန်မချဖြစ် လိုက်ဘူးတဲ့”

ဝဏ္ဏရှိန် အသံက တဖြည်းဖြည်း ဆို့နင့်ကြေကွဲလာသည်။ ကောင်းထက်လင်း လည်းကြားဖြတ် မပြောတော့ဘဲ အသာနားထောင်နေမိသည်။

“ သားလေးကို ထောက်ပါဆိုတာတောင် မရဘူး၊ နောက်ဆုံး ကျွန်တော် လက်မှတ်ထိုးပေး လိုက်တယ်။ သားလေးကို နမ်းတယ်၊ နောက်တော့ စာချုပ်တစောင်ယူပြီး အိမ်ပေါ်က ဆင်းသွားတော့တာပဲ၊ ဘာမှ မယူဘူး၊ အဝတ်တထည်ကိုယ်တခု နဲ့ ထွက်သွားတာ”

မူလက သမရိုးကျ လင်မယားချင်းကတောက်ကဆ ဖြစ်မှု လောက်လို့သာထင်ထား မိသောကောင်းထက်လင်း ဘယ်လို မှတ်ချက်ပြုရမည် မသိတော့။ ဝဏ္ဏရှိန် က အရက်တွေထပ် သောက်နေစဉ် ဦးနှောက်ကို အလုပ်ပေးပြီး ပြေရာ ပြေကြောင်း နည်းလမ်းတခုကို ရှာနေမိ သည်။

........................................

ကောင်းထက်လင်း သတိရမိလိုက်တာတခုရှိသည်။ လွန်ခဲ့သော လပိုင်းတွေက ဆွေဇင် ဖုန်း ခနခန ဆက်သည်။ အထူးသဖြင့် အခုတခေါက် ကောင်းထက်လင်း ခရီးမသွားခင်ရက်တွေကဖြစ်သည်။ ဘာမှတော့ ထွေထွေထူးထူး မပြောပါ။ မာကြောင်းသာကြောင်း နှင့် သူတို့ဆီလာ လည်ဖို့ လောက်သာပြောသည်။ သို့သော်လည်း အခုပြန်တွေးကြည့် လိုက်သော အခါဆွေဇင့် မှာ ကောင်းထက်လင်း ကို ပြောဆို တိုင်ပင်စရာ အကြောင်းတခုတလေ ရှိကောင်း ရှိနိုင်သည်လို့ ထင်မိ၏။

အဲဒီတုန်းက ဆွေဇင်သာ ပွင့်ပွင့်လင်းလင်း နှင့် ဝဏ္ဏရှိန် ၏ ပြင်ပဇာတ်လမ်းကို ပြောပြတိုင်ပင်ခဲ့ လျှင် ခုလိုအခြေအထိ မဆိုက်အောင် ကြိုတင်ညှိနှိုင်းဖျန်ဖြေပေးလို့ အချိန် မှီလျှင် မှီ နိုင်သေး၏။ အခုတော့ အခြေအနေ တွေကတော်တော် လေးကို လွန်သွားခဲ့ လေပြီ။

“ မင်း ဆွေဇင့် ကိုပြန်ခေါ်ဖို့ လိုက်မရှာ ဘူးလား”

“ ရှာတာပေါ့ အကိုရယ်၊ ရုံးက ခွင့်ယူပြီးတော့ ကိုရှာတာ၊ ဘယ်မှာ မှ မတွေ့ဘူး။ မေမေ လဲ သူနီးစပ်သလောက် လိုက်စုံစမ်းနေတာပဲ၊ ဘာသတင်းမှ မရဘူး”

“ မင်းတို့ လက်ထပ်တုန်းကတွေ့တဲ့ သူ့ အမ ဆိုတာရော၊ ခပ်ပိန်ပိန် နဲ့လေ”

“ မမမြတ်လား”

“ အေး … ဆွေဇင်က အဲလိုခေါ်တယ်လေ၊ သူ့အိမ်မလိုက်ဘူးလား”

“ သူက ရန်ကုန်မှာ မရှိတော့ဘူး၊ ကျွန်တော်တို့လက်ထပ်ပြီး ဘာမှမကြာဘူး အရင်က သူတို့နှစ်ယောက် ငှားနေတဲ့ အိမ်ကိုပြန်အပ်ပြီး ထွက်သွားတယ် ပြောတာပဲ”

“ ဘယ်ကိုလဲ”

“ အဲဒါကို ဆွေဇင်တောင် မသိဘူးတဲ့၊ နောက်ပြီးသူတို့က တကယ် ညီအမ တော်တာမဟုတ် ဘူး၊ ညီအမလို ခင်ကြပြီးတူတူ နေကြလို့ သူ့အမ ပါလို့ ဆွေဇင်က ပြောတာ”

ဝဏ္ဏရှိန် တို့ အိမ်မှာ မင်္ဂလာဆွမ်းကျွေးတော့ ရောက်လာသည့် ဆွေဇင့်၏ တဦးတည်း သော ဆွေမျိုး အဖြစ် မြတ်ဆိုသော မိန်းမကို ကောင်းထက်လင်း မှတ်မိနေသည်။ ကျန်သည့် ဆွေဇင့်ဧည့်သည်တွေက အဲဒီတုန်းက ဆွေဇင် အလုပ်လုပ်နေသည့် ကုမ္ပဏီ က ဝန်ထမ်းတွေ ဖြစ် သည်။

မြတ်ဆိုသော မိန်းမ နှင့်ပတ်သက်ပြီး ကောင်းထက်လင်း စိတ်မှာဖြစ်ခဲ့ရတာ တခုကိုလည်း ပြန်သတိရသည်။ မြတ်သည် ပိန်ပိန်သွယ်သွယ် နှင့် ကြည့်ကောင်းသော အမျိုးသမီး တယောက် ဖြစ်သော်လည်း ကောင်းထက်လင်း စိတ်ထဲတွင်သူမ ကို ရောဂါဝေဒနာ တခုခုခံစားနေရသည်ဟု  ထင်မိသည်။ အပြင်ပန်း အမူအရာ အရ ကျန်းကျန်း မာမာ ဖျပ်ဖျပ်လတ် လတ် ဖြစ်သော်လည်း ဘာကြောင့် မှန်းမသိ စိတ်က ထိုအတိုင်းထင်နေသည်။

“ ငါလည်း တတ်နိုင်သလောက် ကြိုးစားပြီး ဆွေဇင့် သတင်းစုံစမ်းပေးပါမယ်ကွာ၊ ငါတွေ့ခဲ့ရင်လည်း ရအောင် ဖျောင်းဖြ ပြီး ပြန်ခေါ်ခဲ့ပါမယ်”

ကောင်းထက်လင်း လည်း ဒီလောက်သာပြောတတ်တော့သည်။ ဝဏ္ဏရှိန် ကတော့ သိပ်ပြီးမျှော်လင့် ချက်ထားပုံ မပေါ်ပါ။

“ အကို့ ညီမ စိတ်က ထူးဆန်းတယ် ကိုလင်းရဲ့။ ကျွန်တော်က သူနဲ့ လင်မယား ဆိုတော့ ကျွန်တော် ပိုသိတယ်။ သူမလာချင်ရင် အကိုက ဘယ်လိုတောင်းပန်တောင်း ပန်ရမှာ မဟုတ်ဘူး၊ သူ အကို့ ကို ဘယ်လောက်ခင်တယ် ဆိုတာ အကိုလဲသိ၊ ကျွန်တော်လဲ သိတယ်။ ဒါပေမယ့် ဒီနေရာ မှာတော့ အကို့စကားနားထောင်လိမ့် မယ်လို့ တထစ်ချ ပြောလို့ မရဘူး”

ရေရေ ရာရာ အဖြေမရဘဲ အရက်ဆိုင်က ထထွက်လာချိန် မှာ ညကိုးနာရီကျော် သွားလေပြီ။သူ့အိမ်မှာလိုက် အိပ်ဖို့ ဝဏ္ဏရှိန် ခေါ်တာကို ညင်းပြီး ကောင်းထက်လင်း ပြန်ခဲ့သည်။ အရမ်းမူးနေသည့် ဝဏ္ဏရှိန် ကို အိမ်အောက်လှေခါး၀ အထိလိုက်ပို့ပေးလိုက်သည်။ ပြီးတော့ အိမ် ပြန်ဖို့ တက္ကစီ ရလို ရငြား လမ်းပေါ်မှာ ကြည့်ရင်း ကောင်းထက်လင်း လမ်းလျှောက်နေမိ၏။

...................................

