Tuesday, August 2, 2016

သံသာစက်၌ အပိုင်း ( ၂ )

သံသာစက်၌ အပိုင်း ( ၂ )

ဂျင်ကလိ ရေးသည်။

' ကိုလင်း ကျွန်တော် ကောင်တာပြန်သွားဦးမယ်'

' ရတယ် ..ကိုထွန်းအေး သွားသွား'

' အေးဆေးပဲ မဟုတ်လား'

' ကျွန်တော် ထိုင်လိုက်ဦးမယ်၊ ဝဏ္ဏမလာသေးလဲ အန်တီနန်း ပြန်လာရင်ဒီလမ်းကလာမှာပဲ၊ စောင့်လိုက်ဦးမယ်'

အလုပ်ရှိသော ကိုထွန်းအေးက သူ့ကောင်တာဆီ ပြန်သွားတော့ ကောင်းထက်လင်း တယောက်ထဲကျန်ခဲ့သည်။ တယောက်ထဲဟို ငေးဒီငေးလုပ်နေရင်း ခေါင်းထဲကို ဝဏ္ဏရှိန် နှင့်  ဆွေဇင် လို့ အများကခေါ်ကြသော  ဆွေဇင်လတ် အကြောင်းတွေ ခေါင်းထဲဝင်လာသည်။

ကောင်းထက်လင်း ဒီအပိုင်းမှာနေစဉ်က ညနေဖက်ဆို ဆွေဇင်က ဝဏ္ဏရှိန် နှင့် လဘက်ရည် ဆိုင် လိုက်လိုက်လာတတ်၏။ နေ့တိုင်းတော့မဟုတ်။တပါတ် သုံးလေးရက် လောက်တော့ လိုက် လာသည်။ တူတူထိုင်ဖြစ်ကြသူတွေထဲမှာ ဆွေဇင် အခင်မင်ဆုံးက ကောင်းထက်လင်းဖြစ်သည်။ ဝဏ္ဏရှိန် လည်းကောင်းထက်လင်း ကိုခင်ပါသည်။ ဒါပေမယ့် သူခင်တာထက် ဆွေဇင်က ကောင်းထက်လင်းကို ပိုခင်၏။

ကောင်းထက်လင်း ကို စကားပြောတော့မည်ဆိုလျင်အင်္ကျီလက်မောင်းစ ကိုဆွဲပြီးပြောတတ် သည့် အကျင့်ရှိသည်။ သူ ပိုပြီးစကားထဲမှာ စိတ်ပါလာလေ အတင်းဆွဲပြီးပြောလေလုပ်တတ် သည်။ တီရှပ်ဝတ်ထားသည့် အခါတွေဆို အင်္ကျီရွဲ့စောင်းသွား တတ်သည်။ အကြောင်းမသိ သူတွေက ကောင်းထက်လင်း နှင့် ဆွေဇင် ကို ရုပ်ချင်းဆင်တယ် မောင်နှမလား မေးတတ် သည်။ဒီလို အမေးခံရလျင် ဆွေဇင်က သိပ်သဘောကျ၏။

ဆွေဇင်က စိတ်မာသည်။ သတ္တိလည်းကောင်းသည်။ ဝဏ္ဏရှိန် လိုမဟုတ်။ ဆွေဇင်၏ သတ္တိ နှင့် ပတ်သက်ပြီး အားလုံးသြချယူရသော အဖြစ် အပျက်တခုရှိခဲ့ဖူးသည်။ ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသည့် အတိုင်း မိန်းမတွေ မီးဖွားခြင်းသည် တော်တော်လေးကြောက်ရွံ့ စိုးရိမ်စရာ ဖြစ်သည်။ ဒါပေမယ့် ဆွေဇဌင်က တော့ အိမ်မှာဘယ်သူမှ မရှိခိုက် ကလေးကို တယောက်ထဲ မွေးခဲ့သည်။

အဲဒီတုန်းက အိမ်မှာလူတယောက်မှ မရှိပါ။ အန်တီနန်း ကျောင်းသွားနေသလို ဝဏ္ဏရှိန် ကလည်း အလုပ်သွားနေသည်။ မွေးရက်ထက်စောပြီး ဗိုက်နာလာသော အခါ ဝဏ္ဏရှိန် ဆီ ဆွေဇင်ဖုန်းဆက်သည်။ ဝဏ္ဏရှိန် က အလုပ်တွင် မရှိ။ အပြင်သို့ ကိစ္စ တခုဖြင့်သွားနေသည်။ ပြန်လာလျင်ပြောလိုက်ရန် မှာပြီး အန်တီနန်းဆီသို့ ဆက်ပြန်ရာ တိုက်ဆိုင်စွာပင် အန်တီနန်းကလည်း အစည်းဝေး ခန်းထဲရောက်နေသည်။ ဖုန်းလက်ခံသော ဆရာမက ဆွေဇင့်ကို ငြိမ်ငြိမ်လေးနေရန် အားပေးပြီး အန်တီနန်းကို သွားပြောဖို့လုပ်သော်လည်း လူကြီး ရောက်နေ ၍ သူ့ခမျာလည်း ရုတ်တရက် ဝင်မပြောရဲ။ နောက်ဆုံးမတတ်သာ ပဲ အရဲစွန့်ဝင်ပြောတော့ မှ အန်တီနန်းလည်း လူကြီးကို ခွင့်တောင်းပြီး အိမ်သို့ ကားငှားပြီး ပြန်ပြေးလာရာ မမှီတော့ ဆွေဇင်က မွေးပြီးနေလေပြီ။

' ကိုလင်း တူက ဇွတ်တရွက်ပဲ၊ အတင်းကို ခုန်ပေါက်ထွက်လာတာလေ'

ကောင်းထက်လင်း သတင်းမေးရောက်တော့ ဆွေဇင်က မျက်နှာ နီနီလေး ဖြင့်ဆိုသည်။ဆွေဇင်က အဲဒီလို ဆွေဇင်ဖြစ်သည်။ စိတ်ထားကောင်းသော်လည်း ပျော့ညံ့သလို ရှိသော ဝဏ္ဏရှိန်နှင့် စိတ်မာသောဆွေဇင်တို့ အတွဲကိုလိုက်ဖက်သည်ဟု ပြောရမလား၊ မလိုက်ဖက်ဟု ပြောရမလား ကောင်းထက်လင်း ဝေခွဲလို့ မရနိုင်ပါ။

ခုတော့ ဆွေဇင် ဘယ်ဆီရောက်လေပြီ မသိ။ လိုက်ခေါ် သော ဝဏ္ဏရှိန် နှင့် ဆိုက်ဆိုက်မြိုက် မြိုက် တွေ့ပါစေ။ စိတ်ပြေပြီး ပြန်လိုက်လာပါစေ လို့ သာ ကောင်းထက်လင်း ဆုတောင်းရ တော့ သည်။

ဝဏ္ဏရှိန် ပြောသော သူမ ကိုယ်ပေါ်က ဒါဏ်ရာတွေ အကြောင်းကလည်း တွေးရခက်သည်။ကောင်းထက်လင်း ဉာဏ်မှီ သလောက်တွေးကြည့်ရာ လူမမြင်နိုင်သော၊ နေရာ တွေဆို သဖြင့် ဆွေဇင် ကိုယ့်ဖာသာလုပ်သော ဒါဏ်ရာတွေ ဖြစ်ဖို့ များသည်။ ဝဏ္ဏရှိန် ၏ ဖောက်ပြန်သော ဇာတ်လမ်းကို တနေရာရာ မှ သိပြီးနောက်တွင် ဘယ်သူ့ကို မှ ဖွင့် မပြောဘဲ တယောက်ထဲ ကြိတ်ခံရင်း စိတ်ထွက်ပေါက်ဖြစ် အောင် ကိုယ့်ကိုယ်ကို နှိပ်စက်တာ များလားဟု ကောင်း ထက် လင်းယူဆမိသည်။ ဆွေဇင်၏ စိတ်ဓါတ်ကလည်း တမျိုးပင်။ သူများနှင့် မတူသော အတွေးအခေါ် ရှိသူဖြစ်ကြောင်း ကောင်းထက်လင်း အရင်ထဲက ကိုယ့်ဖာသာ မှတ်ချက်ပြုထား ခဲ့မိသည်။

အတော်လေး မှောင်ရီပျိုး မှ အန်တီနန်း ပြန်လာတာ ကိုမြင်ရ၏။ ကောင်းထက်လင်း ဆိုင်ထဲကပြေးထွက်ပြီး အန်တီနန်း ခြင်းတောင်းကို ကူဆွဲကာ အိမ်ထိပြန်လိုက်လာခဲ့၏။

“ ချက်ပြုတ်ပြီး မှ ကလေးသွားခေါ် တော့မယ်ကွယ်၊ ကိုလင်းလဲ အိမ်မှာပဲ ထမင်းစားသွား”

“ ကျွန်တော် စားပြီးပြီ အန်တီ”

မစားရသေးပေမယ့် သူ့ကြောင့် အန်တီနန်း ဝန်မပိုစေရန် ကောင်းထက်လင်း ညာပြော လိုက်သည်။ ပြီးတော့ သူပညာသင်ဆု ရသည့် အကြောင်း ပြောပြတော့ ကြိုတင်ထင်ထားသည့် အတိုင်း အန်တီနန်း အလွန်ဝမ်းသာသွားသည်။ ဆရာမည်သည် တပည့်၏ အောင်မြင်မှု အတွက် ဂုဏ်ယူရန် အမြဲအသင့်ဖြစ်နေကြသူ တွေမဟုတ်ပါလား။

“ အစောကြီးထဲက ကိုလင်း အဆင်ပြေမယ် ဆိုတာ အန်တီသိပါတယ်၊ ကိုလင်းက သာ ကိုယ့် ဟာကိုယ် စိတ်ငယ်နေတာ၊ ဘယ်တော့ သွားဖြစ်မှာလဲ၊ ကျောင်းဝင်ခွင့်က ရပြီးသားဆို တော့ပိုက်ဆံကိစ္စ အဆင်ပြေတာ နဲ့တက်ရုံပဲ မဟုတ်လား”

“ နောက်သုံးလေးလ တော့ လိုသေးတယ်အန်တီ၊ ဝဏ္ဏရှိန် ကိစ္စ ဘာထူးသေးလဲ”

“ မထူးသေးပါဘူး ကိုလင်းရယ်၊ ပြန်လာမှ သိတော့မှာပဲ”

ပြုံးရွှင်နေသော အန်တီနန်းမျက်နှာ ချက်ချင်းညိုးကျသွား၍ ကောင်းထက်လင်း ထပ်မမေး ဖြစ် တော့ပါ။ အန်တီနန်းကို အိမ်ထဲထိလိုက်ပို့ ပေးပြီး ပြန်လာခဲ့သည်။ ကိုထွန်းအေးဆိုင် တ ခေါက်ပြန်ဝင်ပြီး အကယ်၍ ဝဏ္ဏရှိန် ပြန်လာလို့ ကိုထွန်းအေး ဆိုင်ရောက်ခဲ့ လျှင် ကောင်းထက်လင်း လာသွားကြောင်း နှင့် သူ့ဆီဖုန်းဆက်ရန် လည်းမှာသွားကြောင်း ပြောပြပေးဖို့ မှာခဲ့သည်။ အစက အန်တီနန်း ကိုမှာခဲ့ မလို့ပင်။ သို့သော် အန်တီနန်း မျက်နှာ မကောင်း တာ မြင်ရသည့် အတွက် မမှာရက်တော့။

အပြန်လမ်းမှာ ကားမစီးခင် ဟိုတရက်က ကောင်မလေး ကိုတွေ့ မလား ကြည့်မိသေးသည်။ ဒီနေ့ တော့စောနေသေးလို့ ဖြစ်ပုံရသည်။ လမ်းမှာ မတွေ့ရပါ။ ကောင်းထက်လင်း လည်း ဘတ်စ်ကားတွေ ရှိနေသေးသည့် အတွက် တက္ကစီ မစီးတော့ဘဲ လိုင်းကား နှင့်ပြန်ခဲ့သည်။

...................................................................................

ကိုထွန်းအေး က ကောင်းထက်လင်း မှာခဲ့သည့် အတိုင်းတာဝန်ကျေပါသည်။ နောက် နှစ်ရက်လောက် နေတော့ ဝဏ္ဏရှိန် ဖုန်းဆက်လာ၏။

“ ကျွန်တော် ပြန်ရောက်ပြီ ကိုလင်း”

“ အေး အေး၊ ငါလဲ စိတ်ပူနေတာ၊ အဆင်ပြေသလားကွ”

“ ဘယ်လို ပြောရမှန်းတောင် မသိပါဘူး ကိုလင်းရယ်”

“ ဆွေဇင်နဲ့ တွေ့လား”

“ မတွေ့ဘူး၊ အကို…၊ ကျွန်တော် ကိုလင်းရုံးကို လာခဲ့မယ်၊ ရုံးဆင်းချိန်လဲ နီးပြီ၊ အကို အားလား၊”

“ အားပါတယ်၊ လာခဲ့လေ”

“ အကို့ကို အရေးတကြီး တိုင်ပင်စရာ ရှိလို့၊ ဒါပဲနော်”

ဝဏ္ဏရှိန် ဖုန်းချသွားတော့ ကောင်းထက်လင်း စဉ်းစားရပြန်သည်။ ဆွေဇင့် ကို မတွေ့ခဲ့ဖူးဆိုတော့ အခြေအနေ က မကောင်းပါ။ အကြောင်းစုံကိုတော့ ဝဏ္ဏရှိန် လာမှပဲ မေးရပေတော့မည်။

ကောင်းထက်လင်း စားပွဲမှာ ပစ္စည်း တွေသိမ်းနေစဉ် ဝဏ္ဏရှိန် ရောက်လာသည်။ ခါတိုင်း လာနေကျဆိုတော့ ကောင်းထက်လင်း ဆီ တန်းဝင်လာသည်။

“ ခန ထိုင်ဦး၊ ငါလဲ အခုပဲ ထွက်လာတော့ မလို့”

စားပွဲ ရှေ့က ကုလားထိုင်မှာ ဝဏ္ဏရှိန် ဝင်ထိုင်သည်။ သူ့မျက်နှာက ညှိုးချုံးကျနေပြီး ရက်ပိုင်း လေးအတွင်းမှာပင် ဆယ်နှစ်စာလောက် အိုစာသွားသလို ရှိသည်။အကျိုး အကြောင်း မေးလိုက်ချင်သော်လည်း တခြားသူတွေပါ ရုံးခန်းထဲမှာ ရှိနေ၍ ကောင်းထက်လင်း သိမ်းစရာ ရှိတာ ခပ်မြန်မြန်သိမ်း ပြီး ရုံးဆင်းခဲ့သည်။

“ ကဲ … ဒီနေ့ ရော ဘယ်ဆိုင်လဲ”

ဝဏ္ဏရှိန် နွမ်းလျစွာ ပြုံးသည်။

“ လဘက်ရည်ဆိုင်ပဲ သွားကြတာပေါ့ ကိုလင်းရာ၊ အကို က အရက်သောက်ချင်လို့လား”

“ မဟုတ်ပါဘူး၊ ငါကလဲ မင်းများသောက်ချင်မလားလို့ မေးတာပါ”

“ မသောက်တော့ ပါဘူး”

ကောင်းထက်လင်း နှင့် ဝဏ္ဏရှိန် အနီးအနားက လူရှင်းသော လဘက်ရည်ဆိုင် တဆိုင်ထဲ ဝင်လိုက်ကြသည်။ စားပွဲမှာထိုင်မိကြသည်နှင့်

“ အကို ကျောင်းသွားတက်ဖို့ အဆင်ပြေသွားပြီဆို”

“ အင်း”

“ ကျွန်တော်လဲ အဲဒါမျိုးသွားချင်လိုက်တာ၊ ဒီမှာ စိတ်ရှုပ်စရာ တွေများလွန်းလို့ အေးအေး ဆေးဆေး လွတ်ရာကျွတ်ရာ မှာ တနှစ် နှစ်နှစ် သွားနေလိုက်ချင်တယ်”

“ ဒါဆို အန်တီနန်း ကလေးတယောက်နဲ့ ဒုက္ခရောက်တော့ မှာပေါ့ကွ”

“ ဟုတ်တယ်နော်၊ အကို့လို တယောက်ထဲပဲ ကောင်းပါတယ် အကိုရာ၊ မိန်းမ လဲ ယူမနေ ပါနဲ့ တော့ သိပ်စိတ်ရှုပ်စရာ ကောင်းတယ်”

လတ်တလော သူ၏ အခြေအနေပေါ်မူတည် ပြီးပေးလာသောမှတ်ချက်စကားကို ကောင်းထက် လင်း ပြန်လှန်ငြင်းခုန် မနေတော့ပါ။ တချိန်ကသူနှင့် ဆွေဇင် အဆင်ပြေနေတုန်း ကတော့ ကောင်း ထက်လင်းကို အိမ်ထောင် မြန်မြန်ပြုဖို့ ဝဏ္ဏရှိန် အတင်းတိုက်တွန်းခဲ့သည်။

“ ကျွန်တော် အခုရူးချင်နေတယ် သိလား ကိုလင်း”

“ အင်း …. လုပ်ပါဦး မင်းဆွေဇင်တို့ ဆီလိုက်သွားတဲ့ အကြောင်းလေး”

ဝဏ္ဏရှိန် ကစဉ်းစားနေသလို နှင့် စားပွဲပေါ်က ရေနွေးကြမ်း ပန်းကန်လုံးတွေ ထဲသို့ ရေနွေး တွေ လိုက်ငှဲ့ထည့်နေသည်။ အရင်က ဆွေဇင်ပါလျှင် ဆွေဇင်က ဒီလို လုပ်ပေးတတ်သည်။

“ ကျွန်တော်သူ့ အိမ်အထိရောက်ခဲ့တယ်၊ သူ့ မိဖတွေပါ တွေ့ခဲ့တယ်”

ကောင်းထက်လင်း နားမလည်နိုင်အောင်ဖြစ်ရသည်။ သူသိသလောက် (ဆွေဇင့် အပြောအရ ဆိုလျှင်) ဆွေဇင် ငယ်စဉ်က ပင်မိဖ တွေဆုံးပါးသွားပြီဟု သိရသည်။

“ မွေးစား အဖေအမေ လား”

“ မဟုတ်ဘူး၊ အရင်းတွေ”

“ ဒါဆို မိဖတွေ မရှိတော့ ဘူးဆိုတာ ဆွေဇင် ညာတာပေါ့”

“ အဲဒီလို ပြောရ မလိုပဲ”

ဆွေဇင်ကို ဒီလို လိမ်ညာမည့် မိန်းကလေး တယောက်ဟု ကောင်းထက်လင်း မယုံနိုင်အောင်ဖြစ်ရသည်။

“ မင်း အိမ်မှား သလားကွာ”

“ မမှားပါဘူး၊ အကိုရယ် ကျွန်တော့် မှာဆွေဇင့် မှတ်ပုံတင်ရှိပါတယ်၊ ဆွေဇင် ထွက်သွားတော့ ကျန်ခဲ့တာ။ အဲဒီထဲက လိပ်စာအတိုင်း လိုက်သွားတော့ အဖေနာမည်၊ အမေ နာမည် ၊ လိပ်စာ အားလုံး ကွက်တိပဲ၊ ကိုလင်း နဲ့ သူပေးစားမယ် ဆိုတဲ့ မသင်းတောင် အဲဒီအိမ် မှာ တွေ့ခဲ့သေး တယ်၊ ဘော်ဒီတောင့် တောင့် နဲ့ ခပ်ချောချောပဲ”

“ အေးပါ၊ ထားပါတော့ မင်း ကိစ္စ ပဲဆက်ပါဦး”

ဝဏ္ဏရှိန် ငြိမ်သွားပြန်သည်။ သူ့ အကျင့် က ဒီလိုပင် တခုခု အရေးကြီးတာ ပြောတော့မယ် ဆို လျှင် အရှိန်ယူတတ်၏။ ဒါကို ဆွေဇင် ကတော့ ပဲများတာ ဟု ပြောဖူးသည်။

“ ကျွန်တော် အိမ်ထဲဝင်သွားပြီး ကျွန်တော် ဆွေဇင့်ယောက်ျားပါ ဆိုတော့ အားလုံး မျက်လုံး ပြူး ကုန်ကြတယ်”

“ ဒါကတော့ ဆွေဇင် အိမ်ထောင်ကျတာ သူတို့ မသိကြလို့ ဖြစ်မှာပေါ့”

ဝဏ္ဏရှိန် မျက်နှာ မှာ နားလည်ရခက်သော အရိပ်အယောင်တခု ပေါ်လာသည်။

“ သူတို့ ပြူးပြီးတော့ ကျွန်တော်လဲပြူး ရတော့တာပဲ၊ ဆုံးသွားတာ ကြာပြီဆိုတဲ့ ဆွေဇင့် အဖေ နဲ့ အမေ ကို အရှင်လတ်လတ် ကြီးတွေ့ ရတာကိုး”

ကောင်းထက်လင်း ဆိုလျှင်လည်း ဒီလိုပဲ အံ့သြမိမည်ပင်။ ဝဏ္ဏရှိန်က ရေနွေးကြမ်း တခွက်ကိုဂွပ်ကနဲ မော့ချလိုက်ရင်း

“ အကို … ကျွန်တော့် ကိုကြည့်ပါဦး”

“ ဘာဖြစ်လို့လဲ”

“ အရူးနဲ့ များတူနေလားလို့”

“ ပေါက်ပေါက်ရှာရှာကွာ”

“ မတူလဲ ကျွန်တော်က ရူးချင်နေတာ”

“ ငါ့ ညီ၊ မင်း စိတ်အေးအေး ထား၊ မင်း ဘာတွေ တွေ့ခဲ့တယ်၊ ဖြစ်ခဲ့တယ် ဆိုတာ ငါ့ ကိုသေသေချာချာ ရှင်းပြဟုတ်ပြီလား”

“ ရှင်း မှာ၊ ရှင်းမှာ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် မှာပြောပြစရာ ကိုလင်းတယောက်ပဲ ရှိတယ်၊ မေမေ့ ကိုတောင် ပြောပြလို့ မဖြစ်ဘူး”

ကောင်းထက်လင်း အကဲခတ်မိသလောက် ဝဏ္ဏရှိန် စိတ်လှုပ်ရှား နေခြင်းသာ ရှိသည်။ သူပြော သလို ရူးနေသည့်ပုံမပေါက်ပါ။

“ ကျွန်တော်ရောက်သွားတော့ သေတာကြာပြီ ဆိုတဲ့ ဆွေဇင့်ရဲ့ အဖေ ဦးခင်မောင်လတ် နဲ့ ဆွေဇင့် အမေ ဒေါ်မြင့်မြင့်ခင် ကို အရှင်လတ် လတ်ကြီးတွေ့ရတယ်၊ ကျွန်တော်က ဆွေဇင့် ယောက်ျားပါ ဆိုတော့ သူတို့က လက်မခံကြာဘူး၊ ဒါနဲ့ ကျွန်တော် က ကျွန်တော်ရယ် ဆွေဇင်ရယ်၊ သားလေးရယ် ရိုတ်ထားတဲ့ ပုံ ထုတ်ပြတယ်။ သူတို့ကပုံထဲက ကလေးမ က သူတို့ သမီး ဆွေဇင်လတ် မဟုတ်ဘူးတဲ့”

“ ဟာ …….မင်းနောက်နေတာ မဟုတ်ပါဘူးနော်”

“ နောက်စရာလား အကိုရယ်၊ ကျွန်တော် ဘာပြောရမှန်း ကို မသိဘူး ဖြစ်သွားတယ်၊ နောက်ပြီးတော့ သူတို့ သမီး ဆွေဇင်လတ် ဆိုတာက လွန်ခဲ့တဲ့ လေးငါး နှစ်လောက်ထဲက မြစ်ထဲ မှာကုတို့ လှေနစ်လို့ သေသွားပြီတဲ့”

ဝဏ္ဏရှိန် ကို ကောင်းထက်လင်း စာနာစွာကြည့်မိသည်။ သူတောင် ခုကြားရသည့် စကားတွေ ကြောင့် မယုံကြည် နိုင်အောင်ဖြစ်ရသေးလျှင်  ကာယကံရှင် ဝဏ္ဏရှိန် ဆိုလျှင် ဘယ်လို နေမည်နည်း။ ရူးမသွားတာ ကံကောင်းပါ၏။

“ ပြီးတော့ ကျွန်တော့် ကို သေသွားတဲ့ ဆွေဇင်လတ် ပုံထုတ်ပြတယ်၊ ဆွေဇင်နဲ့ လုံးလုံးကို မတူဘူး၊ သူက ဆွေဇင့် လို မလှဘူး”

“ ဒါဆိုရင် မင်းနဲ့ အိမ်ထောင်ပြုခဲ့တာ တခြား ဆွေဇင် ပေါ့”

“ ဒါကြောင့် ကျွန်တော် ရူးတော့မယ်လို့ ကိုလင်းကိုပြောတာပေါ့၊ ဒါပေမယ့် မှတ်ပုံတင် ထဲက ပုံကျတော့ သူတို့ သမီးပုံဟုတ်တယ်တဲ့”

“ မင်းက အစတုန်းက မသိဘူးလား”

“ သူငါးတန်း ခြောက်တန်းလောက်က ပုံနဲ့ အခုပုံ မတူတာ ကျွန်တော် ဘယ်လိုလုပ် သိမလဲ ကိုလင်းရာ၊ အဲဒီပုံမှာက ကလေးလေး ရှိသေးတာ”

“ အေး ..ဟုတ်တယ်၊ ငါတောင်ရူးချင်လာပြီ”

နှစ်ယောက်လုံးတိတ်ဆိတ် သွားကြသည်။ ကောင်းထက်လင်း က စီးကရက်ထုတ်ပြီး မီး ညှိလိုက်သော အခါ

“ ကိုလင်း ကျွန်တော့်လဲ တလိပ်ပေး”

“ ဟ … မင်း သောက်တတ်တာလဲ မဟုတ်ဘဲနဲ့”

“ စိတ်ပြေလက်ပျောက် ဖွာကြည့် ချင်လို့ပါ အကိုရာ”

ဝဏ္ဏရှိန် စိတ်ချမ်းသာ စေရန် စီးကရက်တလိပ် ပေးလိုက်ပြီး မီးခြစ်ပါခြစ် ပေးလိုက်သည်။

“ မင်း သူတို့ ပါတ်ဝန်းကျင် မှာကော စုံစမ်းခဲ့သေးလား”

“ မေးတာပေါ့၊ ကျွန်တော်က တယောက်ထဲသွားတာ မဟုတ်ဘူး၊ အဲဒီက တပ်ရင်းမှာ တာဝန် ကျနေတဲ့ မေမေ့ တပည့် ဗိုလ်မှုးတယောက် နဲ့တူတူသွားတာ၊ သူလဲ ဝိုင်းစုံစမ်း ပေးတယ်၊ ဆွေဇင့် အိမ်က ပြောလိုက်တာ အမှန်ပဲ”

အေးစက် နေသော လဘက်ရည် ကိုမော့လိုက်၊ စီးကရက် ဖွာလိုက်လုပ်ရင်း ကောင်းထက် လင်း ဦးနှောက်ကို အလုပ်ပေးနေမိသည်။ ခုတိုင်းဆိုလျှင် သူတို့က ဆွေဇင်လတ် ဟု သိ ခဲ့ သော မိန်းကလေးသည် ဆွေဇင်လတ် မဟုတ်ပါ။ ကွယ်လွန်ပြီးသော လူတယောက်၏ နာမည်ကို အကြောင်းတခုခု ကြောင့် ခံယူထားသူ တယောက်သာ ဖြစ်တော့မည်။ သို့သော် ဆွေဇင်ဟု သူသိခဲ့သော မိန်းကလေး သည် လိမ်ညာလှည့် ဖျားတတ်သူတယောက်ဟု ကောင်းထက်လင်း စိတ်မှာ ထင်ကြည့်လို့ လုံး၀ မရပေ။

“ ငါ တခု စဉ်းစားမိတယ်။ နာမည် ကို တခြားတယောက်က ယူသုံးဦးတော့ ဒီလူဟာ တစိမ်း မဟုတ်ရဘူး၊ သူက ဆွေဇင်လတ် နာမည် နဲ့ ပတ်သက်တဲ့ အကြောင်းအချက် တွေသိနေတယ်လေ”

ဝဏ္ဏရှိန် ခေါင်းညိတ်သည်။

“ ကျွန်တော်လဲ အဲဒီလိုပဲ တွေးမိတယ်၊ ဟို မသင်း ဆိုတဲ့ အမက သဘောကောင်းတယ်ဗျ။ ကိုလင်း လိုပဲ၊ သူကလည်း ဒီအတိုင်း တွေးမိလို့ ကျွန်တော် တို့ ပြန်တော့ နောက်က လိုက်လာပြီး သူ့အိမ်လိုက်ခဲ့ဖို့ ခေါ်တယ်၊ ကျွန်တော် တို့လဲ လိုက်သွားတာပေါ့”

“ တော် သေးတာပေါ့ ကူညီမယ့် သူရှိလို့”

“ ကျွန်တော့် ဆီက ဆွေဇင့် ဓါတ်ပုံ ကို သေသေချာချာ ပြန်ကြည့် ပြီးတော့၊ သူမြင်ဖူးတယ် လို့ထင်တယ် တဲ့၊ နောက် သူ့ဆီမှာ သိမ်းထားတဲ့ ဓါတ်ပုံ အယ်လ်ဘမ်ကြီး ထုတ်ပြီး ကျောင်းတုန်းက သူငယ်ချင်းတွေ၊ သူတို့ မြို့က သူငယ်ချင်း တွေ အုပ်စုလိုက် ပုံတွေရော၊ တယောက်ချင်း တွေရော ထုတ်ပြီး ရှာကြည့်ကြတာ တယောက်မှ မတူဘူး”

“ ဒါဆိုရင်တော့ ဆန်းတယ်ကွ”

“ ဟုတ်တယ်၊ အဲဒီ အမ လဲ တော်တော် ခေါင်းခြောက်သွားတယ်၊ သေချာအောင် ပြန်ကြည့်တာ ပါတဲ့၊ သူနဲ့ ဆွေဇင်က အိမ်နီးနားချင်း လည်းဖြစ်၊ ကျောင်းတက်တော့ လဲ တူတူ ဆိုတော့ ဆွေဇင့် မိတ်ဆွေ အပေါင်း အသင်း ဆိုတာ သူမသိတာ မရှိဘူးတဲ့”

“ နောက်တော့ ဘယ်လို ဇာတ်လမ်းပြီးသွားလဲ”

“ မသင်းက ကျွန်တော် ယူသွားတဲ့ ဓါတ်ပုံ ယူထားလိုက်တယ်၊ ကျွန်တော့် လိပ်စာနဲ့ ဖုန်းနံပါတ် တွေလဲ ယူထားလိုက်တယ်၊ တခုခု သူပြန်သတိရရင် ဖြစ်ဖြစ်၊ ထူးခြားတာ တွေ့ရင်ဖြစ်ဖြစ် အကြောင်းကြားမယ်တဲ့”

“ လမ်းစ မပျောက်သေးဘူးပေါ့ကွာ၊ မင်းမိန်းမ က ဆွေဇင်လတ် ဟုတ်ဟုတ် မဟုတ်ဟုတ်  ပြန်တွေ့ချင်လဲ တွေ့ နိုင်တာပေါ့”

“ မသင်း ကလဲ အဲဒီမျှော်လင့်ချက် နဲ့ ကူညီတာ၊ သူကိုယ်တိုင်လည်း ဒီမျက် နှာကို တနေရာရာ မှာ မြင်ဖူးတာ သေချာတယ်တဲ့”

စကားဆုံးတော့ ဝဏ္ဏရှိန်  မောသွားဟန် ဖြင့် ရေနွေးကြမ်း ငှဲ့သောက် နေသည်။

“ ဝဏ္ဏ”

“ ဗျာ”

“ ငါ အခုနေ မင်းမိန်းမကို လမ်းမှာ တွေ့ရင် ဘာပြောမယ် ထင်လဲ”

“ မသိဘူးလေ အကိုရဲ့”

“ နင်ဘယ်သူလဲ လို့ အရင်ဆုံးမေးမယ်”

ဝဏ္ဏရှိန်  ခပ်တိုးတိုးလေးရယ်သည်။ သို့သော် သူ့ရယ် သံက ချောက်ကပ်ကပ် နိုင်လှ၏။

“ ဟုတ်တယ် အကို ၊ ကျွန်တော် ဆိုလဲ ဒီအတိုင်းပဲ မေးရတော့ မှာပဲ”

ကောင်းထက်လင်း ဆိုင် အပြင်ဖက်ကို လှမ်းကြည့်လိုက်မိသည်။ နေဝင် ချိန်က တော်တော် လေးကို ရင့်အိုသွားလေပြီ။ ကြည့် နေရင်းပင် အမှောင်က ပိုပိုပြီး သိပ်သည်း လေးနက် လာ၏။

..........................................................................

အပိုင်း (ခ)

ညနေကထဲက စခဲ့သော မိုးက သည်းကြီးမည်းကြီး ရွာနေသည်။ ည ကိုးနာရီ ကျော်ကျော်သာ ရှိသေးသော်လည်း သည်း လွန်းသောမိုးကြောင့် လမ်းတွေ ပေါ်တွင်ရှင်းလင်း တိတ်ဆိတ် နေ သည်။ အားလုံး နွေး ထွေးသော အိမ်ထဲမှာသာ ရှိနေကြ၏။ တမြို့လုံးတိတ်ဆိတ် ငြိမ်သက်နေသလို မြို့စွန်ရပ်ကွက်ကလေးသည် လည်း အမှောင်ထု အောက်က မိုးစက်တွေထဲတွင် လုံး၀ လှုပ်ရှားမှု မရှိ။ မိုးအဆက်မပြတ် ရွာနေသည့် အပြင် တ ချက်တချက် တွင်လေကလည်း ခပ်ကြမ်းကြမ်း တိုက်လာသော ကြောင့် ယိမ်းထိုး လှုပ်ရှားနေ သော သစ်ပင်များကို လျှပ်ရောင်ပြက် လိုက်ချိန်တွင်သာမြင်ရသည်။ များသော အားဖြင့် အ မှောင် ထုကသာကြီးစိုးထား၏။

လျှပ်ရောင် တချက်ဝင်းသွားချိန်တွင် အိမ်တအိမ်၏ ခြံတံခါးတိုင် တွင်ချိတ်ဆွဲ ထားသော ပလပ်စတစ် ဆိုင်းဘုတ်ကလေး ပေါ်မှ စာကို ထင်ထင်ရှားရှားမြင် နိုင်၏။ ထူးထူးခြားခြား မဟုတ်ပါ အိမ် ရှင်၏ အမည်နာမ ကိုဖေါ်ပြထားခြင်းသာ ဖြစ်သည်။

“ ဒေါက်တာ ကောင်းထက်လင်း”

အိမ်က ရပ်ကွက်၏ အနေ အထားနှင့် သိပ်ပြီးမလျှော်လှသော ဥရောပ ပုံ တထပ်တိုက်ကလေးဖြစ်သည်။ မှန်ပြတင်းပေါက် များကို လိုက်ကာ ထူထူ ချထားသဖြင့် အတွင်းက အလင်းရောင် ကို ထောင့်နားလေး များမှာသာ တစွန်းတစ တွေ့ရသည်။ဖွဲ့စည်းပုံ ရိုးရှင်းသော အတွင်းဖက်တွင် အခန်းကျယ်တခု ရှိ၏။ အဝင်ဝဖက်နား တွင် ဆက်တီတစုံချထား ပြီး ကျန်နေရာ များတွင်ကြမ်းပေါ် ပြန့်ကျဲနေသော စာအုပ်ပုံ များသာရှိသည်။

ထိုစာ အုပ်ပုံများ၏ အလည်တွင် ပက်လက်ကုလားထိုင်တလုံး ရှိပြီး အသက်သုံးဆယ် ကျော် ခန့်  ရှိမည့် အသားဖြူဖြူ လူရွယ် တယောက်စာ ထိုင်ဖတ်နေသည်။ ဘေးမှာ ခုံပုလေး တလုံး ရှိပြီး ရေနွေးဓါတ်ဗူး၊ ခွက်တလုံး နှင့် ဆေးလိပ်ခွက် တင်ထားသည်။

မိုးအေးအေး တွင်ရေနွေးကြမ်းသောက်ရင်း စာဖတ်နေသော လူရွယ်၏ ဟန်သည် အေးအေး လူလူ ရှိလှသည်။ စာကို စိတ်ဝင်တစားဖတ် နေပြီး တခါတရံ လက်ထဲတွင် ကိုင်ထားသည့် မှင် ရောင်စုံ ပါသည့် ဘောပင်ဖြင့် စာကြောင်းတွေကို မျဉ်းတားသည့် အခါတားသည်။ မှင်ရောင် ပြောင်းပြီး ဘေးမှာ မှတ်သားသည့် အခါ မှတ် သားသည်။

ခဏကြာတော့ လူရွယ်ကစာအုပ်ကို ဘေးသို့ ချလိုက်ပြီး ရေနွေးကြမ်းတခွက် ငှဲ့သောက် သည်။ ရေနွေး သောက်ပြီးနောက် ဦးခေါင်း ကို ဟိုသည် ချိုးကာ အညောင်းဖြေပြီး အိတ်ထဲကစီးကရက် တလိပ်ကို ထုတ်ယူမီးညှိနေစဉ် လူရွယ်၏ ကိုယ်လုံးဆတ်ကနဲ မတ်သွားပြီးနောက် ဆေးလိပ်နှင့်မီးခြစ် ကို ဘေးချပြီး ထိုင်နေရာ မှ ထရပ်လိုက်သည်။ နားကို အိမ်ပြင်ဖက် သို့စွင့် ထား၏။ မိုးသံတွေကြား မှာ ခြံဝဖက် ဆီက လူသံတခုက သူ့နားသို့ တိုးဝင်လာသည်။

“ ဆရာ …. ဆရာ …. ဆရာ ရှိပါသလားခင်ဗျာ”

လူရွယ်က အိမ်ရှေ့ ခြံ၀ မီးတိုင်ခလုပ်ကို ဖွင့်လိုက်ပြီး ခြံဝကို လှမ်းကြည့်လိုက်သည်။ ရေတွေရွဲနေသည့် လူတယောက်ခြံဝမှာ ရပ်နေသည်။ ထီးလည်းမပါ။ လက်နှစ်ဘက်ကို ပိုက်ရင်း ရပ်နေ၏။ တော်တော် ချမ်းနေပုံလဲရသည်။မိုးသည်းထန်နေသည့် ကြားမှ ရောက်လာခြင်းက အကြောင်းတစုံတရာ ရှိမည်ဟု တွေးမိသောလူရွယ် က အိမ်ထဲပြန်ဝင် ပြီးထီးတလက် ယူကာ အပြင်သို့ ထွက်လာခဲ့သည်။ ခြံ၀ တွင်ရပ်နေသူမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိမည့် လူငယ်တယောက် ဖြစ်သည်။

“ ဘာကိစ္စ ရှိလို့လဲ”

“ ကျွန်တော့် မိန်းမ ဗိုက်နာနေလို့ပါဆရာ၊”

“ ဗျာ”

“ ဟိုဒင်း ကလေးမွေးဖို့ပါ”

လူရွယ်သဘောပေါက်သွားပါသည်။

“ ကျွန်တော်က ဆရာဝန် မဟုတ်ဘူးခင်ဗျ”

“ ဟုတ်ကဲ့ အဲဒါဆိုလည်း ဆရာ နဲ့ တွေ့ပါရစေ အကိုကြီးရယ်၊”

“ ဘယ်ဆရာ ကိုပြောတာလဲ”

“ ဒေါက်တာ ကောင်းထက်လင်း ကိုပါ”

ထိုအချိန်တွင် လျှပ်ရောင်လက်လိုက်သဖြင့် ဆိုင်းဘုတ်ကလေး က ထင်ရှားစွာ ပေါ်လာပြန် သည်။

“ ကောင်းထက်လင်း ဆိုတာ ကျွန်တော်ပါ။ ဒါပေယ့် ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး”

“ ဒါဆို … ဟိုဟို”

စိတ်ပျက်ခြင်း၊ နားမလည် နိုင်ခြင်းတွေကို လူငယ်လေး မျက်နှာ ပေါ်မှာ ကောင်းထက်လင်း မြင်လိုက်ရသည်။ ခုလို အရေးကြီး နေသည့် အချိန်မှာ သူဘယ်လို ဒေါက်တာ အမျိုးအစား ပါဟု ရှင်းပြနေလို့လည်း အချိန် ကုန်တာ အဖတ်တင်မည်။ သူ့ထံသို့ အားကိုးတကြီး ရောက်လာသူ ကိုလည်း အားနာ မိသောကြောင့်

“ ဒါပေမယ့် ကျွန်တော်ကူညီပါ့မယ်၊ ခင်ဗျားလဲ ရွှဲနေပြီ၊ ကျွန်တော့် ကားနဲ့ ဆရာဝန်ဆီ လိုက်ပို့ပေးမယ် ဟုတ်လား၊ ခနစောင့်”

ကောင်းထက်လင်း အိမ်ဖက်ပြန်ပြေးလာပြီး အိမ်တံခါးကို ပိတ်လိုက်သည်။ အိမ်ဘေး အဖီ ထဲက သူ့ကားစုတ်လေးကို မောင်းထုတ်လာခဲ့သည်။ ဃကြီးနံပါတ်တပ် ရှေးဟောင်းကား လေးက ခုလိုမိုးအေးအေး မှာ တချက်ထဲစက်နိုး သွားတာကိုသူအံ့သြမိ၏။ ခြံတံခါးကို ကောင်း ထက်လင်း ဖွင့်သည် ကိုလူငယ် ကကြောင်ကြည့်နေ၏။ ကားပေါ်ပြန်တက်ပြီး ခြံပြင်ကို မောင်း ထွက်လာတော့ လူငယ်လေးက ကပျာကသီတံခါးကို ပြေးပိတ်သည်။

“ မြန်မြန်လာ”

လူငယ်လေး ကားထဲရောက်ချိန်တွင်

“ ခင်ဗျားသိတဲ့ ဆရာဝန်ဘယ်မှာ ရှိသေးလဲ၊ ကျွန်တော်က ဧည့်သည်ဗျ၊ ဘယ်ကို ပို့ပေးရ မလဲ”

“ မြို့ထဲဖက်မှာတော့ ဆေးခန်းတွေ ရှိတယ် အကိုကြီး၊ ဒါပေမယ့် ခုလောက်ဆို ပိတ်ပြီထင် တယ်”

“ ဆေးရုံကရော ဘယ်မှာလဲ”

“ ဆေးရုံက မြို့ဟိုဖက်ထိပ်မှာ”

ကောင်းထက်လင်း စဉ်းစားသည်။ ဆေးရုံမှာတော့ ဆရာဝန် ရှိပေမည်။ မရှိလျှင်လည်း ကျွမ်းကျင်သော သူနာပြု ဆရာမများရှိသည်။ သို့သော်သူတို့က အိမ်လိုက်ပြီး မွေးပေး ဖို့က မဖြစ်နိုင်ပါ။

“ ခင်ဗျား အိမ်က ဘယ်မှာလဲ”

“ ချောင်း ကွေ့ မှာပါ အကိုကြီး”

အဲဒီဖက်ကို တော့ ကောင်းထက်လင်း သိသည်။ မြို့ နှင့် ထိစပ်နေသော ရွာကလေးဖြစ်၏။ ကောင်းထက်လင်း အိမ်မှဆိုလျှင် သိပ်မဝေးလှ၊ ဆေးရုံထက်စာလျှင် ပိုနီးသည်။

“ ဒါနဲ့ ခင်ဗျားနာမည် ဘယ်လိုခေါ်တုန်း”

“ မောင်မောင်ထွေးပါ”

“ ဟုတ်ပြီ ကိုမောင်မောင် ထွေးကျွန်တော် ပြောမယ်၊ ခင်ဗျားအိမ်က သိပ်မဝေးဘူး၊ ဒီတော့ ကျွန်တော့် ကားနဲ့ ခင်ဗျားမိန်းမ ကို သွားပြန်ခေါ် ပြီးဆေးရုံ ပို့မယ်၊ ဆေးရုံက ဆရာဝန်ကသွားပင့်လို့ အဆင်ပြေမှာ မဟုတ်ဘူး”

“ အကိုကြီး အဆင်ပြေသလို လုပ်ပါ၊ ခုလို ကူညီတာလည်း အရမ်းကျေးဇူးတင်ပါတယ်”

“ ရပါတယ်ဗျာ၊ အခက်အခဲ တွေ့နေတဲ့ သူကို မကူညီလို့ ဘယ်ဖြစ်ပါ့မလဲ”

မောင်မောင်ထွေး အိမ်က သိပ်မဝေးလှ ဟု ဆိုသော်လည်း ဆယ့်ငါး မိနစ် လောက်မောင်းရသည်။ သူတို့နေတာကလည်း ချောင်းနှင့် နီးပြီး အစွန်အဖျားကျလှသည်။ ကံကောင်းသည် ဆိုနိုင်ပါသည်။ မောင်းလာရင်း မိုးက တဖြည်းဖြည်းစဲ သွား၏။ မောင်မောင်ထွေးတို့ အိမ်ရှေ့နားရောက်ချိန် တွင် မိုး တဖျောက်ဖျောက်ကလေးသာ ကျတော့သည်။ အိမ်ရှေ့ထိတော့ကားဝင်လို့ မရ၊ ပန်းပင်တွေ စိုက်ထားသော ပန်းအိုးတွေကြောင့် လူသွားလမ်းလေး လောက်သာ နေရာရှိသည်။ ကားရပ်လိုက်သည် နှင့် မောင်မောင်ထွေးက ခုန်ချလိုက်ပြီး

“မိနွယ်ရေ၊ မိနွယ်ရေ ဆေးရုံသွားကြမယ်ဟေ့”

မိန်းမ ကိုလှမ်းခေါ်ရင်း အိမ်ဖက်ဆီသို့ ပြေးသည်။ ကောင်းထက်လင်း က စက်ကို မရပ်ဘဲလမ်းကလေးကို သူတို့လာလျှင် မြင်နိုင်စေရန် ရှေ့မီးကြီးတွေ ထိုးပေးထားလိုက် ပြီးနောက်လိုအပ်လျှင်လည်း ကူညီနိုင်ရန် ကားပေါ်ကဆင်း ပြီးအိမ်ဖက်သို့ လိုက်လာခဲ့သည်။ ကောင်းထက်လင်း မီးထိုးပေးထားသည့် တိုင် စိုးရိမ်စိတ်ဖြင့် လောကြီးနေသော မောင်မောင်ထွေးက ပန်အိုးတလုံးကို ခလုပ်ဝင်တိုက်ပြီး ဒလိမ့်ခေါက်ကွေး လဲကျသွားသည်။

“ကိုယ့်ဆရာ ဖြေးဖြေး၊ ဖြေးဖြေး၊ တော်ကြာ ခင်ဗျားပါ ဆေးရုံတက်နေရဦးမယ်”

ကောင်းထက်လင်း ပြေးသွားပြီး မောင်မောင်ထွေးကို ထူလိုက်ရသည်။ ထိုအချိန် တွင် အိမ်တံခါး၀ တွင်လူရိပ်တခုလိုလို မြင်လိုက်ရပြီး ပျောက်သွားသည်။

“မိနွယ်၊ ဘယ်လိုနေသေးလဲ”

မောင်မောင်ထွေးက လူးလဲထပြီး အိမ်ဖက်သို့ ခပ်သုတ်သုတ် ပြေးပြန်သည်။ ကောင်းထက် လင်း လည်းနောက်ကနေ ထပ်ချပ်လိုက်ပါသွား၏။အိမ်ရှေ့ခန်း တွင်ဘက်ထရီ မီးချောင်းလေး တချောင်း လင်းနေပြီး လူသူတိတ်ဆိတ် နေ၏။မောင်မောင်ထွေးကတော့ သူ့ မိန်းမ ကို တကြော်ကြော်ခေါ်ရင်း အိပ်ခန်းထဲ ဝင်သွားသည်။ပြီးတော့ ချက်ချင်းလိုလို ပြန်ထွက်လာသည်။

“အခန်းထဲမှာ မရှိဘူး၊ ဘယ်ရောက်နေသလဲ မသိဘူး”

ခုနက လူရိပ်လိုလို မြင်လိုက်ရသော ကောင်းထက်လင်း က အိမ်ထဲတွင် မျက်လုံးကစားကြည့်လိုက်ရာ ဘုရားစင်ရှေ့ ကြမ်းပြင်ပေါ်တွင်ချထားသော အထုပ်ဖြူဖြူ လေးတခုကို မြင်လိုက်ရ၍ ဘာရယ်မဟုတ် ပြေးကြည့်လိုက်မိသည်။

အနှီးဖြင့် ထုပ်ထားသော မွေးကင်းစ ကလေး ငယ်လေး ဖြစ်နေ၏။

“ကိုမောင်မောင်ထွေးရေ ဒီမှာ ကလေးလေးဗျ”

ကယောင်ကတန်းဖြင့် မောင်မောင်ထွေး ပြေးလာပြီး ကလေးကို ကောက်မလိုက်ရာ ကလေး လန့်ပြီး ထငိုတော့သည်။

“မိနွယ် မွေးတောင်ပြီးသွား ပြီ နင်က ဘယ်ရောက်နေတာလဲ ဟ”

ကလေးကို အငိုတိတ်လို တိတ်ငြားတလှုပ်လှုပ် နှင့် ချော့ရင်း မောင်မောင်ထွေးက အိမ်ထဲ တွင်လိုက်ရှာနေသည်။ သွေးနုသားနု မှာ တစုံတရာဖြစ်ပြီး လဲနေသလား ဟု စိုးရိမ်စိတ်ဝင်သွား မိ သော ကောင်းထက်လင်း လည်း သူနဲ့ အတူရှာမိ၏။သုံးပင်နှစ်ခန်း အိမ်ကလေးက ကျဉ်းပါသည်။ လူတယောက်လဲကျနေလျှင် လည်း တွေ့ ရန်မခက်ပါ။ သွေးပူနေသော မောင်မောင်ထွေးက သတိမပြု မိသော်လည်း နောက်ဖေးက တံခါးပွင့် နေသည်ကို ကောင်းထက်လင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် ပွင့်နေသော တံခါးဆီသို့ပြေးလာခဲ့သည်။ မောင်မောင်ထွေးလဲ ကလေးပိုက်ပြီး နောက်က လိုက်လာသည်။

နောက်ဖေးတံခါး ကနေ အပြင်ကိုထွက်လိုက်ချိန်တွင် တဝေါဝေါ အသံတွေကြားရ၏။

“ဘာသံတွေတုန်းဗျ”

“ချောင်းရေ စီးတာလေ၊ နောက်ဖက်မှာက ချောင်း”

မောင်မောင်ထွေးစကားကြောင့် ကောင်းထက်လင်း ချောင်းဖက်သို့ လှမ်းအကြည့်တွင် အဖြူရောင် အရိပ်တခုကို မြင်လိုက်ရသည်။ သူအခုနက တံခါးဝတွင် မြင်လိုက်ရသည်က လည်း ဒီလိုအရိပ်ပင်။

“ဟိုမှာ … ဟိုမှာ”

မောင်မောင်ထွေးလဲ မြင်သွား၏။ ထိုအချိန်မှာ ပင်အဖြူရောင် အရိပ်က လွင့်ကနဲ ပျောက်သွား၏။

“မိနွယ်ရေ၊ နင်ဘာလုပ်တာလဲ”

အရိပ်မြင်လိုက်ရာ ဆီသို့ မောင်မောင်ထွေး နှင့် အတူ ကောင်းထက်လင်း ပါပြေးသွားကြ သည်။ ကလေးပွေ့ထားသော မောင်မောင်ထွေးက နောက်မှာ ကျန်ခဲ့ပြီး ကောင်းထက် လင်းရှေ့ရောက်သွား၏။

“အကိုကြီး ရှေ့က ချောင်းနော်”

မောင်မောင်ထွေး သတိပေးလိုက်သလို ဝေါဝေါ ဆူညံနေသော ရေသံကြောင့် ကောင်းထက် လင်း ခြေလှမ်းတွေတုံ့ပြီး ရပ်လိုက်မိသည်။ စောစောက သူတို့ လူရိပ်ကလေး မြင်ခဲ့ ရသောနေရာသည် ချောင်းကမ်းပါး ဖြစ်လို့နေ၏။

“မိုက်လှ ချေလားမိနွယ်ရယ်”

မချိတင်ကဲ ပြောရင်း မောင်မောင်ထွေး က ချောင်းထဲသို့ သူပါ ခုန်ချလိုက်တော့ မလိုလုပ်ပြီးမှ ကလေးက အော်ငိုလိုက်ပြန်သော ကြောင့် ကလေးကို ငုံ့ကြည့်ရင်း ကမ်းပါးမှာ ထိုင်ချလိုက်သည်။

အမှောင်ထုထဲမှာ ချောင်းရေဖွေးဖွေး ကို ရိုးတိုးရိပ်တိတ်သာ မြင်ရသည်။ တဝေါဝေါ နှင့် အရှိန် ပြင်းစွာ စီးဆင်းနေသော ရေသံကိုသာပီပီသသ ကျယ်လောင်စွာ ကြားနေရသည်။

“ကိုမောင်မောင် ထွေး၊ ကလေး ဘေးဖြစ်မယ်ဗျာ၊ အိမ်ပြန်ရအောင်၊ ကျွန်တော်တို့မျက် စေ့ မှားတာလဲဖြစ်ချင် ဖြစ်မှာပါ”

မောင်မောင်ထွေးကို ဆွဲထူရင်း ကောင်းထက်လင်း ပြောလိုက်သည်။

“ဟုတ်မယ် အကို၊ ညနေက မိနွယ်ဝတ်ထားတာ အဖြူ မဟုတ်ဘူး၊ အညို ကွက်ကလေး ဝတ်ထားတာ”

သူ့ကိုယ်သူ စိတ်ဖြေသလား၊ကောင်းထက်လင်း စကားကိုပဲ လက်ခံလိုက်လေသလား မသိရသော်လည်း မောင်မောင်ထွေး အိမ်ဖက်သို့ ပြန်လိုက်လာသည်။

“ခင်ဗျားတို့ အိမ်နီးနားချင်း တွေ နှိုးပြီး အကူအညီတောင်းကြတာပေါ့ဗျာ”

“အကိုကြီး လဲ ဆွမ်းခံရင်း ငှက်သင့်နေပြီ”

“ရပါတယ်ဗျာ၊ ဒီလို ကူညီရတာ ကျွန်တော့် အတွက်ဘာမှ အပန်းမကြီးပါဘူး”

အိမ်နီးနားချင်း တွေကို နှိုးရန် မလိုတော့ပါ။ မောင်မောင်ထွေး အော်သံတွေ ကြောင့် ပြေးလာကြသော အိမ်နီးချင်း တချို့က အိမ်ရှေ့တွင်ရောက် နှင့်နေကြလေပြီ။မြန်မာတို့၏  ခင်မင်ဖွယ်ကျေးလက်ဓလေ့ကို ကောင်းထက်လင်းချက်ချင်း သတိပြုမိလိုက် သည်။ မောင်မောင်ထွေး နှင့် ကောင်းထက်လင်း အိမ်ရှေ့ရောက်သည် နှင့် ရောက်နေ နှင့်သော လူစုထဲမှ အမျိုးသမီးကြီးတယောက် ထွက်လာပြီး မောင်မောင် ထွေးလက်က ကလေးကို လွှဲပြောင်းယူလိုက်သည်။ ငိုနေသော ကလေးကို ချော့ရင်း အိမ်ပေါ်တက်သွား၏။ သူ့နောက် နောက်ထပ်မိန်းမ နှစ်ယောက်ပါလိုက် သွားကြသည်။

ကျန်နေရစ်သော ယောက်ျားကြီးသုံးလေး ယောက်ခန့်ကို မောင်မောင်ထွေးက အကျိုးအ ကြောင်း ရှင်းပြနေစဉ်မှာ ကောင်းထက်လင်းလည်းဘာ လုပ်ရမှန်းမသိ၍ ဒီတိုင်းရပ်နေမိသည်။

အကြောင်းစုံ သိပြီးသွားသည့်နောက် အိမ်ပေါ်က ပြန်ဆင်းလာသော မိန်းမတယောက် နှင့်ယောက်ျားတယောက်က ခပ်သုတ်သုတ် ထွက်သွားကြသည်။ ကောင်းထက်လင်း ကားစက်မသတ်ရသေးတာကို သတိရပြီး ကားဆီ အသွားတွင် မောင်မောင်မောင်ထွေး ပြေးလိုက်လာသည်။

'အကိုကြီးပြန်တော့ မလို့လား'

'မပြန်သေးပါဘူး စက်ရပ်မလို့'

ကောင်းထက်လင်းစက်ရပ်ပြီး မီးပိတ်ကာ လူအုပ်ဆီပြန်လာခဲ့၏။ မကြာမှီပင် ခုနထွက် သွား ကြသူ နှစ်ယောက်၏ သတင်းပေးမှု ကြောင့် ထင်သည်လက်နှိပ်ဓါတ်မီးတွေ တဝင်းဝင်း နှင့် လူအတော်များများရောက်လာကြသည်။ ကြိုတင်ရောက် နေနှင့် သူများထဲမှ အသက်ကြီးကြီး အဖိုးကြီးတယောက်က သူတို့ကို စီမံခန့်ခွဲပြီး မောင်မောင်ထွေးဇနီးကို ရှာဖွေဖို့ ပြင်ကြသည်။ ရှာမယ့်သူတွေ ထွက်သွားတော့မှ အဖိုးကြီးကကောင်းထက်လင်း ဆီ လျှောက်လာ၏။

'လာပါ၊ အိမ်ပေါ်မှာ ထိုင်နေပါဦး ဆရာလေး'

အခြေအနေ ကိုသိချင်သောကြာင့် စောင့်နေချင်သည့် ကောင်းထက်လင်းလည်း အဖိုးအို နှင့် အတူ အိမ်ပေါ် တက်လာခဲ့သည်။ အိမ်ရှေ့ခန်းမှာ

ငူငူကြီး ထိုင်နေသော မောင်ထွေးသာရှိ သည်။ အခန်းထဲဖက်မှာတော့ မိန်းမတွေ နှင့် ကလေး အသံကြားရသည်။

'ကလေးက ယောက်ျားလေးလား မိန်းကလေးလားမောင်ထွေး'

အဘိုးကြီးက မေးလိုက်တော့မှ မောင်မောင်ထွေးလည်း အိပ်မက်က လန့် နိုးသလို ဖြစ်သွားပြီး

'ဟုတ်ပါရဲ့ အဘရာ၊ ကျွန်တော်မေ့နေတာ၊ ကလေးက ဘာလေးတုန်းကြီးတော်ရေ'

'မိန်းကလေးဟဲ့၊နင်က ဒါတောင် မသိဘူးလား'

အတွင်းခန်းထဲက မိန်းမတယောက်ကပြန်ဖြေသည်။

'မိနွယ်လိုပဲ နှာတံပေါ်ပေါ်လေးနဲ့၊ နင်နဲ့ မတူဘူး'

နောက်ထပ်တသံပါကြားရသည်။

'ဟေ့မောင်ထွေး၊ ဧည့်သည်ဖို့ အကြမ်းအိုးလေးဘာလေး ချလေကွာ၊ စိတ်အေးအေးထား၊ ဟိုကောင်တွေ ရသမျလူစု ပြီး ဒီနားတဝိုက်တောနင်း ရှာလိမ့်မယ်၊ ဒီဆရာလေး လဲအား နာမိပါရဲ့'

'မဟုတ်တာအဘရယ်၊ ကျွန်တော်လဲ ကြုံကြိုက်လို့ ကူညီဖြစ်တာပါ'

'မောင်ထွေး အမေ မခင်စိန်ကလည်း သူ့အမျိုးနာရေးကိုညအိပ်သွားနေတယ်လေ၊ မိနွယ်လေး မွေးဖို့ကလဲ လိုသေးတယ် ပြောကြလို့၊သူကလဲ စိတ်ချလက်ချသွား၊ တို့များတွေလဲ ပေါ့ မိကြတာ၊ မောင်ထွေးကလည်း ဆရာဝန်ပင့်သွားမယ် ဆိုလဲ အနီးအနား အသံပြုသွားတာ မဟုတ်ဘူး'

'အော်တယ် အဘရဲ့၊ မိုးသံလေသံ နဲ့ မကြားကြတာဖြစ်မယ်၊ ကျွန်တော်ကလဲ ကိုယ့်ဇောနဲ့ ကိုယ်ဆိုတော့ တန်းသုတ် တော့တာ'

ရေနွေးကြမ်းအိုးလာချပေးရင်း မောင်မောင်ထွေးက ဝင်ပြောသည်။ ခုချိန်မှာတော့ သူ့စိတ်သူ ထိန်း နိုင်သွားပုံရသည်။ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာ၏။ထိုအချိန်မှာ မောင်ထွေးလက်ထဲက ကလေးကို အရင်ဆုံးလာပွေ့ယူသွားသော မိန်းမကြီး အခန်းထဲက ပြန်ထွက်လာသည်။

'အဆင်ပြေသွားပါပြီ ကလေးကတော့၊ အချောလေး မောင်ထွေးရေ၊ မိနွယ်နဲ့ ချွပ်စွပ်ပဲ၊ မင်းအားရှိသေးရင်တော့ ချက်ကြိုး မြေသွားမြုပ်လိုက်

ပါကွယ်'

'ဟုတ်ကဲ့'

မောင်ထွေးချက်ချင်းထပြီးအခန်းထဲ ဝင်သွားသည်။

'ဦးလေးလှ၊ဘယ်လိုထင်သလဲ'

မောင်ထွေး အတွင်းဖက်ပျောက်သွားတော့မှ မိန်းမကြီးက အဖိုးကြီးကို မေးသည်။

'ငါလဲ မထင်တတ်ဘူးဟဲ့၊ ဒီဆရာလေးကို မေးကြည့်ပါလား၊ သူက မောင်ထွေးနဲ့ အတူ လာ တာ ဆိုတော့'

'မောင်ထွေးဆရာဝန်နဲ့ မှားခေါ်လာတယ်ဆိုတာလား'

'ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်က ကားနဲ့ ဆေးရုံပို့ပေးမယ် ဆိုပြီးကူညီဖို့လိုက်လာတာ၊ ဒီရောက်တော့ လူပျောက်မှု နဲ့တိုးနေတယ်'

'ချောင်းစပ်မှာ လူရိပ်မြင်တယ်ဆို'

'လူရိပ်လိုလိုတော့ တွေ့တယ်ခင်ဗျ၊ မှောင်ကလဲ တအားမှောင်နေတော့ သဲသဲကွဲကွဲတော့ မဟုတ်ဘူး'

ထိုအရိပ်ကို သူတို့ဝင်လာစဉ်က အိမ်ဝမှာတွေ့သည့် အကြောင်းကိုတော့ ဘာကြောင့် မှန်းမသိ ကောင်းထက်လင်းထည့်မပြောမိပါ။

'သူပြောသွားတဲ့ အတိုင်းဆိုရင်တော့ မခင်စိန်က မနက်ဖြန်ညနေ လောက်ပြန်ရောက်မယ် မှန်းတာပဲ'

'အင်း ... ဒါဆိုရင်တော့ ကလေးအမေဖြစ်ဖြစ်၊ မိခင်စိန် ဖြစ်ဖြစ် ပြန်မလာသေးခင် နင်နေပေး လိုက်ဟာ'

'နေပေးမှာပါ ဦးလေးလှရယ်၊တရုပ်မ ကိုတောင်မှာထားသေးတယ်၊ကလေးနို့လာတိုက်ပေးဖို့၊”

မိန်းမကြီးက ကောင်းထက်လင်းဖက်ကို မျက်လုံးတချက်စွေကြည့်ရင်း

“တယောက်ထဲ လဲဖြစ်၊ မိုးတွေလေတွေကြား မှာ သားဦး မွေးရတာဆိုတော့ သွေးလန့်ပြီး စိတ်ဖေါက်သွားတာမျိုး ဖြစ်မှာစိုးတယ် ဦးလေးလှရေ”

“ညည်းက ချောင်းထဲ စိတ်ဖေါက်ပြီးခုန်ချသွားတယ် ထင်လို့လား”

“ဖြစ်နိုင်ချေ တွေးကြည့်တာ ပါဦးလေးလှရယ်”

“ရပ်ကွက်ရုံးမှာ သတင်းပို့ ထားရင်ကောင်းမယ် ထင်တယ်”

ကောင်းထက်လင်း အကြံပေးလိုက်တော့ အဖိုးအိုကပြုံးသည်။

“ဦးလေး လှက ကျေးရွာဥက္ကဌလေ”

မိန်းမကြီးကဝင်ဖြေသည်။

“ဟာ …ဒါဆိုရင် အဆင်ပြေတာပေါ့”

“ချောင်းထဲ မဆင်းရင်တော့ တွေ့လောက်ပါတယ် ဦးလေး လှရယ်။ လောလောလတ်လတ် မီးဖွားထားတာ သွေးလန့်ပြီး လျှောက်ပြေးဦးတော့

ဝေးဝေး ပြေးဖို့ အားမရှိပါဘူး”

ဒီလိုပဲဖြစ်စေဖို့ ကောင်းထက်လင်း ဆုတောင်းပါသည်။ သို့သော် အိမ်ဝမှာမြင်သည့် လူရိပ်နှင့်ချောင်းစပ်မှာ မြင်ရသည့်လူရိပ် တူတူလို့ သူ့စိတ်မှာ ထင်နေမိသော အခါ မောင်မောင်ထွေးနှင့် ကလေးငယ်အတွက် စိတ်မချမ်းမသာ ဖြစ်ရသည်။

ကောင်းထက်လင်းတို့ စကားကောင်းနေကြစဉ် မောင်မောင်ထွေးပြန်ရောက်လာသည်။

“ဟဲ့ မောင်ထွေး ကလေးကြည့်ခဲ့ပြီးပြီလား”

“ကြည့်ပြီးပြီ ကြီးတော်၊ ဒီမှာလဲ ဦးလေးလှ တို့ရှိနေတော့ ကျွန်တော်လဲ အပြင်ထွက်ကြည့်ချင်တယ်”

“ဒါဆို ကျွန်တော်လဲ လိုက်မယ်လေ၊”

ထိုင်စောင့်နေရတာကို စိတ်မရှည်ချင်သလို ဖြစ်နေသော ကောင်းထက်လင်း လည်း တက်ကြွစွာ ထိုင်ရာကထလိုက်မိသည်။ သို့သော် ထိုအချိန်မှာပင် မိုးက တဖျောက်ဖျောက် ပြန်ကျလာ၏။

“နေပါဦးမောင်ထွေးရာ၊ ဒီဆရာလေးလဲ မိုးမိပါမယ်၊ မိုးက ပြန်သည်းမလား မဆိုနိုင်ဘူး”

“ကျွန်တော် ဒီတိုင်းထိုင်မနေချင်ဘူး ကြီးတော် ရဲ့”

ပြောနေကြစဉ် မှာပင် မိုးကပြန်သည်းလာ၏။ လိုက်ရှာသော အဖွဲ့တွေလည်း တဖွဲဖွဲ ပြန်ရောက်လာသည်။ မိုးစိုနေသည်ကို အကြောင်းပြပြီး အထဲသို့ မဝင်ကြ။ ဦးလေးလှ ဆို သောရွာလူကြီးက အောက်ဆင်းပြီး စကားပြောသည်။ ခနနေတော့ မိုးသည်းသည်းမှာ သူတို့တွေ ပြန်ထွက်သွားကြပြန်၏။မောင် မောင်ထွေးက ဗီရိုတလုံးဖက်သို့ ထသွားပြီး ဓါတ်ပုံလေး တပုံယူလာကာ ကောင်းထက် လင်းကိုပြသည်။

“အဲဒါမိနွယ်လေ”

ကောင်းထက်လင်း ဘက်ထရီမီး မှိန်မှိန် အောက်မှာ ဓါတ်ပုံလေးကို ကြည့်နေစဉ် မောင် မောင်ထွေးထိုင်နေရာ မှ သုတ်ကနဲထပြီး အိမ်အောက်သို့ဆင်းသွားသည်။ ကောင်းထက်လင်း နှင့် လူကြီးနှစ်ယောက် ကြောင်ကြည့်နေမိချိန် မှာပင် မောင်ထွေး အမှောင်ထု ထဲသို့ တိုးဝင် ပျောက်ကွယ်သွား၏။

“မိနွယ်ရေ၊ မိနွယ်ရေ”

မှောင်နှင့် မည်းမည်း မိုးရွာကြီးထဲမှာ အဆောင်းမပါ မီးမပါဘဲ ထွက်သွားရှာသော မောင်မောင်ထွေးအသံက အိမ်ဖက်ဆီသို့ လွင့်ထွက်လာသောအခါ အိမ်ပေါ်မှာ ရှိနေသူများ သက်ပြင်းကိုသာချမိကြတော့သည်။

.........................

ညက ညည့်နက်မှ အိပ်ရသောကြောင့် ကောင်းထက်လင်း နိုးလာချိန်မှာ မနက်ရှစ်နာရီကျော် နေလေပြီ။ အိပ်ရာက နိုးနိုးခြင်း ကောင်းထက်လင်း အရင်ဆုံးသတိရမိသည်မှာ မောင်မောင် ထွေး ၏ အကြောင်းဖြစ်သည်။ ကောင်မလေးကို ပြန်တွေ့မတွေ့သိချင်နေမိ၏။ ထို့နောက် သတိရမိသည်က ရဲအရာ ရှိကို မြင့်ဆွေ ဖြစ်သည်။ ခြံဝက ဒေါက်တာကောင်းထက်လင်း ဆိုသည့် ဆိုင်းဘုတ်ကို လာတပ်ပေးသွားသည်မှာ ကိုမြင့်ဆွေ ဖြစ်၏။

လူပျောက်မှု ဆိုလျင်ရဲ အရေးပိုင်သည်ဖြစ်ရာ အကယ်၍သာ ညတုန်းက မောင်မောင်ထွေးတို့ လူပျောက်တိုင်ခဲ့လျင် ကိုမြင့်ဆွေဆီက သတင်းအစအန ရနိုင်သည်။ရေချိုး အဝတ် အစားလဲ ပြီး နောက် သိပ်မဝေးလှသောရဲစခန်းဖက်ဆီသို့ လမ်းလျောက်ထွက်လာခဲ့သည်။ မိုးတိတ်နေပြီ ဖြစ်သော်လည်း တိမ်တွေကတော့ အုံ့မှိုင်းနေသေး၏။ နေရာင် ကိုပင်ကောင်း ကောင်း မမြင်ရသေးပါ။

ဟိုရောက် တော့မှ ကိုမြင့်ဆွေကို ခေါ်ပြီး မနက်စာတခုခု သွားစားဖို့ ကောင်းထင်လင်း စိတ်ကူးထား၏။ ကိုမြင့်ဆွေကို ရဲစခန်းဝင်းအတွင်းရှိသူ့အိမ်မှာပင် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့သည်။ ယူနီဖေါင်း အပြည့် အစုံဝတ်ထားပြီး အလုပ်ဆင်းဖို့ ပြင်နေသည်ကို တွေ့ရ၏။

ကိုမြင့်ဆွေက ယူနီဖေါင်းသာဝတ်မထားလျင် ရဲအရာရှိနှင့် လုံးဝမတူပါ။ အသားညိုညို လူကခပ်ဖိုင့်ဖိုင့် နှင့် အညာသား ဆန်ပွဲစား၊ ဆီပွဲစားကြီး ပုံပေါက်သည်။ ကိုမြင့်ဆွေက ကောင်းထက်လင်း၏ မိဘများနှင့် တရပ်ထဲ တနယ်ထဲသားဖြစ်သည်။ ဆွေလိုမျိုးလိုလည်း ခင်မင်ကြ၏။ ဒီမြို့လေးမှာ ကောင်းထက်လင်း အိမ်ဝယ်ဖြစ်တာကလည်း ကိုမြင့်ဆွေ ကြောင့်ပင်။ အလုပ်ကိစ္စ ဖြင့်လာရင်း ဒီမှာတာဝန်ကျနေသော ကိုမြင့်ဆွေ နှင့်ပြန်ဆုံဖြစ်ပြီး အေးအေး ချမ်းချမ်း နေလိုသောအခါ လာနေနိုင်ရန် ကိုမြင့်ဆွေ တိုက်တွန်းချက်အရ ယခုအိမ်လေးကို ဝယ်ဖြစ်သည်။ သူနေသောစခန်းနှင့် လည်း မလှမ်းမကမ်း မှာရှိ၍ ကောင်းထက်လင်း တခြားမှာ နေနေချိန်များတွင်ကိုမြင့်ဆွေက စောင့်ရှောက်ပေးထားသည်။

ကောင်းထက်လင်း အေးအေးဆေးဆေး စာရေးစာဖတ်လုပ်လို၍ အခုတခေါက်ရောက်လာ ပြီးရက်ရှည်ကြာနေမည် လုပ်သော အခါ ကောင်းထက်လင်း ဘယ်သူဘယ်ဝါမှန်းသိစေရန်ဟု နာမည်ဆိုင်းဘုတ် လုပ်ပြီးလာတပ်ပေးသွားရာ မှ မောင်မောင်ထွေးက ဆရာဝန်ထင်ပြီးလာခေါ်သည့် အဖြစ်သို့ ရောက်ခဲ့သည်။

'ဒေါက်တာကြီး၊ ထမင်းစားပြီးပြီလား'

'လာပြန်ပြီဒီဒေါက်တာ၊ မစားရသေးဘူးဗျ'

ကောင်းထက်လင်းက ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ် ပြောသည်ကို ကိုမြင့်ဆွေနားမလည်သော် လည်း တဟဲဟဲ ရယ်ရင်း

'ကိုယ် အလုပ်သွားတော့မလို့၊ မကြာဘူး အခြေအနေကြည့် ပြီးပြန်လာခဲ့မယ်၊ မနက်စာ ဒီမှာပဲစား'

အိမ်ရှေ့မှာကစားနေသော သူ့သားနှစ်ယောက်ကို လှမ်းခေါ်ပြီး ကောင်းထက်လင်း အတွက် မုန့်ဝယ်ခိုင်းလိုက်သည်။

'မိန်းမရေ၊ ကိုလင်း အတွက်ကောိဖီဖျော်ဟေ့၊ ခနလေးပဲ ကိုလင်း ပြန်လာခဲ့မယ်'

'ကိုမြင့်ဆွေ ခင်ဗျား စခန်းရောက်ရင် ညတုန်းက လူပျောက်တိုင်တာ ရှိမရှိမေးပေးပါဗျာ၊ ရှိရင်လည်း အခြေအနေ သိချင်တယ်”

'ဘာဖြစ်လို့လဲဗျ'

'နောက်မှ ပြောပြမယ်၊ အဲဒါမေးခဲ့၊ ဟိုဖက်ချောင်းကွေ့ဖက်က အမှု'

'အားလားလား အဆန်းပါလား၊ လက်စသေတ်တော့ ဒေါက်တာကြီး ဒီကို စာရေးဖို့လာတာ မဟုတ်ဘဲ စုံထောက်လာလုပ်တာ ကိုး'

'အဲဒါ သာမေးခဲ့ပါ ကိုမြင့်ဆွေရယ်'

ကိုမြင့်ဆွေ သွားပြီးနောက် ကောင်းထက်လင်းကို စကားလာထိုင်ပြောသော ကိုမြင့်ဆွေမိန်းမ ကို အကြောင်းစုံပြောပြ လိုက် သည်။

'အဲဒါ ခင်ဗျား လူကြီးတရားခံဗျ'

'ဟုတ်ပါရဲ့ကိုလင်းရယ်၊ ဆိုင်းဘုတ်ချိတ်မထားရင် ဆရာဝန်ပင့်လာမှာ မဟုတ်ဘူး၊ ကိုလင်းပုံ ကလည်း ဆရာဝန်လို့ ပြောရင်ယုံ လောက်တာကိုး၊ ဟုတ်တယ်၊ ရှင့်လူကြီးကိုကောင်းကောင်း ကောပစ်လိုက်'

ကိုမြင့်ဆွေ မိန်းမကလည်း မြှောက်ပေးသည်။ ဆယ့်ငါးမိနစ် ကျော်လောက်ကြာသော အခါ ကိုမြင့်ဆွေ ပြန်ရောက်လာသည်။


အပိုင်း ( ၃ ) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment