Tuesday, August 2, 2016

သံသာစက်၌ အပိုင်း ( ၄ )

သံသာစက်၌ အပိုင်း ( ၄ )

ဂျင်ကလိ ရေးသည်။

မွှေးပျံ့နေသာ ဆတ်သားခြောက်ဖုတ် ပန်းကန်ကို ကျွန်တော့်ဖက်ဆီသို့ ထိုးပေးသည်။ တဖတ်ယူ စားလိုက်ရ၏။ ဦးလေးပြောသလို အစစ်ဖြစ်လို့ ထင်သည် စားရတာ အရသာရှိပါ သည်။

“နေ့ခင်းက မင်းကိုမြင်တော့ ငါဘာတွေးမိသလဲ သိလား လင်းလင်း”

“ဘာလဲ ဦးလေး”

“ငါ့တူ ထူးထူးခြားခြားရောက်လာတာ မိန်းမ ယူမယ့်ကိစ္စလာပြောတာ ဖြစ်မယ်လို့”

“ပေါက်ပေါက်ရှာရှာ ဦးလေးရာ”

“မသိဘူးလေကွာ၊ အကိုကြီးနဲ့ အမ ကလဲ မရှိတော့ဘူးဆိုတော့ ဒီကိစ္စ က ငါ့ဝတ္တရား ဖြစ်နေ ပြီလေ၊ ရှိနေရင်လည်း မရှက်နဲ့ ဦးလေးကိုပြော၊ ငါ့တူကြီးနဲ့ သင့်တင့်လိုက်ဖက်တဲ့ မိန်းကလေး မျိုးသာဖြစ်ပါစေ ကုန်ချင်သလောက်ကုန်ပါစေ တင့်တင့်တယ်တယ် ဖြစ်ဖို့ ဦးလေးတာ ဝန်ယူတယ်”

“ဦးလေး ဆီ သက်သက်လာတာပါ၊ မိန်းမကတော့ ယူစရာလဲ မရှိသေးပါဘူး၊ ယူချင်စိတ်လဲ မရှိသေးပါဘူး”

ဦးလေး ခေါင်းကိုရမ်းသည်။

“ဒီလိုတော့ လဲ မဟုတ်သေးဘူး လင်းလင်းရဲ့၊ အင့် ..ရော့ ထည့်ဦးလေကွာ”

ကျွန်တော့်ခွက်ထဲ အရက်ထပ်ဖြည့်ပေးပြီးနောက်မှ စကားဆက်သည်။

“ငါ့တူ အသက်ဘယ်လောက်ရှိပလဲ”

“သုံးဆယ့်ခြောက်နှစ်”

“အင်း … ဒါ အိမ်ထောင်တခုနဲ့ တည်တည်ငြိမ်ငြိမ် နေရမယ့် အရွယ်ပဲ၊ ငါလိုကောင်တောင်မှ မင်းအရွယ်မှာ အိမ်ထောင်ကျနေပြီ၊ သင့်တော်တဲ့ မိန်းကလေး ရှိလာရင် ယူလိုက်တော့”

ကျွန်တော် အထွန့်တက်မနေတော့ဘဲ ပြုံးလို့သာနေလိုက်မိသည်။ အိမ်ထောင်ပြုဖို့ကိစ္စ ကို ကျွန်တော် ဘယ်တုန်းကမှ အရေးတယူ မစဉ်းစားခဲ့ဖူးပါ။ ကျွန်တော့် မိတ်ဆွေ သူငယ်ချင်း တွေ ကလည်းဦးလေးလိုမျိုး မကြာမကြာပြောတတ်ကြ၏။ ကျွန်တော် အလေးမထားသော အကြောင်းအရာကို ဘေးလူတွေ ကအရေးထားကြခြင်းကလည်း ပြုံးချင်စရာတမျိုးပင် မဟုတ်ပါလား။

“အခု ငါ့တူက အလုပ်အကိုင်၊ ပညာအရည်အချင်း အားလုံးပြည့်စုံနေပြီ၊ ဒီတခုပဲ လိုတော့တာ”

ဦးလေးက စိတ်မလျှော့ဘဲ ထပ်ပြီးတိုက်တွန်းနေသည်။

“ကြုံတုန်းလေး ပြောရတာနို့မဟုတ်ရင် မင်းနဲ့ တွေ့ဖို့ကလည်းမလွယ်ဘူး၊ အကိုကြီးနဲ့ အမ ကျန်နေခဲ့တဲ့ မိဖဝတ္တရားကို ဖြည့်ဆည်းပေးဖို့ ဦးလေးမှာတာဝန် ရှိတယ်”

“ကျွန်တော် ယူမယ်ဆိုရင် ဦးလေးကို အရင်ဆုံးလာပြောမှာပါ”

“ငွေကြေးကတော့ မင်းလည်း မချို့တဲ့ပါဘူး၊ ဒါပေမယ့် အားလုံး ဦးလေးတာဝန်ယူမယ် ဆိုတာ တော့မှတ်ထား”

“ဟုတ်ကဲ့”

ပြီးပြီးရော ဖြင့် ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။

“ဒါမှ မဟုတ် လူပျိုကြီးပဲ လုပ်ချင်တယ် ဆိုရင်လဲ၊ မင်း ဟိုနိုင်ငံ ဒီနိုင်ငံ မသွားချင် မလုပ်ချင် တော့ဘူး ငြီးငွေ့လာပြီဆိုရင် ဒီမှာလာနေ၊ ဦးလေး ခြံက မင်းခြံပဲ ဟုတ်လား”

“ဟုတ်ကဲ့”

ကျွန်တော်က ဟန်ပြလောက်သာသောက်နေသော်လည်း အမှန်တကယ်သောက်နေသည့် ဦးလေး က ရေချိန်တက်နေပုံရသည်။

“အမှန်ကလည်း မင်းခြံပါပဲကွာ၊ ငါသေရင်မင်းလက်ထဲပဲ အပ်ခဲ့မှာ”

“ဦးလေးက ဘယ်လိုလုပ်သေဦးမှာလဲ၊ ဒီလောက်သန်သန်မာမာကြီး ရှိသေးတာ”

ဦးလေး ဘယ်လောက်အထိသန်မာကြောင်းကျွန်တော် လက်တွေ့မြင်ခဲ့ပါသည်ဆိုတာ ကို တော့ ထည့်ပြောလို့ မဖြစ်ပါ။

“စကားအဖြစ် ပြောတာပေါ့ကွာ၊ ငါ့မှာ သားသမီးကလည်း မရှိတော့ ငါရှာခဲ့တာတွေက မင်းနဲ့ ဆိုင်တယ် ဆိုတာတော့ မှတ်ထား”

“ဦးလေး မိန်းမရှိတယ်လေ”

“ဟာ …ဒီသောက် …….”

အားပါးတရ ပြောလိုက်တော့မည့်ဟန် ပြင်ပြီးမှ ဦးလေးစကားရပ်သွားသည်။ မခင်မြရင် အခန်း ထဲ ဝင်လာ၏။ ကျွန်တော်တို့ နှစ်ယောက်ကို တချက်အကဲခပ်ပြီး နောက် အခန်းမီးကိုဖွင့် ပေးပြီး ပြန်ထွက်သွားသည်။ ဒီတော့ မှကျွန်တော်လည်း ပတ်ဝန်းကျင်ကို သတိထားလိုက်မိ သည်။ အပြင်မှာ အမှောင်ထုရောက် နေပေပြီ။

မခင်မြရင် အပြင်ရောက်သည် နှင့် ဦးလေး စကားပြန်စသည်။

“မိန်းမ ဆိုတာ တကယ်တော့ တစိမ်းပဲကွ၊ သွေးသားရင်းချာမှ မဟုတ်တာ။ အရွယ်ရှိသေးရင် နောက်လင်ယူမယ့်ဟာတွေ၊ ဒင်းတို့က အိပ်ဖို့ ပဲတန်တာမျိုးကွ”

ဦးလေး တော်တော်မူးနေသလား ဟုကျွန်တော်တွေးနေမိသည်။ မူးလို့ ပြောတာလည်း ဟုတ် ချင် မှ ဟုတ်မည်။ဦးလေးက ဒီလိုပဲ ကြမ်းကြမ်းရမ်းရမ်း ပြောတတ်သည့် အလေ့ ရှိမှန်း အရင် ထဲက ကျွန်တော်သိခဲ့ပါသည်။

“ဒါဆို ဘာလို့ ဦးလေးက ကျွန်တော့်ကို မိန်းမယူခိုင်းလဲ”

“မင်းတယောက်ထဲဖြစ်နေမှာ စိုးလို့ပေါ့၊ ဦးလေးနဲ့ လာနေပါဆိုလည်း မင်းလာနေနိုင်မှာမှ မဟုတ်တာ”

ကျွန်တော် တယောက်ထဲဖြစ်နေတာတော့ အမှန်ပင်။ ဒါပေမယ့် အလုပ်ရှိသည့် အခါသွားလုပ် လိုက်၊ ပြန်လာဖြစ်သည့် အခါတွေကျလျှင်လည်း မိတ်ဆွေ အပေါင်းအသင်းတွေ နှင့်ဟေးလေး ဝါးလား နေလိုက်နှင့် ကျွန်တော့်မှာ ပျင်းရသည် သိပ်မရှိပါ။

“အကိုကြီး ကားလေး ရှိသေးလား”

ဦးလေး စကားလမ်းကြောင်းပြောင်းသွားသည်။

“ရှိတယ် ဦးလေး၊ အခုကျွန်တော် အဲဒီကားပဲ သုံးနေတာ”

“အေးအေး၊ မိဖ အမွေအနှစ်ဆိုတာ ထိန်းသိမ်းကောင်းတယ်ကွ၊ ကားကလည်း ဟောင်း နေပြီဆိုတော့ မင်းစီးဖို့အဆင်မပြေတာမျိုး ရှိရင် ဦးလေး

ဒီမှာ ယူသိမ်းထားပေးမယ် ရောင်း တော့ မရောင်းပါနဲ့ ကွာ၊အသစ်လဲစီးဖို့ ငွေလိုရင်လည်း ဦးလေးပေးမယ်”

“မရောင်းပါဘူး ဦးလေးရဲ့”

လုပ်ငန်းခွင်မှာ ဖြောင့်မှန်သူဟု လူသိများသော ကျွန်တော့် အဖေသည် ကျွန်တော့် အတွက် ပညာအမွေ အပြင် ဒီကားဟောင်းလေးတစီးသာ ထားခဲ့ နိုင်ရှာပါသည်။ ကျွန်တော့်မှာ ကား သစ် ကားကောင်း တစီး ဝယ်စီးနိုင်လောက်သည့် ဝင်ငွေရှိပါသည်။ သို့သော် ကျွန်တော်ကိုယ် တိုင်လည်း အဖေ့အမွေကားကလေး ကိုသာ စီးချင်မိသည်။

“မင်းနိုင်ငံခြားရောက် နေတဲ့ အခါ ကားကိုဘယ်လိုထားခဲ့လဲ”

“သူငယ်ချင်း တယောက်က သူ့ခြံထဲမှာ ယူထားပေးတယ် ဦးလေး”

“အင်းကွာ အဆင်ပြေရင်ပြီးတာပဲ”

အဖေ့ကို ချစ်ခင်သော ဦးလေးက အဖေ့ကားလေးကိုလည်း တန်ဖိုးထားပုံရသည်။

“အကိုကြီးတို့ ထမင်းစားတော့မလား”

မခင်မြရင် နောက်တခေါက်ပြန်ဝင်လာပြီး ပြောတော့ ဦးလေး က နာရီကိုလှမ်းမော့ ကြည့်လိုက်ရင်း

“ဟုတ်သဟ … ခုနစ်နာရီတောင် ကျော်ပြီ၊ လင်းလင်း ဆာနေပြီလားမသိဘူး၊ ကဲ ထမင်း စား ကြမယ်၊ လာလာ”

တယောက်ထဲ ဖြစ်သလိုကြုံသလို စားလာသည်မှာ နှစ်ပေါင်းမနည်းတော့သည့် ကျွန်တော့် အတွက် ထမင်းစားဖို့ စောသည် နောက်ကျသည် ဆိုတာမရှိသည့်အကြောင်း ကိုတော့ ဦးလေးကို ကျွန်တော်ပြောမနေတော့ပါ။ တော်ကြာမိန်းမယူဖို့ ထပ်ပြောနေဦးမည်။ ထို့ကြောင့် ဦးလေး ဦးဆောင်ရာသို့ ငြိမ်ငြိမ်လေးသာ လိုက်သွားလိုက်သည်။ မခင်မြရင်ကတော့ ကျွန်တော့် နောက်နားက ကပ်ပါလာ၏။ ထမင်းစားခန်း ဝသို့ ရောက်တော့မှ ကျွန်တော့်ကို ကျော်တက်ပြီး သူမက အတွင်းသို့ အရင်ဝင်သည်။ လူချင်းကပ်ပြီး ဖြတ်အသွားတွင် သူမ၏ အိနွေးသော ကိုယ်လုံးနှင့် မထိတထိလေး ဖြစ်သွားရသလို သင်းပျံ့သောရနံ့တခုကလည်း စားပွဲပေါ်မှ လွင့်နေသော ဟင်းလျာတို့၏ အနံ့ကို ကျော်လွန်ကာ နှာခေါင်း၀ သို့ကျီစယ် လာ၏။

ထမင်းစားပွဲပေါ်တွင် ဟင်းခွက်တွေ ကများလွန်းလှသည်။

“မင်းဘာကြိုက်မှန်း မသိလို့ ခြံထဲရှိတာတွေ အကုန်လုပ်ခိုင်းထားတယ်၊ အားမနာနဲ့ စားသာ စား”

အသီးအရွက်ဟင်း တွေက လတ်လတ်ဆတ်ဆတ် ဆိုတော့စားလို့ကောင်းပါသည်။ အသား ဟင်း ခွက်တွေဖက်သို့တောင် ကျွန်တော်လက်မ ရောက်ဖြစ်ပါ။ လက်ရာကလည်း မဆိုးဟု ထင်မိသည်။

“ခင်မြရင် လက်ရာကောင်းတယ် မဟုတ်လား၊ ငါ့တူမိန်းမယူပြီးရင် သူ့ဆီမှာလာသင်တန်း တက် ခိုင်းလိုက်”

မခင်မြရင်ကတော့ မျက်လွှာချပြီး ငြိမ်သက်နေသည်။ သူမလည်း ထမင်းအတူဝင်စား သော် လည်း စကားတခွန်းမှ မပြောပါ။ ဦးလေး နှင့်ကျွန်တော်သာ ပြောဖြစ်၏။ ဟင်းချက်လက်ရာ ကောင်းကြောင်းမှသည် တခြားထွေရာလေးပါး သူမနှင့်လည်း ပြောချင်သော်လည်း မခင်မြရင်၏ ဖာသိဖာသာ အမူအရာကြောင့် ကျွန်တော် ဦးလေး နှင့်သာ စကားပြောဖြစ်သည်။

ကျွန်တော်လည်း လူမှုရေး အတွေ့အကြုံ မနည်းပါ။  လူကဲလည်း အတန်အသင့်ခပ် တတ်ပါ သည်။ မခင်မြရင်၏ ပင်ကိုယ်စရိုတ်သည် ဒီလိုနှုတ်ဆိတ်ပြီး မရွံ့မရဲ နေတတ်မည့် မိန်းမစားမျိုး မဟုတ်ဟုထင်သည်။ ဦးလေး ကိုယူထားသည့် အဒေါ်တယောက် အနေဖြင့် သက်တူရွယ် တူ တူ တယောက်ကို ရှက်ရွံ့ နေသည့် ဟန်မျိုးလည်း ဟုတ်ပုံမရပါ။ နေ့လည်က ကျွန်တော် ချောင်းကြည့်မိတာကို လိုက်ကာကြားကနေဖြစ်စေ သူမ တစွန်းတစ မြင်ခဲ့ရလို့ ဖြစ်မည်ဟု တွေးမိသော အခါ ကျွန်တော်ထမင်းစားလို့ မဝင်တော့ပါ။ မခင်မြရင် ဖက်ကိုလည်း မကြည့် ရဲတော့။ထမင်းဝိုင်း သိမ်းသည် အထိ ဦးလေး နှင့်သာ စကားစမြည် အနည်းငယ်ပြော ဖြစ် သည်။

ထမင်းစားပြီးတော့ ညအတော်လေးနက်သည် အထိဦးလေး နှင့် ဧည့်ခန်းမှာ ထိုင်စကားပြော ဖြစ်သည်။ မခင်မြရင်လည်း ရှိမနေသည့် အတွက် နည်းနည်းလည်း စိတ်ပေါ့ပါးသလို ဖြစ်ရ သည်။နှစ်ပေါင်းများစွာ မတွေ့ကြရသည့် ဦးလေး နှင့်က ပြောစရာတွေ အများကြီး ရှိသည်။ ဦးလေးကလည်း ကျွန်တော့် ဘ၀ အခြေအနေ ကို သိလိုစိတ်ရှိသည့် အတွက် ကျွန်တော့်လက်ရှိ အလုပ်တွေအကြောင်း၊ ကျွန်တော် နိုင်ငံရပ်ခြားတွင် ပညာသင်ခဲ့ သည့်အကြောင်းတွေ သူ့ ကိုပြောပြရသည်။

မခင်မြရင်လည်းပျောက်နေသည်။ ညဆယ်နာရီကျော်ကျော် လောက်မှ ရောက်လာပြီး ဝင်ထိုင် သည်။ သူမကိုကြည့်ရသည်မှာ တော်တော်လေး အိပ်ချင်နေပုံရ၏။ ဦးလေးကတော့ တက်ကြွ စွာ စကားတွေ ပြောနေဆဲရှိသေးသည်။ ကျွန်တော်က မခင်မြရင်ကို အားနာသောကြောင့် စကားကို ဖြတ်ဖို့လုပ်ရသည်။

“မခင်မြရင် အိပ်ချင်နေပြီထင်တယ် ဦးလေး”

“အာ … သူကတော့ ဒီလိုပဲ၊ သူ့ဟာသူ အိပ်နှင့်လည်းရတာကို”

မျက်နှာငယ်လေး နှင့်ထိုင်ရာမှ ထလိုက်သော မခင်မြရင် ကိုအားနာပြီး ကျွန်တော်လည်း ထရပ် လိုက်မိသည်။

“ဆယ်နာရီတောင်ကျော်နေပြီ ဦးလေးရယ်၊ အိပ်ချင်မှာပေါ့၊ အိမ်အလုပ်တွေ လုပ်ထားရတော့ ပင်ပန်းလို့ ဖြစ်မှာပါ”

“သူ့အလုပ်သူလုပ်တာ ပင်ပန်းစရာလား၊ အင်းလေ ငါ့တူလဲ ခရီးပန်းလာမှာ ပဲ အိပ်ကြ တာ ပေါ့”

ကျွန်တော့်ကို အခန်း၀ အထိဦးလေး လိုက်ပို့ပါသည်။ မခင်မြရင်ကတော့ လှေခါးရင်းမှာ ရပ်နေ ခဲ့၏။ ကျွန်တော်တို့ တက်ပြီးတော့မှ နောက်ကလိုက်တက်လာသည်။

“ကဲ … အိပ်ပေတော့၊ မနက်မှ တွေ့မယ်”

ခရီးပန်းလာ၍ အိပ်လို့ကောင်းကောင်းပျော်မည် ထင်ရသော်လည်း ရုတ်တရက် ကျွန်တော် အိပ်လို့ မပျော်ပါ။ အိပ်ယာအပြောင်းအလဲ ဆိုရင်သူများတွေ အိပ်မပျော်တတ်သည့် အကျင့် ရှိတတ်ကြသည်။ ကျွန်တော်ကတော့ အမြဲလိုဟိုဒီရောက်ပြီး ခရီးသွားနေရသည့်အတွက် အိပ်ယာပြောင်းခြင်းက မထူးဆန်းတော့ပါ။ ကျွန်တော် အိပ်မပျော်ရခြင်းအကြောင်းက ဦးလေး နှင့် ခင်မြရင် အကြောင်း စဉ်းစားလိုက်မိသောကြောင့်ပင်။

စောစောကမြင်ခဲ့ရသည့် အတိုင်းဆိုလျှင် မခင်မြရင်ကိုကြည့်ရသည်မှာ တော်တော်လေး အိပ်ငိုက်နေသည်။ မျက်လုံးတွေတောင် ကောင်းကောင်း မပွင့်ချင်တော့။ ဦးလေးကတော့ရွှင်ရွှင် လန်းလန်း တက်တက်ကြွကြွ ရှိနေဆဲ။ ထို့ကြောင့် နေ့လည်တုန်းကလိုများဆိုလျှင် သူမ အတွက် အတော်ဆိုးပေမည်။ မိန်းမတွေကို အလေးအနက် ထားပုံမရသော ဦးလေး က သူလိုလျှင် လိုတာကို အရယူမည်သာ။ မခင်မြရင် ကလည်း ဦးလေးကို လွန်ဆန်နိုင်သည့်ပုံမရှိပါ။

ကိုယ်နဲ့ ဘာဆိုင်လို့လဲဟု ဖြေတွေးကြည့်သော်လည်း မြင်ခဲ့ရသည့်မြင်ကွင်းက မျက်လုံးထဲ က မထွက်ပါ။ မခင်မြရင်က ဖွံ့ဖြိုးထွား ကျိုင်း သည့်မိန်းမတယောက်ဖြစ်လို့သာ တော်ပါတော့ သည်။ သာမန်မြန်မာ မိန်းကလေးတယောက်ဆိုလျှင် ဦးလေး လက်ချက်နှင့် သွေးထွက်သံယိုတောင်ဖြစ် နိုင်သည်။ မခင်မြရင်ကတော့ ဒီဒဏ် နှင့် အသားကျနေပုံရသည်။

သေသေချာချာ စကားပြောဖူးခြင်းမရှိသေးသည့် အပြင် တွေ့တာကလည်း ဒီတရက်သာရှိ သေးသည့် အတွက်သူမ၏ စိတ်နေ စိတ်ထားကိုတော့ ကျွန်တော် မမှန်းဆတတ်ပါ။ လူကြမ်းလူရမ်း ဦးလေး ကို သည်းညည်းခံ နိုင်သည့် အတွက် စိတ်နေစိတ်ထားသိပ် ဆိုးရွားမည့် ပုံမရှိဟုသာ သာမန်အားဖြင့် တွက်ဆနိုင်သည်။

စိတ်တွေက တောင်ရောက် မြောက်ရောက် နှင့် အိပ်ယာပေါ်မှာလူးရင်းလှိမ့်ရင်း ဘယ်အချိန်မှ အိပ်ပျော်သွားသည် မသိပါ။ ကျွန်တော်နိုးလာတော့ မနက်ရှစ်နာရီခွဲ ပြီးလောက်ဖြစ်နေပေပြီ။မျက်နှာသစ်ဖို့ အောက်ကိုဆင်းလာတော့ ဦးလေး စောင့်နေသည်။

'အိပ်လို့ ကောင်းရဲ့လားကွ'

'ကောင်းလို့ အခုမှ နိုးတာပေါ့ ဦးလေးရဲ့'

'ပြီးရင် အပြင်မှာတခုခု သွားစားကြတာပေါ့ကွာ'

ကျွန်တော်မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ဦးလေးက ကားနှင့် မြို့ထဲဖက်ခေါ်သွား ပါသည်။ အစားအသောက်စုံစုံလင်လင်ရသော ဆိုင်တဆိုင်မှာ ကျွန်တော့်ကို မနက်စာကျွေး၏။ နယ်မြို့တွေမှာသာ တွေ့ရတတ်တော့သည့် မလိုင်များများနှင့် လဘက်ရည်ကို ကျွန်တော် သဘောကျသည်ဆိုတော့ ဦးလေး ကျေနပ်နေ၏။ စားသောက်ပြီးတော့ ကျွန်တော့်ကိုမြို့ထဲ သို့လိုက်ပြပါပါသည်။

မြို့ကလေးက သူ့အထိုက်အလျောက်နှင့် သူစည်ကားပါ၏။သို့သော် ကြည့်စရာလည်းများ များစားစား လည်း မရှိသဖြင့် မြို့ကိုကားနှင့်ပတ်ကြည့် ပြီးအိမ်ပြန်လာခဲ့ကြသည်။  မနက် ကထဲကမမြင်ရသောမခင်မြရင်ကို ပြန်ရောက်လာတော့မှ တချက်လှမ်းမြင်လိုက်ရပြီးနောက် မတွေ့တော့ပြန်ပါ။ ဦးလေး ခြံထဲဆင်းတော့ ကျွန်တော်လည်း သူနဲ့ အတူလိုက် သွားသည်။

အလုပ်သမား တပည့်လက်သားတွေ နှင့်ဆက်ဆံရာမှာ ဦးလေး အတော်လေးတင်းမာ ပြတ်သားသည်ကို သတိပြုမိပြီး ကျွန်တော်စိတ် မသက်မသာဖြစ်ရသည်။အခုမှ ပြန်တွေ့ ကြရသည့် ဦးလေးနှင့် တူ ဖြစ်နေသဖြင့် ကျွန်တော်သဘောမကျတာကို မပေါ်လွင်အောင် ထိန်းချုပ်ပြီး ဦးလေးနောက် ကနေသာ ရပ်ကြည့်နေမိသည်။ ဒါကိုဦးလေး လည်းရိပ်မိပုံရ၏။

'ငါ့တူကတော့ ဦးလေးကို လူကြမ်းလူရမ်းကြီးထင်မှာပဲ၊ ဒါပေမယ့် ဒီကောင်တွေ အကြောင်း ဦးလေး အသိဆုံး၊ လက်ကျောတင်းတဲ့ ကောင်တွေ မဟုတ်ဘူး၊ ငပျင်းတွေ၊ အော်နိုင်ဆဲနိုင် တွန်းနိုင်မှ အလုပ်ပြီးတော့ ဒီလို ပြောရတာ အကျင့်ဖြစ်နေပြီလေ'

အလုပ်ရှင်တို့မည်သည် မိမိ၏ အလုပ်သမားတွေက လုပ်အားနည်းနည်း နှင့် ပိုက်ဆံ များများ လိုချင်သည်ဟု ထင်တတ်ကြသည့် သဘာဝကို သိနေသည့် အတွက် ကျွန်တော်ဦးလေးကို ဘာမှပြန်ပြီးပြော မနေတော့ပါ။ အလုပ်သမားတွေ ဦးလေးကို တုန်နေအောင် ကြောက်ကြ သည်ကိုတော့ သေသေချာချာ ရိပ်မိလိုက်ပါသည်။

ခြံထဲကပြန်တက်လာပြီးနောက် ခနတဖြုတ်နားပြီးနေ့လည်စာစား ကြတော့မှ မခင်မြရင် ပြန်ပေါ်လာသည်။ အနီးကပ် မြင်ရသောအခါ မနေ့ကထက်ပိုမိုညိုးငယ်နေပြီး မျက်နှာလည်း ချောင်ကျနေသည်ဟု ကျွန်တော်ထင်မိပါသည်။ ထို့နောက် တနေ့ခင်းလုံးဦးလေး နှင့် စကားပြောလိုက် ခြံထဲ လိုက်သွားလိုက်ဖြင့် အချိန်ဖြုန်းနေရသည်။ ညနေဖက် ခနသာ အခန်းမှာ ပြန်နားဖြစ်၏။ မခင်မြရင်ကိုလည်း အရိပ်အယောင် မမြင်ရတော့ ပြန်။ ဒါကို ကျွန်တော်လည်း သဘောကျပါသည်။ မျက်နှာချင်း ခနခန ဆိုင်မိလျှင် သူမ နှင့်ဦးလေး တို့ မြင်ကွင်းက မျက်စိထဲပြန်ပြန် မြင်ယောင်ပြီး နေရ ထိုင်ရခက်၏။

ညစာစားပြီးနောက် အိမ်ရှေ့ကခုံတန်းရှည်မှာ စီးကရက်ထွက်သောက်ရင်း ကျွန်တော်တ ယောက် ထဲ ထိုင်နေစဉ် ဦးလေးရောက်လာသည်။

“ပျင်းနေပြီ လားလင်းလင်း”

ဦးလေးထိုင်သာအောင်ကျွန်တော်က တဖက်စွန်းသို့ ပိုတိုးပေးလိုက်သည်။ ထမင်းမစားကြ သေး ခင် ဦးလေးနှင့် မခင်မြရင်တို့ တိုးတိုးကြိတ်ကြိတ် နှင့်တစုံတရာ ပြောနေကြသည် ကို သတိထားမိသည်။ ထုံးစံ အတိုင်းဦးလေး ပုံစံက မာမာတင်းတင်းပုံရှိပြီး မခင်မြရင်ကတော့ တစုံတရာကို တောင်းပန်တိုးလျှိုးနေသလို ပုံပေါက်နေသည်။

“ရှုပ်လိုက်တဲ့ မိန်းမတွေကွာ၊ ငါ့တူရောက်နေပါတယ် ဆိုကာမှ သူ့အမျိုးတွေဆီ သွားလည် ချင်သတဲ့၊ ဒီရောက်ထဲက တခေါက်မှ မပြန်တဲ့သူက”

ကျွန်တော်နှင့် ဦးလေး ပြန်တွေ့ကြခြင်းကိုကြည့်ပြီး မခင်မြရင်လည်း မိဖဆွေမျိုးတွေကို တွေ့ ချင်စိတ်ပေါက်လာတာဖြစ်နိုင်ပါသည်။ သူများ လင်မယား အရေးဖြစ်သည့်အတွက် ဘာဝေဖန် ချက်မှ မပေးပဲ ကျွန်တော်ငြိမ်နေလိုက်၏။

“မင်းလည်း ကြာကြာနေမှာမှ မဟုတ်တာ၊ နောက်တပတ်မှ သွားလို့ပြောလိုက်တယ်”

“ကျွန်တော့်ကို ထမင်းချက်ကျွေးမယ့် သူမရှိမှာစိုးလို့လားဦးလေးရဲ့၊ ဆိုင်ကပဲဝယ်စားကြတာ ပေါ့”

“ချက်တာပြုတ်တာကတော့ ဘယ်သူ့ခိုင်းခိုင်းပါကွာ၊ ခြံထဲမှာလူတွေ ပြည့်လို့၊ ငါ့တူလေး တခါတလေလာတဲ့ အချိန် အိမ်ရှင်မ ရှိမှ ဖြစ်မှာပေါ့၊ နောက်ပြီးငါက ခြံထဲကလူတွေ အိမ်ထဲလာတာသဘောမကျဘူး”

သူ့ဆင်ခြေနှင့်သူဟုတ်နေ၍ ကျွန်တော်ဘာမှ ထပ်တွန့်မနေတော့ပါ။ ကျွန်တော့်ရည်ရွယ်ချက် ကလည်း နောက်တရက်နှစ်ရက် လောက်ဆိုပြန်ဖို့ ဖြစ်သည်။ ကျွန်တော်အလည်လာလို့ ဝမ်း သာနေသော ဦးလေးကို ဒီအကြောင်းကြိုတင် မပြောချင်ပါ။ ပြန်မည့်နေ့ကျတော့မှ ပြောတော့ မည်။

ကျွန်တော်နှင့် ဦးလေး တခြားအကြောင်းအရာတွေ ဆက်ပြောနေချိန်မှာ အိမ်နောက်ဖက်ဆီက စီစီ ညံညံ အသံတွေကြား လိုက်ရ၍စကား ပြတ်ပြီးနားစွင့် မိကြသည်။ မခင်မြရင်လည်း အိမ်ထဲက ထွက်လာပြီး အနားသို့ရောက်လာသည်။

“ရန်ဖြစ်ကြတာ ထင်တယ်”

မခင်မြရင် ထင်တာမှန်ပါသည်။ သူမ၏စကားတောင် မဆုံးသေးခင် ကလေးငယ်တယောက်ကို ချီထားသော မိန်းမတယောက် အမော တကောရောက်လာသည်။

“ဆရာကြီးရေ လုပ်ပါဦး၊ ဟိုမှာ ပြောမနိုင်ဆိုမနိုင်ဖြစ်နေကြပြီ”

“မူးနေကြတာလား”

“ဟုတ်တယ် ဆရာကြီး”

“သူတောင်းစား …မအေပေးတွေ၊ ကောင်းကောင်း ကိုမနေချင်ကြဘူး”

နောက်ထပ်တခွန်းနှစ်ခွန်းလောက် ဆဲရေးတိုင်းထွာပြီး ဦးလေး နောက်ဖက်သို့ ထွက်သွား သည်။ယောင်တောင်တောင် နှင့် ကျွန်တော် နောက်ကနေလိုက်သွားဖို့ ပြင်စဉ် မခင်မြရင်က အင်္ကျ ီ စကိုလှမ်းဆွဲထားပြီး ခပ်တိုးတိုး အသံဖြင့်

“ကိုလင်း လိုက်မသွားပါနဲ့၊ အကိုကြီးက သူ့လူတွေကိုသိပ်နိုင်တာ၊ ပက်ပက်စက်စက်ပြောရင် ဆဲရင် ကိုလင်းကြားထဲက မျက်နှာပူပြီးအားနာနေရလိမ့်မယ်”

ဦးလေး၏ စကားကြမ်းကြမ်းကြီး တွေကိုသူနှင့် ခြံထဲလိုက်ကြည့်စဉ်မှာ မကြာမကြာကြုံခဲ့ ပြီးဖြစ် သည့်အတွက် ကျွန်တော်လည်း လိုက်မသွားတော့ပဲ ပြန်ထိုင်နေလိုက်သည်။ လိုက်သွားစရာလဲ မလိုပါ။ သူ့လူတွေကို ဆဲဆိုကြိမ်းမောင်း နေသော ဦးလေးအသံကြီးက ကျွန်တော် ထိုင်နေရာ အိမ်ရှေ့ဖက်ခြမ်းအထိ အောင်မြင်စွာ လွင့်ပျံ့လာသည်။ အခုနက ဆူညံ နေသော ရန်ဖြစ်သံတွေ တုန့်ကနဲ ရပ်သွားသည်။

ကျွန်တော်က ပြန်ထိုင်လိုက်သော်လည်း မခင်မြရင် မထိုင်ပါ။ အတွင်းကိုလဲပြန်မဝင်ဘဲ မလှမ်း မကမ်းမှာလက်ကလေးပိုက်ပြီး ငူငူလေး ရပ်နေသည်။ ဆင်ဝင်ဖက်ဆီမှ ဖြာကျလာသော မီးလုံး အလင်းရောင် ဝါဝါက သူမ၏ ကိုယ်နေဟန် အချိုးအဆစ်ကို ပိုပြီး  ပီပြင်ထင်ရှားအောင် မီးထိုးပြ ထားသလိုရှိသည်။ ခုံတန်းရှည်မှာ လာထိုင်ဖို့ ဖိတ်ခေါ်မည်စိတ်ကူးပြီးမှ ကျွန်တော် မခေါ်ဖြစ် တော့ပါ။ ထုံးစံအတိုင်း ရောက်ခါစက မြင်ခဲ့ရသည့်မြင်ကွင်းက ကျွန်တော့် အာရုံထဲသို့ရောက် လာ ပြန်သည်။ မလုံလဲသောစိတ်ဖြင့် လှမ်းကြည့်လိုက်မိရာ ကျောက်ရုပ်တရုပ်လို တောင့် တောင့်ရပ်ရင်း အဝေးဆီသို့ ငေးမျှော်နေသည်ကို တွေ့ရသည်။

“အမရေ အမ လုပ်ပါဦး”

အမောတကောပြေးလာသည့် လူငယ်တယောက် အသံကြောင့် မခင်မြရင် ငြိမ်သက်နေရာ မှ လှုပ်ရှားလာသည်။

“အလန့်တကြားနဲ့ ဘာဖြစ်တာလဲ”

ကောင်လေး က မောနေသလို တကိုယ်လုံးလည်းတုန်ရီနေသည်။ ရုတ်တရက် သူ့နှုတ်ဖျားက စကားထွက်မလာ၊ အိမ်နောက်ဖက်ကို လက်ညိုးညွှန်ရင်း ခေါင်းတခါခါလ က်တခါခါ လုပ်နေ သည်။

“ဘာလဲဟဲ့ ပြောလေ”

“ဟိုမှာ ဆရာကြီး၊ ဆရာကြီး၊ ခေါ်လို့ မရတော့ဘူး”

ထိုင်ရာမှ ခုန်ထပြီး နောက်ဖက်သို့ ကျွန်တော်ပြေးထွက်လာမိသည်။ မခင်မြရင်လည်း ကျွန် တော့် နောက်ကပါလာသည်ဟုထင်သည်။

အိမ်နောက် ဖက်ရောက်သည်နှင့် ခြံလုပ်သားတို့ တဲအိမ်စုလေးရှေ့ တွင် လူတွေဝိုင်းအုံနေသည်ကိုမြင်လိုက်ရသည်။ခနချင်းပင် ကျွန်တော် အနားသို့ရောက်သွားပြီး လူအုပ်ထဲသို့စိုးရိမ်တကြီး တိုးဝင်ကြည့်လိုက်ရာ သွေးအိုင်ထဲတွင် မှောက်ခုံကြီးလဲ နေသော ဦးလေး ကိုမြင်လိုက်ရသည်။

“ဘာဖြစ်တာလဲ၊………ဘာဖြစ်ကြတာလဲ”

မခင်မြရင်၏ အလန့်တကြားမေးမြန်းနေသံ ကိုကြားလိုက်ရမှ ရုတ်တရက်ကြောင်ရပ်နေမိ သော ကျွန်တော် သတိဝင်လာပြီး ဦးလေးကို ပြေးပွေ့ထူလိုက်သည်။ ဦးလေး တွန့်ကနဲ လှုပ်သွားပြီး ညည်းသံလိုလို ခပ်သဲ့သဲ့ကြားလိုက်ရ ၍ ကျွန်တော် အားတက်သွားရသည်။

“ခြေထောက်က မ၊ ခြေထောက်ကမ”

အနားမှာရောက်လာသည့် လူတယောက်ကို အကူအညီတောင်းပြီး ဦးလေးကို အိမ်ရှေ့ဖက်ဆီမယူလာခဲ့သည်။ ဦးလေး၏ ဦးခေါင်းတခုလုံးမှာ သွေးတွေ မြင်မကောင်းအောင် စီးကျနေပြီး ကျွန်တော့် အဝတ်အစား တွေပင် သွေးချင်းချင်းနီအောင်ပေကျံကုန်၏။ ဦးလေးကို သယ်လာရင်း ဘာလုပ်ရမည်ကို စဉ်းစားလာ၏။ အိမ်ရှေ့မှာ ရပ်ထားသော ဂျစ်ကားကို မြင်လိုက်ရသည်နှင့် ဦးလေးကိုကားပေါ်တင်လိုက်ပြီး ကျွန် တော့်ဘေးမှာ ယောင်တောင်တောင်နှင့် အတူပါလာ သည့်  လူနှစ်ယောက်ကိုပါ ကားပေါ်တက်ခိုင်းလိုက်သည်။

မောင်းသူခုံမှာ ဝင်ထိုင်လိုက်ပြီးမှ ကားမှာသော့ မရှိသည်ကို တွေ့လိုက်ရသည်။

“ဟာကွာ …တောက်”

စိတ်တိုတို နှင့် သော့ရှာဖို့ ပြန်ဆင်းရန်ပြင် ဆဲ ကားဘေးသို့ မခင်မြရင် ရောက်လာပြီး ကျွန်တော့်လက်ထဲသို့ သော့ထည့်ပေးသည်။

“ကျွန်မ…..”

“ရတယ် နေခဲ့နေခဲ့”

မခင်မြရင်ဘာပြောချင်သည် မသိသော်လည်း အချိန်ကြာနေမှာစိုး၍ စကားထပ်မဆက်တော့ ဘဲ တရှိန်ထိုးမောင်းထွက်လာခဲ့သည်။ လမ်းမကြီးပေါ် ရောက်တော့ စိတ်ထင်ရာဖက်သို့ ကား ကိုချိုးကွေ့တက်လိုက်၏။

“အကိုလေး ဆေးရုံက ဟိုဖက်မှာ”

အလျှင်လိုပါသည်ဆိုမှ ပြန်ကွေ့ရပြန်ပါသည်။

“ကျွန်တော့်ကို လမ်းပြောပြဗျာ”

ဆေးရုံက သိပ်မသွားရပါ။ သို့သော်ဆေးရုံရောက်ချိန်တွင် ဦးလေးငြိမ်သက်နေလေပြီ။အသက် တော့ရှုနေသေး၏။

“ဘယ်လိုဖြစ်တာလဲ”

တာဝန်ကျဆရာဝန်၏ အမေးကို ကျွန်တော်ဘယ်လိုဖြေရမှန်းမသိ။ ကျွန်တော်နှင့် အတူလိုက် လာ သူနှစ်ယောက်ထဲမှ တယောက်က တုန်တုန်ရီရီဖြင့်ဝင်ဖြေသည်။

“အရိုတ်ခံရတာပါ၊”

“ဒါဆိုရင် police case ပဲ ရဲကိုတိုင်ပြီးပြီလား”

“မတိုင်ရသေးဘူး”

ဘာကြောင့်မှန်းမသိ ဆရာဝန်တုံ့ဆိုင်းနေ၏။

“ရဲမတိုင်ရင် ဆရာတို့ ကုလို့မရဘူးလား”

“အဲဒီသဘောပဲဗျ၊ ဒါပေမယ့် လူနာက သွေးအရမ်းထွက်နေပြီ၊ ခေါင်းကိုတော်တော် ထိခိုက် သွား ပုံလဲရတယ်၊ စိတ်မပူပါနဲ့ ဗျာ၊လုပ်စရာရှိတာ လုပ်ကြတာပေါ့”

ထိုအချိန်မှာပင် ရဲအရာရှိတယောက် နှင့်ရဲတပ်သား တ ယောက် ရောက်လာသည်။မခင်မြရင် ၏ ဖုန်းဆက်တိုင်ကြားမှုကြောင့်ဟု နောက်မှသိရပါသည်။ ဦးလေး၏ ဒါဏ်ရာကိုစစ်ဆေး ပြီး နောက် ခွဲစိတ်ခန်းသို့ တန်းခေါ်သွား၏။ ရဲအရာရှိလည်း ခြံထဲဆက်လိုက်သွားသည်။ ဆေးရုံမှာကျွန်တော် နှင့် နောက်တယောက် ကျန်နေခဲ့သည်။ ကျွန်တော့်ရှေ့သို့ရောက်လာသော စာရွက်စာတမ်း မှန်သမျှကို ဦးလေး ၏ တူ အနေဖြင့် လက်မှတ်တွေ ထိုးပေးလိုက်ရသေး၏။

ဆရာဝန်တွေ ခွဲစိတ်ခန်း မှာ အလုပ်လုပ်နေချိန်ကျမှ ကျွန်တော် နှင့်ပါလာသော အလုပ်သမားကို အကျိုးအကြောင်း မေးဖြစ်သည်။

“ဘယ်လိုဖြစ်ကြတာလဲဗျာ”

“မြင့်အေး ဆိုတဲ့ချာတိတ်ပေါ့၊ နောက်ကနေ ငန်းပြားနဲ့ ခုတ်ချလိုက်တာ”

“ရန်ဖြစ်တယ် ဆိုတာသူလား”

“မဟုတ်ဘူး အကိုလေး၊ မြင့်အေးက ဝင်ဖျင်တာ၊ သူလဲ ဟိုကောင်တွေနဲ့ ဆွဲရင်းလုံးထွေး နေ တာပေါ့။ အဲဒါကို ဆရာကြီးက နောက်မှ ရောက်လာတော့ မသိဘဲ ဒီကောင့်ကို လုံးနေတဲ့ကြား ထဲက ဆွဲထုတ်ပြီး လက်သီးနဲ့ ထိုးတယ်၊ မြင့်အေး လဲသွားတော့ ခြေနဲ့ ခတ်ပြီးဆဲ လိုက်သေး တယ်၊ ဒါကို သူမဟုတ်ဘဲ လုပ်ရသလား ဆိုပြီး စိတ်ဆိုးသွားတဲ့ မြင့်အေးက ရန်ဖြစ် နေတဲ့ ကောင်တွေကို ဆရာကြီး ဝင်ဆွဲနေတုန်းနောက်ကနေ ငန်းပြားနဲ့ ခုတ်ချလိုက်တာ”

ဦးလေး စိတ်မြန်လက်မြန်လုပ်တတ်သည့် အကျိုးဆက်ပေတည်း။

“အဲဒီကောင်လေးရော”

“ထွက်ပြေးသွားတယ်”

ကျွန်တော်သက်ပြင်းကိုသာ ချလိုက်မိသည်။ နောင်ဆိုလျှင်တော့ စိတ်နောက်ကိုယ်ပါ အကျင့် ကိုပြင်ဖို့ ဦးလေးကို ဖျောင်းဖျရပေမည်။ သို့သော် ကျွန်တော် ဖျောင်းဖျခွင့် မရှိတော့ပါ။ ဆရာဝန် တွေ ကုသဖို့ကြိုးစားရင်း ခွဲစိတ်ကုတင်ပေါ်မှာပင် ဦးလေး လောကကြီးကို စွန့်ခွာ သွား ရ ရှာပါသည်။

ဦးလေးရုပ်အလောင်းကို ရင်ခွဲရုံမှာ သိမ်းဆည်းသည်ကို လိုက်ကြည့်ပြီး စိတ်မချမ်းမြေ့စွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ကျွန်တော် နှင့်ဆေးရုံလိုက်လာသည့် အလုပ်သမားလဲ အပြန်လမ်း မှာ ငြိမ်သက်တိတ်ဆိတ်နေ၏။ ကျွန်တော်လမ်းမှားပြီး မောင်းတာကိုတောင် သူသတိ မပြု နိုင်အောင်ဖြစ်နေသည်။ မမျှော်လင့်ဘဲ ဖြစ်လာသည်တွေက ဆိုးရွားလွန်းလှ၏။ဦးလေး၏ သတင်းကိုမခင်မြရင် ကိုမည်သို့ပြောပြရမည်ကို ကျွန်တော် မတွေးတတ် နိုင်အောင် ရှိသည်။

...............................

ခြံထဲသို့ဝင်လာသော အခါ အိမ်ဖက်ဆီက မီးတွေ ထိန်လင်းနေပြီး လူတွေအိမ်ရှေ့ မှာစုစု၊ စုစု နှင့်မြင်ရသည်။ သတင်းမေး လာကြသော အိမ်နီးနားချင်းတွေ လည်းဖြစ်နိုင်သည်။ နီးလာတော့လူအုပ်ထဲတွင် ကျွန်တော် မျက်မှန်းတန်းနေမိသော အလုပ်သမားတွေ အပြင်လူစိမ်းအချို့ပါ တွေ့ ရသည်။ အိမ်ရှေ့မှာ ကားရပ်လိုက်သည် နှင့် လူအုပ်က ကားကိုဝိုင်းလာသည်။ ကျွန်တော် ဆင်းလာတော့ လမ်းဖယ်ပေးကြပြီး ကျွန်တော်နှင့် ပါလာသူ အလုပ်သမားကို သာ ဝိုင်းအုံနေကြသည်။ ကျွန်တော်လည်း အိမ်ထဲသို့တန်းဝင်လာခဲ့၏။

ဧည့်ခန်းထဲမှာ ခေါင်းငုံ့ထိုင်နေသော မခင်မြရင်က မော့ကြည့်သည်။ သူမနားတွင် အမျိုးသမီး နှစ်ယောက်ရှိနေပြီး မျက်နှာချင်းဆိုင်တွင် အသားညိုညို လူလတ်ပိုင်းတယောက် ထိုင်နေ သည်။ ပါးစပ်က ဦးလေးသတင်းကို ပြောမထွက်၍ မခင်မြရင် ၏ အကြည့်ကို ခေါင်းခါပြလိုက် မိသည်။ အတူတူ ထိုင်နေကြသူတွေလည်း သဘောပေါက်သွားကြပုံရသည်။ အမျိုးသမီး နှစ်ယောက်က မခင်မြရင် နားသို့ တိုးကပ်သွားကြပြီး အသားညိုညို လူက ကျွန်တော့်ဆီ ထလာသည်။

“ဟုတ်လား”

အဆက်အစပ် မရှိသော်လည်း သူ့ဆိုလိုရင်းကိုနားလည် သဖြင့် ကျွန်တော်ခေါင်းညိတ်ပြလိုက် မိသည်။

“ဆေးရုံရောက်ကထဲက အခြေအနေ က အရမ်းဆိုးနေပြီပြောတယ်၊”

 “ကျွန်တော့်နာမည် မျိုးသိန်းပါ။ ကျွန်တော်က ဒီရပ်ကွက်က ရာအိမ်မှုးပါ။ ဥက္ကဌက တော့ အခုနလေးတင်ပဲ ရုံးပြန်သွားပါတယ်၊ လိုအပ်တာ ရှိရင်ကူညီပေးဖို့ ကျွန်တော် စောင့်နေတာ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

“အကိုကလဲ ဧည့်သည် ဆိုတော့ စိတ်အေးအေးသာ နေပါ၊ နာရေးကိစ္စကို အဆင်ပြေအောင် ကျွန်တော် တို့စီစဉ်ပေးပါမယ်၊ ခြံလုပ်သားတွေလဲ ရှိနေတာပဲ”

အမှန်ပင် ကျွန်တော် ကျေးဇူးတင်မိပါသည်။ သူ့လို တာဝန်သိစွာရောက်လာသူမရှိလျှင် ကျွန်တော်ဘာလုပ်ရမှန်းမသိတာ အမှန်ပင်။ ရုတ်ချည်းဆိုသလို ပေါ်လာသည့် အပြောင်းအလဲ ကြီး ကြောင့် ခေါင်းထဲမှာလည်း ရီဝေနောက်ကျိနေ၏။ နောက်မှ ဦးလေးကို ရိုတ်သည့် ကောင်လေးကိုသတိရပြီး ကိုမျိုးသိန်းကို မေးမိသည်။

“ဟိုကောင်လေးရော”

ကျွန်တော် မေးတာကို သူလည်းသဘောပေါက်သည်။

“မမိသေးဘူးထင်တယ်၊ ဒါပေမယ့် တွေ့မှာပါ၊ ဒီချာတိတ်က အူလည်လည် လေးပါ၊ အတီးအတ နဲ့ စဉ်းစားတတ်တဲ့ ကောင်လည်း မဟုတ်ဘူး၊

ကဲ ….ကျွန်တော် ခနပြန်လိုက် ဦးမယ်၊ ပြီးမှ ပြန်လာပြီး လိုတာလေးတွေ ဝိုင်းစီစဉ်ပေးမယ်၊ မခင်မြရင် ပြန်ဦးမယ်နော်”

“ဟုတ်ကဲ့ ရှင့်၊ အခုလိုလာပေးတာ အရမ်းကျေးဇူးတင်ပါတယ်”

“ရပါတယ် အိမ်နီးချင်းတွေပဲ၊ ဒါနဲ့ ဒီအကိုလေးလဲ အင်္ကျ ီလဲ လိုက်ပါဦးလား၊”

ကျွန်တော့် အင်္ကျ ီသာမက ပုဆိုးမှာပါ သွေးတွေပေကျံနေ၏။ ခြောက်တောင်ခြောက်လုလု ဖြစ်နေပေပြီ။ခြေလက်တွေမှာပေနေသည့် သွေးတွေကိုတော့ ဆေးရုံမှာ ဆေးကြောခဲ့သည်။

“ဟုတ်သားပဲ၊ ကိုလင်း အင်္ကျ ီလဲ မြင်လို့တောင်မကောင်းဘူး၊ သွားလဲလိုက်ပါ၊ ပြီးရင် အင်္ကျ ီ ကောလုံချည်ပါ ပြန်ယူလာခဲ့၊ ချက်ချင်း လျှော်ပစ်မှရမယ်”

ကိုမျိုးသိန်းထွက်သွားပြီးနောက် မခင်မြရင်ကပါ ကျွန်တော့်ကိုတိုက်တွန်းလိုက်သည်။

“မဟုတ်တာ၊ အားနာစရာကြီး”

“အားနာစရာ မလိုပါဘူး၊ ကိုလင်း အဝတ်အစားလဲ များများစားစား ပါလာတာမဟုတ်ဘဲ နဲ့၊ ကဲပါ မြန်မြန်သွားလဲ ခဲ့”

ကျွန်တော် အဝတ်လဲပြီးပြန်ဆင်းလာသည် အထိ မခင်မြရင် လှေခါးရင်းမှာစောင့် နေသည်။ ပြီးတော့ ကျွန်တော့်လက်ထဲက အဝတ်အစားတွေ ယူပြီးထွက်သွား၏။ စောစောက ကျွန်တော် မြင်ခဲ့သည့် မိန်းမ နှစ်ယောက်လည်း ဧည့်ခန်းထဲမှာ မရှိတော့ပါ။ လူသူရှင်းနေသော ဧည့်ခန်း ထဲတွင် မနေချင်တာနှင့် အိမ်ရှေ့ဖက်ကို ထွက်လာခဲ့သည်။ တဖက်က ခုံတန်းလျားပေါ် တွင်လူသုံးလေးယောက် ထိုင်နေသည်။ သူတို့ ရှေ့နှင့် ဘေးတဝိုက်တွင်လည်း မတ်တပ်ရပ်သူက ရပ်၊ မြေပြင်မှာ ဖိနပ်ခုပြီး ထိုင်နေသူကထိုင် နှင့် လူတော်တော် များများရှိ၏။ ကျွန်တော် ထွက်လာတာ မြင်တော့ ခုံတန်းမှာ ထိုင်နေသူတွေက ပျာပျာသလဲ နှင့် နေရာဖယ်ပေးကြသည်။

“ဆရာလေး … လာလာ”

“ရပါတယ် ထိုင်ကြပါထိုင်ကြပါ၊ ကျွန်တော် လမ်းလျှောက်ချင်လို့ပါ”

ဦးလေး၏ ခြံထဲက အလုပ်သမားတွေ ဖြစ်ကြောင်း သတိထားမိပါသည်။ သူတို့လည်း ကျွန်တော့် လိုပင် ဘာလုပ်ရမှန်း မသိလို့ ထိုင်နေကြတာဖြစ်မည်။ မခင်မြရင် ကတော့ အဝတ် သွားလျှော်နေသည်။ ကိုမျိုးသိန်း တခေါက်ပြန်လာမှပဲ လုပ်ဖွယ်ရှိတာတွေ တိုင်ပင်ရမည်။

ကျွန်တော်ကလည်း သာရေး၊ နာရေး လူမှုရေး ကိစ္စတွေ နှင့် အကျွမ်းတဝင်မရှိပါ။

နာရီ မကြည့်မိ၍ အချိန်ဘယ်လောက်ရှိနေမှန်းမသိပါ။ ညတော်တော်လေး နက်နေလောက်ပြီ လို့သာ နားလည်မိ၏။ ခြံဝဖက်ဆီ သို့ဦးတည်ပြီး လမ်းလျှောက်ရင်း စီးကရက်ဖွာနေမိသည်။

ရောက်စနေ့က ရှည်လျားသည်ဟု ထင်မိခဲ့သောလမ်းက ဒီနေ့တော့ တိုတောင်းလွန်းနေသ လိုပင်။ ခြံ၀ ဆီသို့ ခနလေး အတွင်းရောက်လာ သည်။ ညဖက်ဆိုလျှင်သော့ခတ်ထားတတ်သည့် ဝင်းတံခါးကြီးကို ဒီညတော့ ချိတ်ကလေး ချိတ်ရုံချိတ်ထားသည်။ တံခါးကိုဖွင့်လိုက်ပြီး မှ အပြင်ဖက်မထွက်တော့ဘဲ အိမ်ဖက်ကို ပြန်လှည့်လာခဲ့၏။ ကျွန်တော် နှင့် တဖြည်းဖြည်း နီး လာသော အိမ်ကြီး သည် တိတ်ဆိတ်နေသော်လည်း မှောင်မဲမနေပါ။ မီးရောင်တွေ လင်းထိန် နေသည်။

.......................................................

ဦးလေးထံ သို့ အမှတ်မထင် အလည်ရောက်လာခဲ့ ခြင်းသည် ဦးလေးကို နောက်ဆုံးတွေ့ဆုံ ခွင့်ရဖို့ ဖြစ်ကြောင်း ကြို သိခဲ့လျှင် ကျွန်တော်  လာဖြစ်လိမ့်မည် မထင်ပါ။ သင်္ခ ါရ တရား ကဘာမှ မပြောပလောက်သည့် အချိန်အတိုင်းအတာတခုလေး အတွင်းမှာပင် အစွမ်းအစ ကို ထုတ်ပြသွား၏။မူလက သုံးရက်လောက်သာနေဖို့ စီစဉ် ထားရာမှ ဦးလေး ရက်လည်သည် အထိဆက်နေဖို့ ဖြစ်လာသည်။

“ကိုလင်း အလုပ်ပြန်ဝင်ရမယ် ဆို”

မခင်မြရင် က အားနာစွာပြောသည်။

“မှီပါတယ်၊ မခင်မြရင်၊ ကျွန်တော်က ဦးလေး တူ အရင်းပါ၊ ဘာမှအားနာမနေနဲ့”

အမှန်တော့မခင်မြရင် ကျွန်တော့်ကို ဆက်နေပေးစေချင်သည်။ သူမကိုယ်တိုင်လည်း ဒီအ ရပ်မှာ တစိမ်းတရံ တယောက်သာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ရှိနေခြင်း ကြောင့် သူမ လည်း အားရှိသည်။ပထမ အစီအစဉ် အတိုင်းဆိုလျှင် နိုင်ငံခြားပြန် မထွက်မှီ ရန်ကုန်မှာ တပတ်လောက် အေးအေး ဆေးဆေး နေဖို့ ဖြစ်သည်။ ခုတော့ ပြန်မထွက်ခင် နှစ်ရက်သုံးရက်လောက်သာ အချိန် ရတော့မည်။ မည်သို့ပင်ဖြစ်စေ ဦးလေး ကိစ္စ တွေပြီးမှ ဒီကပြန်ဖို့ ကျွန်တော် ဆုံးဖြတ်ထားပါသည်။ လူဆိုးလူရမ်းလို့ အများက ဆိုကြသည့်တိုင် ဦးလေး ဦးကျော်ဒင်သည် ကျွန်တော့်အ ပေါ် မှာတော့ လူကြီးသူမ တယောက်၏ ဂရုစိုက်မှု မျိုးထားခဲ့သည်။ မိဘ မရှိတော့သည့် ကျွန်တော့်ကို သူ့၏စောင့်ရှောက်မှု ပေးဖို့ ကြိုးစားခဲ့သည်။ သူမရှိလျှင် သူ့စည်းစိမ်သည် ကျွန်တော့် အတွက်ဟု သူစိတ်ရင်းအမှန် နှင့် ဆိုခဲ့ခြင်းဖြစ်ကြောင်းကျွန်တော်ရင်ထဲက သိပါသည်။

ကျွန်တော့်ကို အမွေပေးမည်ဟု ပြောခဲ့ခြင်းက နိမိတ်တခု အသွင်ဆောင်ခဲ့ကြောင်းကို အခုမှ ကျွန်တော် စိတ်မကောင်းစွာ တွေးမိသည်။

“ရက်လည် ပြီးရင်တော့ သွားမှဖြစ်မယ် မခင်မြရင်”

ကြိုတင်စီစဉ် ထားပြီးသား အကြောင်းတခုကိုပြန်ဖျက်လို့ မရကြောင်း ရှည်ဝေးစွာ ရှင်းမပြ သော်လည်း မခင်မြရင်နားလည် ပုံရပါသည်။ နေပေးသည့် အတွက်ကျေးဇူးတင်ကြောင်းသာ ထပ်တလဲလဲ ဆိုရှာပါသည်။

ကိုမျိုးသိန်းအမှုးပြုသော အိမ်နီးနားချင်း များနှင့် ခြံထဲက အလုပ်သမားများ၊ ရပ်ကွက်ထဲက လူ ငယ်များ၏ ဝိုင်းဝန်းမှုကြောင့် ဦးလေး ဈာပန ကိုအဆင်ပြေချောမွေ့စွာ ကျွန်တော်တို့ ဆောင် ရွက် နိုင်ခဲ့ကြပါသည်။ ထိုရက်တွေ အတွင်းမှာ သူအိမ်ထဲအဝင်ခံလေ့ မရှိသော အလုပ်သမား တွေ သူတစိမ်းတွေ အိမ်ထဲကိုဝင်ချည်ထွက်ချည် တရုံးရုံး နှင့် ဖြစ်နေကြသည် ကို ဦးလေး သိ လျှင် ဘယ်လိုပြောမည် မသိပေ။

ညဖက်တွင် အိမ်စောင့်ရစေရန် အကြောင်းပြု၍ လူငယ်တွေက ဖဲဝိုင်းထောင်ကြသည်။ ရပ် ကွက် တာဝန်ရှိသူ ကိုမျိုးသိန်းကလည်း မသိယောင် ဆောင်ပေးသည်။ ထပ်ပြီး ပြသနာ မဖြစ် စေဖို့သာ လူငယ်တွေကို သတိပေး၏။ ခြံထဲက အလုပ်သမားတွေကလည်း အိမ်နားတဝိုက်မှာ သာ အမြဲလိုရှိနေတတ်ကြသည်။ ဘာကြောင့်နည်းဟု စနည်းနာကြည့်သောအခါ ဦးလေးက ချောက်လှန့်တာ ရှိသလိုလို ပြောကြ၏။ ကျွန်တော့်ရှေ့တော့ ဒီလိုအသံတွေ မကြားရပါ။ ကိုမျိုးသိန်း ထံမှ တဆင့်ပြန်ကြားရခြင်းသာဖြစ်သည်။

ညဖက်ဆိုလျှင် ဦးလေးကို ခြံထဲမှာ ဟိုနားဒီနားတွေ့ရတတ်သည် ဟုဆို၏။ အလုပ်သမား အိမ် စုဖက်သို့လည်း မကြာမကြာရောက်လာတတ်သည် လို့လည်းပြောကြသည်။ သို့သော် ဦးလေး၏ ဆွေမျိုး အရင်းအချာ ကျွန်တော်နှင့် ဦးလေး၏ ဇနီးသည် မခင်မြရင် တို့ မှာတော့ အရိပ် အယောင် ထား၍ အသံ ဗလံလေးပင် မရကြပါ။

ညဦးပိုင်း တွေဆိုလျှင် မခင်မြရင် ပျောက်နေတတ်သည်။ အခန်းထဲ ဝင်နေတာဖြစ်မည်။ ကျွန်တော် ကတော့ ဟိုယောင်ဒီယောင်လုပ် နေပြီး ပျင်းလာလျှင် အခန်းထဲ ခနတဖြုတ် ဝင်နား သည်။ ဖဲဝိုင်းတွေ မှာ လိုက်ပြီးဘေးကနေ ထိုင်ကြည့်ပြီး အချိန်ဖြုန်းရသည်။ ဝိုင်းတွေက ညလုံးပေါက် ရှိနေသဖြင့် ကျွန်တော်လည်း စောစော စီးစီးမအိပ်ဖြစ်တော့၊ ညနက်သန်းခေါင်၊ တခါတရံ မိုးသောက်လုလု မှ အိပ်ယာဝင်ဖြစ်သည်။

ညဦးပိုင်း ပျောက်နေတတ်သော မခင်မြရင် သည် ဆယ့်တစ်နာရီ ကျော်လောက်ရှိလျှင် တော့ ပြန်ပေါ်လာတတ်၏။ တခါတလေ အပြင်မှာထိုင်ပြီး စီးကရက်သောက်နေတတ်သော ကျွန် တော့် ထံသို့လာပြီးစကားစမြည်ပြောတတ်သည်။ တရက်ထက်တရက် သူမ ပိုပြီးညိုးနွမ်းလာ သည်က သိသာလွန်းသည်။ သို့သော်လည်း ဆွဲဆောင်မှု ကောင်းဆဲဖြစ်သော မုဆိုးမ အသစ်စက်စက် ကလေး ဖြတ်လျှောက်သွားတိုင်း ဖဲဝိုင်း ကအသံတွေ တိတ်သွားတတ်သည်။ မနေနိုင်သူတွေက ပြည့်ဖြိုးသော ကိုယ်လုံးအလှကို တမေ့တမောလိုက်ငေးကြ၏။

ကျွန်တော် မခင်မြရင်၏ ဘဝကို စာနာနားလည်မိပါသည်။ သူမဘဝ၏ အပိုင်းအကန့်တခု ပြီး ဆုံးသွားခဲ့လေပြီ။နောက်ထပ် အပိုင်းအခြားတခုကို သူမဖြတ်ကျော်ရတော့မည်။ ဒါကို မခင် မြရင် လည်းစိုးထိတ်နေဟန် ရှိသည်။ ထူးဆန်းသည်မှာ အရင်က သူမကို တွေ့လေတိုင်း ကျွန် တော် ပြန်မြင်ယောင်တတ်သည် ကျွန်တော်ရောက်စ က မြင်ကွင်း ကိုကျွန်တော် ပြန်မြင်လေ့ ရှိသော်လည်း အခုတော့ မမြင်မိတော့ပြီ။ အိုးတိုးအန်းတန်း မခံစားရတော့ဘဲ စကားကောင်းစွာ ပြောလို့ရလာသည်။

သေသူအကြောင်းကို ရှင်သူတွေ ပြောလေ့ရှိကြသည် ဆိုသည့်အတိုင်း ကျွန်တော် နှင့် မခင်မြ ရင် ပြောဖြစ်ကြသည်က ဦးလေးအကြောင်း သာဖြစ်သည်။ ကျွန်တော် သိမှီခဲ့သမျှ၊ မှတ်သားမိခဲ့ ကြားဖူးခဲ့သမျှ ဦးလေး အကြောင်းတွေ ပြန်ပြောပြမိသည်။

တကယ်တန်းတော့ ဦးလေး နှင့် ကျွန်တော် အရင်က အတူနေဖူးခဲ့သည် မှာ တနှစ်ကျော် လောက် သာဖြစ်သည်။ ဆယ်တန်းကို တဖုန်းဖုန်းကျပြီး ပေတေနေသည့် ဦးလေးကို ထိန်းချုပ် နိုင်ရန် အဖေ က သူတာဝန်ကျရာ ဆီကို ခေါ်ထားပြီး ဆယ်တန်း ဖြေခိုင်းတုန်းက ကျွန် တော် လူမှန်းပင် ကောင်းကောင်း မသိတတ်သေးပါ။ တနှစ်ခွဲ နှစ် နှစ်သားလောက်တော့ ရှိပြီထင် သည်။ ဆယ်တန်းဖြေဖို့ အိမ်မှာပိတ်ပြီး သူ့ကို အဖေက စခန်းသွင်းမောင်းချိန်တွင် ဦးလေး အတွက် အဖေါ်ကောင်းဖြစ်ခဲ့သည်။ အမေ နှင့် အဖေ တဦးဦး မပါဘဲ ဦးလေး အပြင်မထွက် ရပါ။ ထို့ကြောင့် အားလပ်ချိန်တွေ မှာ ဦးလေး ကျွန်တော့်ကို ထိန်းရင်း ကျွန်တော် နှင့် ဆော့ ကစားရင်း အချိန်ဖြုန်းရသည်။

......................................................

ကျွန်တော့ကို အလွန်ချစ်သည်ဟု အမေ ပြောဖူးသည်။ သူအားသည် နှင့် ကျွန်တော့်ကို ကောက် ချီထားပြီး လက်ပေါ်က မချတော့။ အပြင်မှာ ပြသနာဖြစ်မည် စိုး၍ ဦးလေးကို အိမ် မှာ ဆရာခေါ်ပြီးစာသင်စေသည်။ ထိုအချိန် မှာ အဖေက ကျောင်းဆရာ မဟုတ်တော့။ ခေတ်စနစ် တခု အပြောင်းအလည်း တွင် မြေဖြူ မကိုင်တော့ပဲ ကျွန်တော့် အဖေက မြို့နယ်တခုကို အုပ်ချုပ်ရသည့် လူကြီးတယောက် ဖြစ်နေပေပြီ။ သို့သော် လည်း သူအားလပ်ချိန်များတွင် ကိုယ်တိုင် ဦးလေးကို စာသင်သည်။ စာမေးသည်။

မိဘ အိမ်မှာ နေချင်သလို နေလာသော ဦးလေးအတွက် ထိုအချိန်များသည် အတော်ကို ခက် ခဲ ခဲ့ပါလိမ့်မည်။ ကျွန်တော့်ကို သံယောဇဉ် တွယ်မိလို့သာ ကြိတ်မှိတ်နေခဲ့ သည်ဟု နောက်ပိုင်းကျမှ ပြန်ပြောတတ်ပါသည်။

ဆယ်တန်းအောင်ပြီး နောက် တက္ကသိုလ်ကျောင်းသားလုပ်ဖို့ ပြန်သွားပြီးနောက်ပိုင်း ကျွန်တော် နှင့် သိပ်မတွေ့ဖြစ်တော့ပါ။ ကျောင်းပြီးအောင် မတက်ဘဲ ထင်ရာတွေ လျှောက် လုပ်နေပြီး အဖေ ဆူမှာ စိုး၍ အိမ်ကို မလာတော့ပါ။ လာလျှင်လည်း အဖေ့ အလစ်လာပြီးချက်ချင်း ပြန်ပြေးတတ်သည်။

အိမ်ထောင်ကျပြီး နောက်မှာဦးလေး အတော်လေး ခြေငြိမ်သွားပါသည်။ အရင်လို မကောင်း သတင်း သိပ်မကြားရတော့ဒါတောင် မှ အထိုင်ကျဖို့ အတော်လေးကြာသည်။ ဇနီးသည် နှင့် အတူ ဟိုရောက်ဒီရောက် နှင့် ရေကြည်ရာမြက်နုရာ သွားရင်း အခုခြံ ကိုလုပ်ဖြစ်ပြီးတော့ မှတည်ငြိမ်သွားခြင်းဖြစ်၏။

“အကိုကြီးက တမိပေါက်တယောက် ထွန်းပေါ့နော်၊ ကိုလင်းကျတော့ အေးတယ်”

“ကျွန်တော် အေးတယ် လို့ မခင်မြရင် ဘာဖြစ်လို့ ထင်ရတာလဲ”

“ကြည့်ရုံနဲ့ သိသာတာပဲလို့”

ကျွန်တော်ရယ်လို့သာနေလိုက်သည်။ ဆိုးသည်ကောင်းသည်။ ဆူသည် အေးသည် ဆိုသော သတ်မှတ်ချက် တွေကို ကျွန်တော်သိပ်စိတ်ဝင်စား ခြင်း မရှိတော့ပါ။

ဦးလေးဈာပန သို့ ဆွေ မျိုးသားချင်း တချို့လာပါသည်။ ရက်လည်အောင် တော့ မနေကြပါ။ “ကိုလင်း ရှိသားပဲ” ဆိုသည့် အကြောင်းပြချက် ဖြင့် ခုံပူအောင်တောင် မထိုင်ပဲပြန်ကြသည်။ ဦးလေး အသက်ရှင် စဉ်ကလည်း သူတို့ တတွေ နှင့် သိပ်အစေးကပ်လှတာ မဟုတ်သဖြင့် ကျွန်တော် လည်း မတားမြစ်တော့ပါ။

“ကိုကျော်ဒင် က မင်းတို့ မိသားစုပဲ အမျိုး မှတ်တာကွ၊ သေတာတောင် မင်းလာမှ သေတာ ကြည့်ပါလား”

အမျိုးတယောက်က ပြောသွားသေးသည်။ ကျွန်တော်လည်း ဘာမှပြန် မပြောလို၍ ငြိမ်နေ လိုက်သည်။

ဦးလေး ရက်လည်ဆွမ်းကျွေးမည့်နေ့က ခြံထဲမှာ အစည်ကားဆုံး ဖြစ်သည်။ လုပ်ကိုင် ပေးမည့် ခြံအလုပ်သမား အင်အားကလည်း တောင့်တင်းရာ ကျန်ရစ်သူ မိသားစု လို့ဆိုနိုင်သည့် ကျွန်တော် နှင့် မခင်မြရင် သာလုပ်စရာ အလုပ်မရှိသလိုဖြစ်နေသည်။ မခင်မြရင်က လိုအပ် သော ပစ္စည်းများဝယ်ယူရန် ငွေထုတ်ပေးခြင်း၊ စာရင်းမှတ်ခြင်း စတာတွေ လုပ်ရသေး သော်လည်း ကျွန်တော်က ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေသည်။

အိမ်ပေါ်တက်လိုက် အောက်ဆင်းလိုက်၊ ခြံထဲသွားလိုက် နှင့် ဒီကိစ္စ တွေ မြန်မြန် ပြီးဖို့ ကြိတ်ပြီးဆုတောင်းနေမိသည်။ ပျင်းပျင်း နှင့် အပေါ်ထပ်မှာ သွားလှဲ နေရန် အလာ အပေါ်က ဆင်းလာသော မခင်မြရင် နှင့် လှေခါး အလည်မှာ ဆုံသည်။ မခင်မြရင် တော်တော် လေးချုံး ကျ သွားသည်။ နဂိုက ဖြူဖျော့ဖျော့ မျက်နှာက ပိုပြီး ဖြူရော်ကာ ညိုးနွမ်းနေ၏။ ကျွန်တော့်ကိုတော့ အပြုံးလေး နှင့် နှုတ်ဆက်ပါသည်။

“ကိုလင်း ပျင်းနေပြီလား”

“ခြေညောင်းလာလို့ ခနလှဲနေမလို့”

“အေးအေး ဆေးဆေး သာနေပါ၊ အားလုံး သူ့ဟာသူ အဆင်ပြေနေတာပဲ”

သူမက အောက်သို့ ဆက် ဆင်း ကျွန်တော်က အပေါ် ဆက်တက်လာရင်းလှေခါး တထစ်လောက် သာတက်ရသေးချိန် တွင်

“အမယ်လေး”

အလန့်တကြားအသံကြောင့် လှည့်ကြည့်လိုက်ရာ လှေခါးအတိုင်း တလိမ့်ခေါက်ကွေး ကျသွားသော မခင်မြရင်ကို မြင်လိုက်ရသည်။ ပြန်လှည့်ဆင်းလာသော ကျွန်တော် အနားသို့ရောက် ချိန် ဝယ် မခင်မြရင် ကြမ်းပြင်ပေါ်တွင် ပိုးလိုးပက်လက် နှင့် သတိလစ် နေပြီထင်ရသည်။

မျက်လုံး တွေမှိတ်ရင်း ငြိမ်သက်နေသည်။ ထူမပေးရင် အနားကပ်လိုက်ချိန်တွင် မြင်ကွင်းတခု ကြောင့် ကျွန်တော် မင်သက်မိသွားသည်။

ဘယ်လိုကနေ ဘယ်လိုဖြစ်သည် မသိ မခင်မြရင်၏ ထမိန်က အပေါ်သို့လုံးလုံးလျားလျား လန်တက်နေသည်။ ခြေတံတွေသာမက သူမ၏ လျို့ဝှက်အပ်သော အရာကိုပါ အထင်းသားမြင် နေရသည်။ ဒီအိမ်ကို ရောက်စကနေ့က မြင်ဖူးပြီးသည်ဟု ဆိုနိုင်သည့် အတွက် ထိုမြင်ကွင်းကမထူးခြားပါ။ ကျွန်တော် အံ့အားတသင့် ဖြစ်ရသည် က မခင်မြရင်၏ ပေါင်ရင်းနှစ်ဖက်နှင့် မိန်းမ ကိုယ်တဝိုက်တွင် သွေးစေး ခြောက်တွေ နှင့် များပြားလှသော ဒါဏ်ရာတွေ ကို မြင်လိုက်ရသော ကြောင့် ဖြစ်ပါသည်။

ကျွန်တော် စက္ကန့် ပိုင်းလောက်သာ တွေဝေသွားခြင်း ဖြစ်သည့်တိုင် မြင်လိုက်ရသော အရာတွေ ဓါတ်ပုံရိုတ်လိုက်သလို အာရုံမှာစွဲ၏။ မကြည့်သင့်သောနေရာမှ မျက်လုံးကို ရုတ်တရက် မဖယ်ခွာနိုင်ပါ။ ပင်ကိုယ် အသားလတ်သော မခင်မြရင်၏ နေမထိသော အတွင်းသားတို့ သည် နူးညံ့စွာ ဝါဝင်းနေ၏။ ဖေါင်းကားတင်းမို့နေသော ဆီးခုံအောက်နားတဝိုက် က သွေးစ တွေ နှင့် ဒါဏ်ရာတွေက အသားဝါဝါကြောင့် ပို၍ ထင်ရှားနေသည်။ ထိုအချိန်မှာ မခင်မြရင်၏ ကိုယ်အနည်း ငယ်လှုပ်ရှားသွားသလိုဖြစ်ပြီးနောက်တွင် ကျွန်တော်သတိဝင်လာပြီး မျက်လုံးအကြည့်ကိုလွှဲ၍ မခင်မြရင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်မိသည်။ တိုက်ဆိုင်လှစွာပင် အနီးအနားမှာ ဘယ်သူမှ မရှိ ကျွန်တော်တို့ နှစ်ယောက်ထဲသာရှိသည်။

“လာကြပါဦး၊ ဒီမှာ မခင်မြရင် လှေခါးပေါ်ကကျလို့”

အပြင်ခန်းဖက်သို့ လှမ်းအော်လိုက်ပြီးမှ မခင်မြရင် အောက်ပိုင်းကိုသတိရပြီး တခြားသူတွေ ရောက်မလာခင် အသက်အောင့်ကာ မျက်နှာလွှဲ၍ ထမိန်ကို ပြန်ဖုံးပေးလိုက်ရသည်။ အခု န အနည်းငယ် လှုပ်သည်မှ အပ မခင်မြရင် လှုပ်ရှားမလာသေးပါ။ ထမိန် ကိုပြန်အုပ်ပေးစဉ် လက်နှင့် ထိခိုက်မိခဲ့သော နူးညံ့ချောမွတ်သည့်အထိအတွေ့ကြောင့် ဖြစ်လာရသော ရင်ခုန် မှုကို ထိန်းချုပ်ဖို့ကြိုးစားနေစဉ် အနားသို့ လူတွေရောက်လာသည်။

အမျိုးသမီးတွေကို ပြုစုဖို့ နေရာဖယ်ပေးလိုက်ပြီး ကျွန်တော်ဘေးမှာ ထွက်ရပ်နေလိုက်သည်။ ကိုယ်ပေါ်မှာဒါဏ်ရာ မတွေ့ရ၊ ဆံပင်ကို ဖြဲပြီး ခေါင်းမှာ ဒါဏ်ရာရှာသူက ရှာ ခြေထောက်ကိုနှိပ်သူက နှိပ် နှင့် အလုပ်များနေကြစဉ် မခင်မြရင်၏ ခြေလက်တွေလှုပ်ရှားလာသည်။

“ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး ဘာမှ မမြင်တော့ဘူး”

သတိလည်လာလာချင်း ပြောပြီးထရပ်ဖို့ကြိုးစားသည်။ ရုတ်တရက်မရ။ ဘေးကနေ ကူတွဲ ပေးတော့မှ ရပ်နိုင်၏။ ပြီးတော့ ခြေထော့နင်းထော့နင်း နှင့် လမ်းလျှောက်ကြည့်သည်။ လက် တွေခြေတွေကို လည်းလှုပ်ခါကြည့်၏။

“သိပ်မနာပါဘူး၊ ဘာမှ မဖြစ်ဘူးထင်ပါတယ်”

စိုးရိမ်စွာ ရပ်ကြည့်နေသူတွေ ကိုပြောရင်း ကျွန်တော့်ကို လှမ်းကြည့်သည်။

“မခင်မြရင် ခနလောက်သွားနား နေလိုက်ပါလား”

ကျွန်တော့်၏ အကြံပေးချက်ကို လက်မခံပါ။

“နဲနဲပါးပါးပဲ နာတာပါ၊ တော်သေးတယ် သိပ်မမြင့်လို့”

သူမ ပြုတ်ကျခဲ့ရာဆီသို့ တချက်မော့ကြည့်ပြီး မိန်းမ အုပ်စု နှင့် အတူနောက်ဖေး မီးဖို ချောင်ဖက်သို့ ထွက်သွားသည်။ ထို့ကြောင့် ကျွန်တော်လည်း အခန်းထဲသို့ ပြန်ဝင်လာ ခဲ့သည်။အိပ်ယာပေါ်သို့ လှဲချလိုက်ချိန်တွင် ပိုးလိုးပက်လက် လန်နေသော မခင်မြရင် ကိုပြန်မြင် ယောင်လာ၏။ ထို့အတူသူမ ကိုယ်ပေါ်က ဒါဏ်ရာတွေကိုမြင်ယောင်မိသော အခါ တခါတုန်းက ဝဏ္ဏရှိန် ပြောဖူးသည့် အကြောင်းကို ပြန်သတိရမိသည်။ သူ၏ ဇနီးသည် ဆွေဇင်လတ် ထံတွင် ဒီလိုမျိုး ဝဏ္ဏရှိန် မြင်ခဲ့ဖူးကြောင်း ကျွန်တော့်ကိုပြောပြခဲ့သည်။ အဲဒီတုန်းက စိတ်ထဲ မှာသိပ်အလေးမထားမိ။ အခု မခင်မြရင် ဆီမှာလည်း ဒီလို အရာတွေမြင်ရချိန်တွင် ဝဏ္ဏရှိန် ကိုပြေးမြင်မိသည်။

ကျွန်တော် ဒေါက်တာဘွဲ့ရပြီးနောက် အမိမြေသို့ တခေါက်ပြန်လာချိန်တွင် ဝဏ္ဏရှိန် တို့ မိသားစု ရန်ကုန်မှာ မရှိတော့ပါ။ အန်တီနန်း နယ်ပြောင်းရသည့် နောက်သို့ လိုက်ပါသွားကြ သည် ဆိုတာလောက်ပဲ သတင်းရ၏။ ဝဏ္ဏရှိန် ကိုထားခဲ့ပြီး နယ်ပြောင်းရမှာစိုးသည့် အတွက် ရာထူးပင် အတက်မခံဘဲ ရန်ကုန်မှာ ပေကပ်နေခဲ့သည့် အန်တီနန်းတယောက် ဘယ်လို စိတ်ပြောင်းသွားသည် မသိပါ။ ဆွေဇင် ပြန်ရောက်မလာပါ ဆိုသည့် သတင်းကိုသာ အိမ်နီးနားချင်းတွေဆီက သိရသည်။

အကြောင်းတိုက်ဆိုင်ပြီး သူတို့မိသားစုတွေ ပြန်လည်ဆုံတွေ့ကြပါစေလို့သာ ဆုတောင်းရ သည်။ ဝဏ္ဏရှိန် နောက်အိမ်ထောင်ပြုသည်ကိုလည်း မကြားရ၍ တကယ်လို့ဆွေဇင် နှင့်သာ ပြန်တွေ့လျှင် အားလုံးအဆင်ပြေသွားမည်ဖြစ်သည်။ သူတို့ ကလေးလေး လဲ ခုလောက် ဆိုလျှင် ကျောင်းနေသည့် အရွယ်ရောက်နေလောက်ပေပြီ။ သူတို့နှင့် မတွေ့ ခဲ့သည့် နှစ်တွေ အတိုင်း သာဆိုလျှင် ကလေးက အလယ်တန်းလောက်တောင် ရောက်လောက်ပြီထင်ပါသည်။

လမ်းမှာ တွေ့လျှင်ပင် သူ့ကို ကျွန်တော် သိမှာ မဟုတ်တော့။

ဆွေဇင့် အကြောင်း မှသည် မခင်မြရင် ဆီသို့စိတ်ကပြန်ရောက်၏။ မခင်မြရင် ကိုယ်ပေါ်က ဒါဏ်ရာတွေသည် ဆွေဇင့် ဆီမှာ ဝဏ္ဏရှိန် တွေ့ခဲ့ရသည် ဆိုသော အချက်တွေနှင့် အလွန်တူ ညီနေသည်။ ခပ်ကြီးကြီး ဆူးတချောင်း သို့မဟုတ် သံချွန်ဖြင့် ထိုးစိုက်ထား၊ ဆွဲခြစ် ထားသလိုဒါဏ်ရာတွေ။

မိန်းမတွေ အကြောင်း ကျွန်တော်သိပ်မသိလှပါ။ ဒီလိုလုပ်တတ်သည့် မိန်းမတွေ ရှိကြောင်း ကို လည်း စာတွေထဲမှာ ကျွန်တော် စဉ်းစားမိသလောက် မတွေ့မိပါ။ ခုနေခါ တွင်အင်တာနက် ဝင်လို့ရလျှင် ဒီအကြောင်း ချက်ချင်းရှာကြည့်လိုက်ချင်ပါသည်။ ဖြစ်နိုင်သလောက် တွေးကြည့် ပြီး စိတ်နှင့်ဆိုင်သော ရောဂါတမျိုး ဖြစ်နိုင်သည် လို့သာယူဆမိသည်။ ဆွေဇင် နှင့် ဝဏ္ဏရှိန် ၏အိမ်ထောင်ရေးက အဆင်မပြေခဲ့သလို ဦးလေး နှင့် မခင်မြရင်၏ အိမ်ထောင်ရေးကလည်း ပြောလို့ရတာ မဟုတ်။ ကျွန်တော်က အပေါ်ယံလောက်သာ သိခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီကပြန်လျှင် ဒီလိုလုပ်တတ်သည့် မိန်းမတွေ ရှိမရှိ စူးစမ်းကြည့်သင့်သည် ဟု ဆုံးဖြတ်ထား လိုက်သည်။

ကျွန်တော် ပြန်ထွက်လာတော့ ဘာမှမဖြစ်သလိုဟန်ဖြင့် သွားလာလှုပ်ရှားနေသော မခင်မြရင်ကိုတွေ့ရ၏။

“မခင်မြရင် သက်သာရဲ့လား”

“ဟိုနားနည်းနည်းနာ၊ ဒီနားနည်းနည်း နာလောက်ပဲ ရှိပါတယ်၊ ခေါင်းလဲ နည်းနည်းဖုသွား တယ်”

အမှုမထားသလိုပြောနေသော မခင်မြရင်၏ မျက်နှာက တော်တော်လေး ညိုးလျော်နေ၏။ နားထင်နှစ်ဖက်က ချိုင့်ဝင်နေပြီး ပါးရိုးတွေလည်း ထင်ထင်ရှားရှားပေါ်နေသည်။

“တရားနာတဲ့ အခါ ကိုလင်းရေစက်ချပေးနော်”

“ဟာ မခင်မြရင် ရှိတာပဲ”

“ကူညီပေးပါ ကိုလင်းရယ်၊ အကိုကြီးကလဲ ကိုလင်း လုပ်တာကိုပိုသဘောကျမှာပါ”

မျက်နှာငယ်လေး ဖြင့်တောင်းပန်နေ၍ ကျွန်တော် သဘောတူလိုက်ရသည်။ ကျွန်တော့်ဘ၀ မှာ ဒါမျိုးပထမဆုံးလုပ်ဖူးခြင်းလည်းဖြစ်၏။ မခင်မြရင်ကတော့ ကျွန်တော့်နောက်နားခပ်လှမ်း လှမ်းမှာ ထိုင်ပြီးတရားနာ၏။

ပရဟိတ စိတ်ရှိသော ကိုမျိုးသိန်းနှင့် သူ၏ လူငယ်များကြောင့် ကျွေးမွေးဧည့်ခံရေးပိုင်း သည် လည်း အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပါသည်။ အိုးတိုက်ပန်းကန်ဆေး ပစ္စည်းတွေသိမ်း ဆည်းကာ ရပ်ကွက်ဓမ္မာရုံပြန်ပို့သည် အထိ ထောင့်စေ့အောင်ကူညီပေးကြသည်။ ထုံးစံ အတိုင်း ကျွန်တော် တယောက်သာ အရာရာတွင် လူပိုကြီးတယောက်သဖွယ်ယောင်လည် လည် ဖြစ်လာရသည်။

မှောင်စ ပျိုးလုလုတွင် အားလုံးပြီးဆုံးသွားချိန်တွင် ပိုပြီးယောင်ချာချာ ဖြစ်ရရုံသာမက စိတ် မသက်သာဖွယ်ရာတခု ထပ်မံကြုံလာရ၏။ အသုဘ ရက်လည်ဆွမ်းကျွေးပြီး ပြီဖြစ်သဖြင့် အရပ်ထဲက လာကူသူတွေလဲ ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။ ခြံထဲက အလုပ်သမားတွေ လည်းကိုယ့်နေရာ ကိုယ်ပြန်ကြသည်။ ဖဲဝိုင်းလည်း မရှိတော့။ ကျွန်တော် နှင့် မခင်မြရင်နှစ်ယောက်သာ အိမ်ကြီးထဲ တွင်ကျန်ရစ်ခဲ့၏။

ဖြစ်လာသည့် အခြေအနေကို သတိပြုမိချိန်တွင် မခင်မြရင် လည်းမျက်နှာ တမျိုးဖြစ်နေ၏။

ကျွန်တော်က ဒီတညသာ ဆက်နေပြီး မနက်ဖြန် မနက်ပြန်မည် ဖြစ်သည်။ အမှန်က ကိစ္စတွေ ပြီးသည် နှင့် မှီရာကားဖြင့် ရန်ကုန်သို့ အမြန်ပြန်ဖို့ ကျွန်တော်ဆုံးဖြတ်ထား၏။

မခင်မြရင် ကရက်လည်ပြီးနောက်တရက် မှပြန်ပါဟု ဆိုလာသဖြင့် ကျွန်တော်လည်း သဘောတူလိုက်သည်။

အဲဒီတုန်းကတော့ အခုလို နှစ်ယောက်ထဲကျန်မည့် အခြေအနေ တွေကိုကြို မစဉ်းစားမိပါ။ မခင်မြရင်လည်း တွေးမိဟန်မတူ။ ခြံထဲက မိန်းမဖေါ် တယောက်ယောက် ခေါ်ပါဟု မခင်မြရင် ကို ကျွန်တော် ပြောချင်သော်လည်း ပြောရမှာ အားနာသလိုဖြစ်မိသည်။ မိန်းမသား တယောက် ကတောင် ဒီအတိုင်း နေနေ ချိန်မှာ ကျွန်တော်က စပြီးပြောလျှင်

အကဲပါသည် ဟု ထင်မှာလဲ စိုးမိသည်။ ထို့ကြောင့် အိမ်အပြင်က ခုံတန်းလျားမှာ သွားထိုင်ပြီး စီးကရက်သာ တလိပ်ပြီးတလိပ် ဖွာနေမိသည်။

ခြံထဲက အလုပ်သမားအချို့ အပြင်ထွက်သူထွက်ပြန်လာသူလာ  နှင့် ထိုင်နေသော ကျွန်တော့် ကို နှုတ်ဆက်သွားကြသည်။ သူတို့ထဲက တယောက်ယောက်ကို မိန်းမတယောက်လောက် လွှတ်ပေးဖို့ ပြောလျှင်ကောင်းမလား ဟု တွေးမိသေးသော်လည်း စဉ်းစားရင်း နှင့် မပြောဖြစ်တော့ပြန်။ ဒီလို နှင့် တော်တော်လေး မှောင်လာ၏။

“ကိုလင်း”

ကိုယ့်အတွေး နှင့်ကိုယ် နစ်နေ၍ အနားသို့ မခင်မြရင် ရောက်လာသည်ကိုပင် သတိမထား လိုက်မိပါ။

“ထမင်း မစားသေးဘူးလား၊ ရှစ်နာရီ တောင်ထိုးတော့မယ်”

“မဆာသေးလို့ပါ”

“မဆာသေးလဲ စားလိုက်ပါ၊ နည်းနည်းဖြစ်ဖြစ်ပေါ့၊ မနက်လဲ အစောကြီးကားထ စီးရမယ် ဆို”

မတတ်သာ တော့ဘဲ ထလိုက်လာရသည်။ အိမ်ထဲဝင်ပြီးနောက် တံခါးမကြီးကို သော့ခတ်မည့်ဟန်ပြင်ပြီးမှ မခတ်တော့ဘဲ မခင်မြရင်က

“ကိုလင်း ပြန်ထွက်ပြီးဆေးလိပ်သောက် ဦးမှာ မဟုတ်လား၊ ကိုလင်း ပြန်ဝင်လာမှ ခတ်လိုက် နော်”

ရက်ပိုင်းလောက် အတွင်းမှာပင် ကျွန်တော့် အမူအကျင့်တွေ မခင်မြရင်သိနေသည်။ ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်လျှင် ကျွန်တော် အတွင်းမှာ ဘယ်တော့မှ ဆေးလိပ်မသောက်ပါ။ အိမ်ပြင် ထွက်ပြီးမှ သောက်သည်။

“ကိုလင်း မဆာလဲ စားနိုင်သလောက်သာ စားနော်၊ တော်ကြာ ညရောက်တော့ မှဆာရင် ကိုလင်း ခက်နေလိမ့်မယ်၊ အိမ်ထဲမှာ စားစရာ ရှာစားဖို့လဲ ကိုလင်း က သူများအိမ် ဆိုပြီး အားနာ နေဦးမှာ မဟုတ်လား”

သူမ ပြောတာဟုတ်နေ၍ အသာလေး ငြိမ်ပြီး ထည့်ပေးသမျှ စားနေလိုက်သည်။ မခင်မြရင် ကတော့ မစားပါ။ ကျွန်တော်စားတာကို ထိုင်ကြည့်နေ၏။

“မခင်မြရင် မစားဘူးလား”

“စားပြီးပြီ၊ ခါတိုင်းစားနေကျ အချိန်ဘဲစားလိုက်တယ်”

“ကျွန်တော့်ကို စောင့်ကျွေးရတာ ပေါ့၊ ဆောရီးဗျာ၊ ကျွန်တော်လဲ ထိုင်ကောင်းကောင်း နဲ့ ထိုင် နေတာ”

“ရပါတယ်၊ အပန်းကြီးတာမှ မဟုတ်တာ၊ ဘာမှ အားနာ စရာမရှိပါဘူး၊ ကိုလင်းကလဲ”

“အားနာတာ တော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ဘာခေါ် မလဲ ….”

ရှေ့ဆက်ဖို့ စဉ်းစားမရဘဲ စကားရပ်သွားသော ကျွန်တော့် ကို မခင်မြရင် ရယ်သည်။

“ပြောမနေပါနဲ့၊ ကျွန်မ ကိုလင်း အကြောင်း သိပါတယ်”

ဘာတွေ များသိသွားတာလဲ ဟုရင်ထဲထိတ်သွားမိသည်။ သူမနှင့် ဦးလေးကို ကြည့်မိသည့် အကြောင်းလား၊ ဒါမှ မဟုတ် လှေခါးပေါ်က ကျတုန်းက မကြည့်သင့်သည့် နေရာကို ကြောင် ကြည့်နေမိတာကိုလား။ ကျွန်တော် စိတ်ပူစွာဖြင့်

“ဘာတွေသိတာလဲ”

“ကိုလင်း အခု ကျွန်မ ကိုအားနာနေတယ် မဟုတ်လား”

“ဗျာ… အဲဒါကတော့”

“ထမင်း စောင့်ကျွေးရတာ ကိုပြောတာ မဟုတ်ဘူး၊ ဒီည အိမ်မှာ ကျွန်မတို့ နှစ်ယောက်ပဲ ရှိ လို့ မနေတတ်မထိုင်တတ် အားနာနေတာကို ပြောတာ”

သူမပြောတာ အမှန်ဖြစ်နေ၍ ကျွန်တော် ငြိမ်နေမိသည်။

“ကျွန်မ စဉ်းစားပါသေးတယ်၊ ခြံထဲက မိန်းမဖေါ် တယောက်ခေါ်ဖို့၊ ဒါပေမယ့် ကျွန်မ မခေါ် တော့ဘူး၊ မခေါ်ချင်ဘူး၊ ဒါကလဲ ကျွန်မအကြောင်းနဲ့ ကျွန်မပါ၊ နောက်ပြီး ကိုလင်း ကလည်းမယုံကြည်ရတဲ့ သူမှ မဟုတ်တာ၊ ကိုလင်း လူကောင်းဆိုတာ ကျွန်မသိနေတာပဲ”

“ခုလို ယုံကြည်လို့ ကျေးဇူးတင်ပါတယ်”

“ကိုလင်း အခုလို အနေခက်နေတာ ကိုလင်းအတွက် မဟုတ်ဘူး၊ ကျွန်မအတွက် ဆိုတာလဲ သိပါတယ်၊ ကျွန်မအတွက် နဲ့တော့ ခေါင်းရှုပ် မခံပါနဲ့ ကိုလင်းရယ်”

“ကိုယ့်ကိုယ်ကို သူတော်ကောင်းရုပ်ဒီလောက်အထိပေါက်မှန်း မသိပါဘူးဗျာ၊ တွေ့တာ ရက် ပိုင်းလောက်ပဲ ရှိသေးတဲ့ သူက ဒီလိုပြောတယ် ဆိုတော့”

မခင်မြရင် ရယ်သည်။ ပြီးတော့မှ ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်ရင်း

“ကိုလင်း ကို ယုံပါတယ်၊ ကျွန်မ ကိုယ်ကျွန်မ သာ မယုံတာ”


အပိုင်း ( ၅ ) ဆက်ရန် >>>>>


Print Friendly and PDF

No comments:

Post a Comment