ကောင်းထက်လင်း ကံဆိုးချင်တော့ တက္ကစီ အလွတ်နှင့် မတိုးဘဲ လူပါလာပြီးသားတွေ နှင့် တိုးသည်။ အကြုံလိုက်ဖို့ကလည်း လမ်းကျောမသင့်တာတွေ ချည်းဖြစ်နေ၏။လျှောက်ရင်းလျှောက်ရင်း ခြေညောင်းလာမှ တနေရာမှာရပ်ပြီးကားတား တော့ အဆင်မပြေပြန်ပါ။ တချို့ကားတွေက အလွတ်လာသည့် တိုင်အောင် ရပ်မပေးတာ နှင့် ကြုံရပြန်သည်။ဒီလို နှင့်နာရီဝက်လောက်ကြာသွား၏။

“ ကားငှား မလို့လားဟင်”

ဆည်းလည်း လို အသံလေး နှင့် အတူ သင်းပျံ့သော မွှေးရနံ့ တခုပါရလိုက်၏။

“ ဟုတ်ကဲ့”

လှည့်ကြည့်လိုက်တော့ မိန်းကလေးတယောက်။ လှလှပပ ကျော့ကျော့ မော့မော့ လေးပင်။ ခုလိုအချိန် အခုလိုနေရာ နှင့် သူမ ဘယ်လိုမှ မအပ်စပ်သလိုလို ရှိသည်။ မြင်မြင်ချင်းပင် သူမကို သိသလိုလို ကောင်းထက်လင်း စိတ်မှာထင်သည်။ ထို့ကြောင့် ရှိသလောက် အလင်းရောင်တွင် သေသေချာချာ ကြည့်မိသည်။ သူမလေး ကလည်း ပြန်ကြည့်သည်။

“ ငါ့ နှယ်နော်”

ကောင်းထက်လင်း စိတ်ထဲကကျိတ်ရေရွတ် လိုက်မိသည်။ ကောင်းထက်လင်း သူမကို သိသ လိုလို ရှိသည်မှာ သိကျွမ်းဖူးသောကြောင့် မဟုတ်။ နာမည်ကျော်ရုပ်ရှင်မင်းသမီး တဦး နှင့် အ တော်လေး ကိုဆင်တူသော ကြောင့် မြင်ဖူးသည် ထင်မိခြင်း ဖြစ်သည်။ မင်းသမီး ညဖက်ကြီးကားပျက်လို့ တော့ မဖြစ်နိုင်ပါ။ လူချင်းဆင်တာသာဖြစ်ပါလိမ့်မည်။

“ ဟေ့ … အဲဒီမှာ ဈေးမတည့်ရင်လည်း ဒီဖက်ကို လာဟေ့”

အော်ပြောလိုက်သံကြောင့် အသံလာရာ ဆီလှမ်းကြည့် လိုက်ရာ လမ်းဘေးဓါတ်မီးတိုင် အောက် မှာရပ်နေသူ နှစ်ယောက်ကို မြင်ရသည်။

ကောင်မလေး မျက်နှာပျက်ပြီး တဖက် သို့လှည့်သွားသည်။ ညငှက်မ ကလေးပါလား ဟု သိလိုက်ရချိန် မှာတော့ သူမကို ကြည့်ပြီး ကောင်းထက်လင်း စိတ်မချမ်းမြေ့ ဖြစ်ရသည်။ထိုအချိန်တွင် ကောင်မလေးက ပလက်ဖောင်းစပ်သို့ ပြေးပြီး တက္ကစီ တစီးကို တားလိုက် သည်။ လမ်းမကို ကျောပေးထားသလိုဖြစ်နေသော ကောင်းထက်လင်း က ကားလာတာ ကို မမြင်လိုက်ပေ။ ဒီတစီး ကတော့ ချက်ချင်းထိုးရပ်ပေး၏။

“ ဘယ်သွားမှာလဲ”

ကားသမားက ကောင်မလေး ကို မေးသည်။ ကောင်းထက်လင်းကလည်း အနားကို ရောက်နေပြီ ဖြစ်သဖြင့် သွားမည့် နေရာကို ဝင်ပြောလိုက်မိသည်။

“ ကျောက်မြောင်း”

မထင်မှတ်ပါဘဲ နှစ်ယောက်လုံး တပြိုင်ထဲ အသံထွက်သွားသည်။ လမ်းကြုံ နေမှု အတွက်ကောင်းထက်လင်း အံ့သြနေမိဆဲ ကောင်မလေးက နောက်ခန်းတံခါးကို ဖွင့်လိုက်သည်။

“ လာလေ”

ယောင်ကမ်းကမ်းဖြင့် ကောင်းထက်လင်း ဝင်ထိုင်လိုက် အပြီးတွင်ကောင်မလေးက တံခါးကိုပြန်ပိတ်လိုက်သည်။ တဖက်ကပတ်တက် မည်ဟု ထင်မိသော်လည်း ပလက်ဖေါင်းပေါ် ပြန်တက်သွားသည်။

“ မလိုက်ဘူးလား”

မနေနိုင်တော့ လို့ကောင်းထက်လင်းလှမ်းမေး မိသည်။

“ မလိုက်ပါဘူး၊ အကို့ကို ကားတားပေးတာပါ”

ကောင်းထက်လင်း ပိုပြီး အံ့သြစေမည့် အဖြေကို ပေးပြီး ကောင်မလေး ဆက်လျှောက်သွားသည်။ သူမ ဦးတည်ရာ ဓါတ်တိုင်အောက်တွင် စောစောကလူ နှစ်ယောက်ရှိနေဆဲ၊ သူမ ကလည်း သူတို့ ရှိရာသို့ တည့်တည့် သွားနေသည်။

“ မောင်းလို့ ရပြီလားညီလေး”

“ ရတယ် အကိုမောင်း မောင်း”

ကောင်းထက်လင်း ပြန်ဖြေသံက နားမလည်နိုင်စရာ စိတ်ညစ်ညူးမှု တွေ စွန်းပေနေ၏။ ကားစထွက်လာပြီး နောက်ထပ် ဂီယာ တချက်အပြောင်းတွင် ခုန ကောင်မလေး ရှိရာ ဓါတ်တိုင်ဘေးသို့ရောက်လာ၏။ ကားသမားက ဂီယာထပ်ပြောင်းဖို့ လီဗာကို ထပ်ဖိနင်းလိုက် သော အခါဓါတ်တိုင် နှင့် ကောင်မလေး လည်းနောက်မှာ ရိပ်ကနဲ ကျန်ခဲ့တော့သည်။

.........................................................................

ဝဏ္ဏရှိန် ကိုတတ်စွမ်းသလောက်ကူညီပါမည်ဟု ကတိပေးခဲ့သော်လည်း တကယ်တန်းကျ တော့ သိပ်ပြီးမလွယ်ကူလှပါ။ ကောင်းထက်လင်းအနေဖြင့် ဆွေဇင့် ကို ဝဏ္ဏရှိန်၏ ရည်းစား နောက်တော့ ဇနီး အနေဖြင့်သာ သိခဲ့သည်။ သူမနှင့် ပတ်သက်ပြီး ရေရေ ရာရာ သိတာ သိပ် မရှိ၍ ဘယ်မှာ ဘယ်လိုရှာပြီးဖျောင်းဖျပေးရမည် မှန်း မသိတာက ခက်နေသည်။ သွားရင်း လာရင်းများ တွေ့လေမလားဟု မျက်စိဖွင့် နားစွင့် ထားတာမျိုးပဲ လုပ်နိုင်သည်။

ထို့ကြောင့် ဝဏ္ဏရှိန် ဆီ ဖုန်းဆက်ပြီးအကျိုး အကြောင်းမေးဖို့ ရာကိုပင် ကောင်းထက်လင်း ဝန်လေး နေမိသည်။ ခရီးက ပြန်လာပြီး တော့ သွားသည့် နောက်ပိုင်း ဝဏ္ဏရှိန် ဆီလည်း မရောက်ဖြစ်တော့ပါ။ သို့သော် တရက်တော့ သွားသင့်သည့် ကိစ္စရှိလာ၏။ အန်တီနန်း နှင့်တွေ့ဖို့ ဖြစ်သည်။ ကောင်းထက်လင်း နိုင်ငံရပ်ခြားမှာ ဘွဲ့လွန်ဆက်တက်ဖို့ အတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသည့် ကိစ္စ အဆင်ပြေသွား၏။

ကောင်းထက်လင်း ဒီလို အဆင်ပြေသွားတာ အန်တီနန်းကျေးဇူး မကင်းပါ။ အင်္ဂလိပ်စာ နှင့်ပတ်သက်ပြီး အန်တီနန်းက အများကြီးသင်ပြကူညီပေးခဲ့သည်။ ဒါကြောင့် အန်တီနန်းကို သတင်းကောင်း ပြောပြချင်သည်။ အန်တီနန်း စိတ်ညစ်နေချိန် မှာ ကောင်းထက်လင်း အတွက်ဝမ်းသာစရာ ကြောင့် အနည်းငယ်တော့ စိတ်လက်ပေါ့ပါးမှု ရသွားနိုင်သည်။ သူမကိုယ်တိုင်လည်း ကောင်းထက်လင်း အတွက်မျှော်လင့်ချက်ထားပြီး ကိုယ်ဖိရင်ဖိ သင်ပြပေး ခဲ့သည်မဟုတ်ပါလား။

ထို့ကြောင့် အန်တီနန်း နှင့် စကားပြောရန်၊ တဖက်က ဝဏ္ဏရှိန် အခြေအနေ ကိုလည်း စုံ စမ်း ရန် ရုံးဆင်းတာ နှင့် တန်းထွက်လာခဲ့ရာ ဟိုရောက်တော့ သော့ခလောက်ကြီး နှင့်တိုးသည်။ အပြင်သွားကြတာဆိုလျင်ပြန်လာနိုင်သောကြောင့်လမ်းထိပ်ကထိုင်နေကျဆိုင်မှာထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

ညနေခင်းပေမယ့် လဘက်ရည်ဆိုင်ထဲမှာလူရှင်းနေသည်။ အသိအကျွမ်းလည်းတယောက်မှမတွေ့။ ကောင်းထက်လင်း ထိုင်ပြီး တော်တော်လေးကြာမှ ဆိုင်ရှင်ကိုထွန်းအေး ကောင်တာကနေထလာသည်။ကိုထွန်း အေးကိုမြင်တော့ ကောင်းထက် လင်း ဝမ်းသာသွားသည်။ သူက ဒီရပ်ကွက်သားဖြစ်သည့် အပြင် လဘက်ရည်ဆိုင်ဖွင့်ထားတော့သူ့ဆီက သတင်းစုံလင်ရနိုင်သည်။

' ကိုလင်း တယောက်ထဲလား'

' ဟုတ်တယ်ဗျ၊ ဝဏ္ဏတို့ဆီလာတာ၊ အိမ်သော့ခတ်ထားလို့'

ခုံတလုံးဆွဲပြီးကိုထွန်းအေး ဘေးမှာဝင်ထိုင်သည်။

' ဝဏ္ဏရှိန်က သူ့မိန်းမ လိုက်ခေါ်တယ်ကြားတာပဲ၊ ဒါကြောင့် အိမ်ပိတ်ထားတာ နေမှာ'

' အန်တီနန်းရော၊'

' ကျူရှင်ပေါ့၊ ကလေးကိုတော့ သူတို့နှစ်အိမ်ကျော်က မမီးမီး ကြည့်ပေးထားတယ်ပြောတာပဲ'

' လိုက်ခေါ်တယ်ဆိုတာ ဘယ်ကိုလိုက်တာလဲ'

' အဲဒါတော့ မသိဘူးဗျ၊ ကျွန်တော်လဲ သူများပြောတာကြားတာ'

ဝဏ္ဏရှိန် ကလိုက်ခေါ်သည်ဆိုသည့် အတွက်နည်းနည်း စိတ်အေးသွားသည်။ ဆွေဇင်နှင့် ပတ်သက်ပြီး ဝဏ္ဏရှိန် သတင်းအစအန တခုခု ရသွားပုံရသည်။ ကောင်းထက်လင်း သိသလောက် ဆွေဇင်က တကောင်ကြွက်၊ ရန်ကုန်မှာ ဆွေနီးမျိုးစပ်မရှိ။ တခါ မြင်ဖူး သော မမမြတ် ဆိုသည့် အမျိုးသမီး အပြင် အခြားသူငယ်ချင်း မိတ်ဆွေတွေရှိကောင်းလည်း ရှိနိုင်သည်။

ဆွေဇင်သူမ ဇာတိ ကိုများပြန်သွားသလား တွေးလိုက်မိသည်။ မိဘတွေ မရှိတော့သော် လည်း ဆွေမျိုးတွေတော့ရှိနိုင်သေး၏။ ဒါပေမယ့် ဆွေမျိုးတွေ နှင့်ပတ်သက်ပြီး ဆွေဇင့်စိတ်မှာ အ ကြိတ် အခဲတခုခု ရှိပုံရသည်။ စကားစပ်လို့ပင်မပြောဖူး။ သူနှင့်အရမ်းခင်သော မသင်း ဆို သည့်  သူငယ်ချင်း တယောက်အကြောင်းသာ ပြောဖူးသည်။ ပြောဖူးတာကလည်း ကောင်း ထက် လင်း နှင့်ထိုအမျိုးသမီးကို အောင်သွယ်ပေးချင်ကြောင်း ခနခန နောက်တတ်တာမျိုး ဖြစ် သည်။


(၂၀၁၁) လောက် က ကိုဂျင် စရေးခဲ့တာ ဆိုတော့ ဖတ်တဲ့အခါ ခေတ်တော့နည်းနည်းနောက်ကျနေမလားပဲ။


အပိုင်း ( ၂ ) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment