Saturday, November 23, 2024

ရောင်စုံ ဘောလုံး အပိုင်း ( ၈ )

ရောင်စုံ ဘောလုံး အပိုင်း ( ၈ )

ရေးသားသူ - မင်းခိုင်

( ၉ )

“ ဟေ့ရောင်...ပလုံဝုန်း ဖွင့်ကြည်စမ်းပါကွ....မင်းကိုငါ ဒါကိုပြချင်လို့ မင်းဆီအရောက်လာရတာ...ဖွင့်ကြည့်လေ....”

ဦးလေးအောင်ကြီးပါ ။ မင်းမင်း ရုံးကပြန်မလာခင်တည်းက အိမ်ကိုရောက်နေပြီး...မင်းမင်း အိမ်ရောက်တာနဲ့ ချက်ချင်း အပြင်ကို အတင်းခေါ်လာတယ်လေ။ ဆိုင်ရောက်တော့...တစ်ခွက်မြန်မြန်မော့ပြီးတာနဲ့ သူ့အိတ်ထဲက ဗူးအဖြူလေးထုပ်ကာ မင်းမင်း ကို အတင်းဖွင့်ကြည့်ခိုင်းနေတော့တာပါပဲ။

“ ဘာဗူးလဲဗျ...ဦးလေးအောင်ကြီး ရ...”

“ ဟာ....ဒီကောင်...စကားများတာကွာ...ဖွင့်စရာရှိတာ ဖွင့်တာမဟုတ်ဘူး....”

မင်းမင်း ဗူးအဖုံးလေး ဖွင့်လိုက်တာနဲ့ အပေါ်ယံမှာ အဝါရောင် စာရွက် လေးတစ်ရွက်။ စာရေးထားတာက 

“ ဦးအောင်ကြီး အတွက် လက်ဆောင်” တဲ့။

ရေးထားတာက ကိုယ့်ကို မရည်ရွယ်ပါသော်လည်း မင်းမင်း ဒီလက်ရေးလေးမြင်လိုက်တာနဲ့ ရင်တွေ ဒိန်းကနဲ ခုန်လို့သွားပါသည်။ ဇာခြည့် လက်ရေးလေးတွေပါ။ ရင်ထဲ နှလှံးသားထဲကနေ အသေအချာ မှတ်မိနေတဲ့ ဇာခြည့် လက်ရေးသော့သော့လေးတွေလေ။

“ ဇာခြည် ပို့ပေးလိုက်တာလား...ဦးလေးအောင်ကြီး ကို.....”

“ အေးလေကွာ...ရှမ်းမလေး ပေးလိုက်တာ.....”

“ ဦးလေးအောင်ကြီး ကို ပေးတဲ့ဟာပဲ...ဘာလို့ ကျွန်တော့ကိုပြနေတာလဲ....”

မင်းမင်း မနာလိုသံတွေ ပါသွားသလားလို့။ မဟုတ်ပါဘူး...လွမ်းဆွတ်တဲ့အသံ၊ တမ်းတမိလို့ ခံစားရတဲ့ အသံတွေပဲဖြစ်မယ်။

“ မင်းမေကလွှား....ထုပ်တော့မကြည့်ဘဲ လျှာကရှည်နေပြန်ပီ.....ထုပ်ကြည့်...”

မင်းမင်း စာရွက်လေး ကိုဖယ်လိုက်တော့....Hip Flask လို့ခေါ်တဲ့ အရက်ထည့်သောက်ရတဲ့ သတ္တုဗူးအပြားလေးကို တွေ့ရသည်။

“ လှသားပဲ.....”

“ ဟ...ဒီသေနာလေးကတော့...အဲ့ဒီဗူးကိုပါ ထုပ်ကြည့်ပါဆို.....”

မင်းမင်း ကို ဦးလေးအောင်ကြီး ထပ်ဆဲနေပြန်သည်။ မင်းမင်း လည်း အဲ့ဒီတော့မှ ဗူးလေးကို မကြည့်လိုက်တယ်။ ဗူးရဲ့အောက်မှာ တိပ်လေးနဲ့ သေချာဖိကပ်ထားတဲ့...စာရွက်ခေါက် အဖြူလေး.....။ ခုမှ...မင်းမင်း နှလုံးသွေးတွေတောင် ရပ်တန့်သွားရတော့မလို ဖြစ်သွားရသည်။

“ မင်းမင်း ကို ပေးပေးပါ” .... လို့ အပေါ်မှာဇာခြည့်လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ခေါက်လေး။ မင်းမင်း ချက်ချင်း စာရွက်ခေါက်လေးကိုဝမ်းသာအားရ ....ဆွဲခွါမိလိုက်တယ်။

“ စောစောကကျ...သေမလိုမျက်နှာနဲ့....ခုကျတစ်မျိုး..ဒီမသာလေးကတော့....”

“ အဟီး....” မင်းမင်း ဦးလေးအောင်ကြီး ကို သွားဖြဲ ရယ်ပြလိုက်မိတယ်။


“ မင်းမင်းရေ....

ဇာခြည်တို့ ဝေးနေရတာ နှစ်ဆယ့်ရှစ်လ ကြီးများတောင် ရှိနေပြီနော်...။

မင်းမင်း ကို ဇာခြည် အရမ်း သတိရနေတယ်။

မင်းမင်း ကို သတိမရတဲ့ နေ့ တစ်နေ့မှ မရှိခဲ့ဘူး။ မင်းမင်း ကရော...ဟင်..ဇာခြည့် ကို သတိရနေရဲ့လား။

ဇာခြည်သိပါတယ် မင်းမင်း လဲ ဇာခြည့် ကို သတိရနေမယ်ဆိုတာ။ တို့တွေ... ပြန်တွေ့ရဖို့ နောက်ရှစ်လလောက်ပဲ လိုတော့တယ်။

အားတင်းထားနော်။


မင်းမင်း ရဲ့ ဇာခြည် ”


မင်းမင်း စာကိုဖြန့် ဖတ်ကြည့်ရင်း မျက်ရည်တွေဝဲတက်လာရတယ်။ ဇာခြည် ရယ် နင့်ရဲ့ ဟော့ဒီ စာလေးတစ်စောင်နဲ့ပဲ နှစ်ဆယ်ရှစ်လစာ ငါ့အလွမ်းတွေ အတွက် ထိုက်တန်လွန်းနေပါပြီ။ ဦးလေးအောင်ကြီးပါ မင်းမင်း ကိုကြည့်ပြီး မျက်နှာညှိုးကျသွားတယ်။

“ မင်းတို့နှစ်ယောက် မြန်မြန်ပြန် တွေ့ပြီး တစ်ကယ်လဲပေါင်းကြရပါစေကွာ...”

တဲ့။ ဝမ်းနည်းနေတဲ့ လေသံကြီးနဲ့ပါပြောလိုက်သေးတယ်။ မင်းမင်း ဇာခြည့် စာလေးကို ဘယ်နှခေါက်မှန်းမသိတော့ဘူး ဖတ်နေတာ။ ရုတ်တရက် မင်းမင်း စာရွက်အောက်နားလေးမှာ တွေ့လိုက်ရတာက.. ပန်းရောင် ဖျော့ဖျော့ အရာလေးတွေ။ သေချာကြည့်တော့မှ... ဟား....ဒါ...ဒါ...ဇာခြည့် နှုတ်ခမ်းရာလေးပါလား။

ဇာခြည် ဒီစာပေါ်မှာ သူမ နှုတ်ခမ်းလေးနဲ့ နမ်းပေးခဲ့တာလား။မင်းမင်း လဲ အပေါ်ကနေ ဖွဖွ ပြန်နမ်းလိုက်မိ ရဲ့။ ဘယ်နှစ်ရက်လောက် ကြာနေပြီလဲ မင်းမင်း မသိပေမယ့်...မင်းမင်း ဇာခြည့် နှုတ်ခမ်းလေးရဲ့ လတ်လတ်ဆတ်ဆတ် ရနံ့လေးတစ်ခု ရလိုက်သလိုမျိုး....ဇာခြည့် နှုတ်ခမ်းရဲ့ နူးညံ့ချိုမြိန်မှုတွေ ရလိုက်သလိုမျိုး ခံစားလိုက်ရပါ၏။

အလွမ်းတွေ တစ်ထွေးကြီးပြေသွားလိုက်တာ...ဇာခြည် ရယ်။

“ ဟေ့ကောင်...ငါက လူပျိုကြီးပေမယ့်...အသည်းနုတယ်ကွ...ငါ့ရှေ့မှာ အဲ့လို မလုပ်ပါနဲ့ကွာ...ငါငိုတောင်ငိုချင်လာပြီ...လခွေးထဲမှပဲ.....”

မင်းမင်း ရှက်ပြုံးပြုံးပြလိုက်မိတယ်။

“ ဦးလေးအောင်ကြီး... မင်းမင်း ဒီနေ့ သုံးခွက်လိုက်သောက်မယ်....အရမ်းပျော်လို့...”

“ ဟေ...အေး..အေး...ချ...ရော့....ငါလဲပျော်တယ်..ကဲ...ပလုံဝုန်း နဲ့ ရှမ်းမလေးတို့ရဲ့ မဂ်လာဦး အကြိုညအတွက်လို့...သဘောထားပီးသောက်ကွာ.....”

မင်းမင်း တို့ပြိုင်တူမော့ချလိုက်ပါသည်။ အရက်တွေက မင်းမင်း အတွက် ခုကျ ချိုနေသလားပဲ။

“ ဘိုးတော်...ငါ့ကိုခေါ်ပေးတာကွ....ရှမ်းမလေးရဲ့ လက်ဆောင်ကို....ငါကွာ ဝမ်းသာလိုက်တာ....ရှမ်းမလေးငါ့အပေါ်သိတတ်တာကို....ဖွင့်ကြည့်လိုက်တော့ မင်းနာမည်နဲ့ စာလေးတွေ့တာနဲ့ ငါ မင်းတိုအိမ်အပြေးလာလိုက်တာ...ငါပိုတောင်ပျော်သွားသလိုပဲ.....”

ဦးလေးအောင်ကြီး တက်တက်ကြွကြွနဲ့ ပြန်ပြောနေတယ်။

“ သူ...အဆင်ပြေတယ်တဲ့လား....ဦးလေးအောင်ကြီး ဘာတွေကြားသေးလဲ....”

“ ပြေမှာပါကွ...ဘိုးတော်တို့ အတွက်လည်း...လက်ဆောင်တွေ ဝယ်ပို့ပေးလိုက်သေးတယ်တဲ့....ဘိုးတော် မျက်နှာ ကြီးကို ဖြီးနေတာပဲ...သူ့သမီးက တော်လိုက်တာလို့တောင် ချီးမွမ်းနေသေးတယ်...နေဦး...ဘိုးတော် တို့ ရှေ့တစ်ပတ်ထဲ ပြောင်းတော့မှာ...မင်းကြားမိသေးလား...”

“ ဟင့်အင်း... မကြားမိဘူး....ဦးလေးအောင်ကြီး... သူတို့က ဘယ်ပြောင်းမှာလဲ...ပင်စင်သွားတာလား....”

“ ဒဂုံမြိုနယ်ထဲက အိမ်ကိုပြောင်းမှာတဲ့ကွ...ပစ္စည်းတွေ စရွှေ့နေပြီ....ဘာတွေမှန်းလဲမသိပါဘူးကွာ...ခုအိမ်က ပစ္စည်းတွေကို ဒဂုံကိုလည်း ရွှေ့တယ်...တစ်ချို့ကို ငွေကြာရံထဲက...အိမ်ကိုလည်း ပို့တယ်....အဲ..အဲ့ဒါရှမ်းမလေးနဲ့ မမစိန် ပစ္စည်းတွေများတယ်ကွ...ငွေကြာယံအိမ်ကပစ္စည်းတွေကျတော့...ဒဂုံကိုရွှေ့ပြန်ရော...ရှုပ်နေတာပဲ...ငါ့ကောင်ရေ...အိမ်တွေကလဲ ပြန်ပြင်ထားလိုက်တာ... ရှယ်ပဲကွာ....ပီးတော့ ဘိုးတော်က ပင်စင်ယူဖို့ သုံးနှစ်လောက်လိုသေးတာ...ငါထက် ဘိုးတော်က သုံးနှစ်ပဲကြီးတာ ငါသိတယ်...

ခုက ပင်စင်သွားတာလဲမဟုတ်ဘူး...ထွက်တာလဲ မဟုတ်ဘူး...ကြားတာတော့...မျိုးကိုတို့ရုံးဖက်မှာ ဝင် လုပ်တော့မှာဆိုပဲ...ဒီကုမ္ပဏီတွေက သူပိုင်တာပဲ ငါသိတာပေါ့...ငါ့ကိုလည်းခေါ်သွားမယ်ပြောတယ်...ပင်စင်သွားတာဆို ခေါ်လို့မရဘူးလေ...

ဘာမှန်းလဲမသိပါဘူးကွာ...သူတို့ခေါ်ရင်လိုက်ရမှာပေါ့...ထွက်ဆိုလည်း...ငါကထွက်မှာပဲ... သူတို့က ငါ့မိသားစုလိုဖြစ်နေပြီကို....သြော်...ဒါနဲ့..ဟေ့ရောင်...ငါမေးရဦးမယ်... မင်းနဲ့ ရှမ်မလေးနဲ့ အရင်က စာတွေဘာတွေ အပြန်အလှန်ရေးဖူးကြလား....”

“ အင်း...ရေဖူးတာပေါ့....ဦးလေးအောင်ကြီး... ဘာဖြစ်လို့ မေးတာလဲ.....”

“ အဲ့ဒီစာတွေကခု...ဘယ်သူ့ဆီမှာလဲ...”

“ မင်းမင်း ဆီမှာလေ...ဦးလေးအောင်ကြီး... မင်းမင်းက စာလေးတွေကို စာအုပ်တစ်အုပ်ထဲမှာ ကပ်ကပ်ပြီး တွဲထားတယ်...အဲ...ဇာခြည့် ဆီမှာလဲ ရှိတယ်တဲ့..သူ မသွားခင် အကုန် copy လုပ်သွားတယ်ပြောတယ်...ဘာလို့လဲ ဦးလေးအောင်ကြီး......”

“ ဒီလိုကွ...ဟိုးတလောက...ငါ ဘိုးတော်ကို တိုင်းရုံးသွားပို့တော့....ဘိုးတော် ကားနောက်ခန်းထဲမှာ ဖိုင်တစ်ခု ဖွင့်ဖတ်နေတယ်....ငါလဲ အလုပ်ကိစ္စပဲထင်တာ.... မျက်နှာတော့ တော်တော်မကောင်းဘူး..စာဖတ်နေတုန်း...ပီးတော့ ကားအပြင် ငေးပြီးလိုက်လာတယ်...ဘာတွေတွေးနေလဲ မသိဘူး...တိုင်းရုံးဂိတ်က ရဲဘော်တွေ အလေးပြုတာလဲ ပြန်မပြုဘူး...ရုံးရှေ့ရောက်လို့ ကားရပ်ပေးတာလဲ သတိမထားမိဘူး...ငါက ဗိုလ်မှူးကြီး ရောက်ပြီလို့..ပြောလိုက်မှ....သြော်...အေးအေး...ဆိုပြီး ဆင်းသွားတယ်...ငါလဲ ကားနားမှာပဲစောင့်နေလိုက်တာ....တော်ကြာနေတော့...ရဲဘော်လေးတစ်ယောက်...ပြေးလာတယ်....

ဘိုးတော်က ကားနောက်ခန်းက သူ့ဖိုင်တွေကျန်ခဲ့လို့ လာယူခိုင်းလိုက်တာတဲ့...အဲ့ဒီကျမှ ငါလဲကြည့်မိတယ် ဟေ့ကောင်ရေ...ဟုတ်ပ...နောက်မှာ ဖိုင် အထပ်လိုက်ကြီး.... သူအဲ့လို တစ်နေရာရာမှာ သူ့ပစ္စည်းတွေကျန်ခဲ့တာမျိုး....ငါမတွေ့ဖူးသလောက်ပဲ.... အဲ့မှာ ဖိုင်တွေယူပေးရင်း...အပေါ်ဆုံးမှာ စောစောက သူဖတ်နေတဲ့

စာရွက်တွေတွေ့တယ်..မင်းနာမည်ရယ်...ရှမ်းမလေးနာမည်တွေနဲ့ ရေးထားကြတာ ...စာရွက်ကတော့ မိတ္တူကြီးပါ လေးငါးရွက်လောက် ရှိမယ်...ငါလဲ အဲ့ဒါလေးပါ ဖိုင်တစ်ခုကြားထဲထည့်ပြီးပေးလိုက်တယ်...မင်းတို့စာတွေပဲဖြစ်မယ်ကွ.....”

“ ဟာ...မင်းမင်း တို့စာတွေကို...ဇာခြည့် အဖေ တွေ့သွားတယ်...ဟုတ်လား...”

“ အေး...ဖြစ်နိုင်တယ်ကွ...သူဘယ်လိုရလဲတော့...ငါမသိဘူး...မင်းတို့ စာတွေ ဖြစ်နိုင်တယ်...နေပါဦး...မင်းတို့ကဘာတွေရေးထားလို့လဲ... ဘိုးတော်ဖတ်ပြီး ဒီလောက်စိတ်ထိခိုက်နေတာ.....”

“ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး ဦးလေးအောင်ကြီး ရာ...ဒီလိုပါပဲ....တစ်ယောက်နဲ့ တစ်ယောက် သတိရကြောင်းတွေ..ပီးတော့..ဇာခြည်က သူကြိုးစားနေကြောင်းတွေ...မင်းမင်း ကိုလည်း ကြိုးစားအလုပ်လုပ်ဖို့အကြောင်းတွေ.....မျှော်လင်ချက်ထားဖို့တွေ..သူမင်းမင်းတို့ မိသားစုကို အားကျတဲ့အကြောင်း...မင်းမင်းကလဲ...သူ့ကို အားတင်းထားဖို့တိုက်တွန်းတဲ့ အကြောင်းတွေ...ပီးတော့

မင်းမင်း တို့ ခုနေမတွေ့ရလဲ ကိစ္စ မရှိဘူး...ဇာခြည် သူ့မိသားစုနဲ့ အဆင် ပြေဖို့...သူ့အဖေနဲ့ အရင်လို ပြန်ဖြစ်အောင် ကြိုးစားဖို့တွေပဲ ရေးထားကြတာပါ....တခြားစိတ်ဆိုးလောက်စရာဘာအကြောင်းမှ မရှိပါဘူး....”

မင်းမင်း က စာတွေအားလုံးကို အလွတ်တောင်ရနေတာပါ။ တစ်ခုချင်းစီတောင်ပြန်ရွတ်ပြလို့ရတယ်။ ခုတောင် ဦးလေးအောင်ကြီး ကို အကြမ်းဖျင်းပဲ ပြောပြလိုက်တာ။

“ ဟေ...ဟုတ်လား...တော်သေးတာပေါ့ကွာ....ငါက...မင်းတို့နှစ်ယောက် တစ်ခုခု မဟုတ်တာတွေ ကြံစည်ဖို့များလားလို့...ပြောရရင်ကွာ...ခိုးပြေးမယ်တွေ ဘာတွေများရေးထားတာလားလို့...ငါကစိုးရိမ်နေတာ....အပြန်မှာလဲ ဘိုးတော်က... မမစိန် ဆီဖုန်းခေါ်တယ်...သူ့သမီးကိုသေချာဂရုစိုက်ဖို့ပြောတာကွ.... သူ့သမီးက သူတို့ကြောင့်...နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးပြီတဲ့...

သေချာ ဂရုစိုက်ပေးပါတဲ့...ခုတောင် သူ့အနားမှာပြန်ခေါ်ထားချင်နေပြီတဲ့လေ...ငါကလဲ..ဘာအဓိပ္ပါယ်မှန်းလဲ မသိတော့...မင်းတို့စာမှာ..အဲ့လိုတွေရေးထားတယ်ထင်ပြီး...စိုးရိမ်နေတာ...တော်သေးတာပေါ့ကွာ...”

မင်းမင်း သုံးခွက်လို့ပြောပြီး ဇာခြည် အကြောင်း တွေ...ဦးလေးအောင်ကြီး ပြောတာနားထောင်နေရင်းနဲ့လေးခွက်သောက်ဖြစ်သွားတယ်။ ဦးလေးအောင်ကြီး လည်း မင်းမင်း သူ့ကိုယ်တာထဲကယူသောက်လိုက်တာ ရေချိန်မကိုက်တော့လို့ဆိုပြီး အစိတ်ပြားလေးတစ်စိတ် ထပ်မှာလိုက်ရသေးသည်။

အဲ့ဒီည မင်းမင်း ဦးလေးအောင်ကြီး ကို မင်းမင်း တို့အိမ်မှာပဲ လိုက်အိပ် ခိုင်းလိုက်ပါသည်။ ပြန်တော့ နှစ်ယောက်သား လမ်းလျှောက်ပြန်ကြရင်း...အရွယ် မတူသော်လည်း သူငယ်ချင်းတွေလို တစ်ယောက်ပခုံးတစ်ယောက် ဖက်ဖို့လုပ်တော့...ဦးလေးအောင်ကြီး ထဖောက်ပါပြီ။

“ ဟေ့ရောင်...ပလုံဝုန်း... မင်းကလေ...လီးကြီးသလောက် လူကလဲတော်တော် အရပ် ရှည်တဲ့ကောင်ပဲ...ငါ..မင်းပခုံးဖက်လို့မရဘူး...မင်းခါးကိုင်းပေထား... နေပါဦး ရှမ်မလေးဆို မင်းကိုဘယ်နေရာဖက်မလဲ....”

“ ဇာခြည် က ဦးလေးအောင်ကြီး ထက်အရပ်ရှည်တယ်....ပူမနေနဲ့...သူမမှီရင်...မင်းမင်း ခါးကို သူဖက်မှာပေါ့...”

“ ဟေ...အေး....ဟုတ်သားပဲ....”

ဦးလေးအောင်ကြီး ရုတ်တရက် ကောက်ကာငင်ကာ သီးချင်းထဆိုပါသည်။ အစမရှိ အဆုံးမရှိနဲ့။ ဒီနေရာပဲ ထပ်တလဲလဲ ဆိုနေတာ။ မင်းမင်း အရင်က မကြားဖူးပေမယ့်...သူဒါပဲဆိုနေတော့ ချက်ချင်း အလွတ်ရသွားပြီး သူနဲ့ အတူလိုက်အော်ဖြစ်တယ်။ ဘာတဲ့...သီချင်းက....

 ♪ ♫♪ ♫.....ရှမ်းမလေးရယ် လှတယ် ချောတယ်.....အေးချမ်းလွန်းတဲ့ သူပါကွယ်........ရှမ်းမလေးရယ် လှတယ် ချောတယ်.....အေးချမ်းလွန်းတဲ့ သူပါကွယ်........ပါးလေးတွေနီမြန်းကာရယ်...ချစ်စရာကောင်းလိုက်တာကွယ်... ♪ ♫♪ ♫

ကြိုက်စရာကောင်းလိုက်တာကွယ်...ပျိုပျိုသွားတော့ကွယ် မင်းမင်းရယ် လွမ်းလှတယ်...  ♪ ♫♪ ♫..တဲ့ လေ။

သီချင်းက ဟုတ်သလား မဟုတ်သလားတော့မသိပါ။ မင်းမင်း နာမည်ပါ ပါနေမှတော့ ဟုတ်မယ်မထင်။ ရှေ့က ပျိုပျိုလို့ ဆိုမှတော့ နောက်က ကိုကို လိုက်ရမှာကို ဦးလေးအောင်ကြီး က “မင်းမင်း” လို့ဖျက်ဆိုလိုက်တာပဲ ဖြစ်မှာ။ ဆိုလဲ ဆိုတတ်တဲ့ ဦးလေးအောင်ကြီး ။

ဘာပဲဖြစ်ဖြစ် မင်းမင်း ခံစားချက် နဲ့တော့ ကွက်တိ ဆိုတော့...မင်းမင်း လဲ လိုက်အော်မိတော့တာပဲ။ ရင်ထဲမှာ စိတ်စောပြီးပျော်နေမိတယ်...ဇာခြည် ရယ်။နောက်...ရှစ်လဆိုရင် နင်နဲ့တွေ့ရတော့မှာလေ။

 ♪ ♫♪ ♫...ရှမ်းမလေးရယ် လှတယ် ချောတယ်.....အေးချမ်းလွန်းတဲ့ သူပါကွယ်.........ရှမ်းမလေးရယ် လှတယ် ချောတယ်.....အေးချမ်းလွန်းတဲ့ သူပါကွယ်........ပါးလေးတွေနီမြန်းကာရယ်...ချစ်စရာကောင်းလိုက်တာကွယ်... ကြိုက်စရာကောင်းလိုက်တာကွယ်...ပျိုပျိုသွားတော့ကွယ် မင်းမင်းရယ် လွမ်းလှတယ်.. ♪ ♫♪ ♫

........................................

(၁၀)

ဒီနေ့က တနဂ်နွေနေ့။

မင်းမင်း မနက်အစောကြီးတည်းက နိုးနေတယ်။ နိုးနေတာမဟုတ်ပါဘူး.....ညတည်းက ကောင်းကောင်း အိပ်မရခဲ့တာပါ။ မနေ့က ညနေပိုင်း ဇာခြည် ပြန်ရောက်မယ်ကြားတယ်။ မင်းမင်း ရင်တွေ အခုန်မြန်နေရတာ တစ်ချိန်းလုံးလိုလို ပါပဲ။

ထိုင်ရမလို ထရမလို လမ်းလျှောက်နေရမှာလား မသိတော့ဘူး။ ဂနာမငြိမ်ဘူးဆိုတာ ဒါမျိုးကိုပြောတာပဲဖြစ်မယ် ထင်ပါရဲ့။

မင်းမင်း တင်လားဆိုတော့..အစ်မနဲ့ အမေလည်း ဘာထူးလဲ။ မနေ့ကတည်းက....

“ လေယာဥ် ကဘယ်အချိန်ဆိုက်မှာလဲ...ကလေးမလေးတို့ဆီကို နောက်နေ့ရောလာလို့ရပါ့မလား...လာရင်ရော အိမ်မသိတော့ အဆင်ပြေပါ့မလား...အောင်ကြီး တော့သိတယ်...အောင်ကြီးရော အားရဲ့လားမသိ...လက်ဖက်လေးသုပ်ထားလိုက်မယ် မနက်ကျရင်.... သြော် ကြိုသုပ်ထားရင်လဲ...အကြော်တွေပွကုန်မှာပေါ့...ဘယ်အချိန်ရောက်လာမလဲ မသိကြဖူးလားဟဲ့....” 

နဲ့ မင်းမင်းကို လိုက်ကြည့်ပီးပြောနေကြတာ။ မင်းမင်း လဲ မျက်စိနောက်၊ နားနောက်လို့ အိပ်ရာအစောကြီးဝင်ခဲ့လိုက်တယ်။

အဲ့ဒီကျမှ...ဒုက္ခ အိပ်လို့က ဘယ်လိုမှမရ။ အမေတို့ပြောတာလဲ ဟုတ်သားပဲ။ ဇာခြည် လာလို့ရပါ့မလား....သူ့အဖေက ခွင့်ပြုပါ့မလား။ ခုဆို ဇာခြည့် အဖေက အစ်ကိုကြီးတို့ ရုံး၊ မင်းမင်း တို့ရုံးချုပ်မှာ ရုံးထိုင်နေပြီ။

ကြားရတာ...ဇာခြည့် ကိုပါ သူ့ရုံးမှာ အလုပ်လုပ်ခိုင်းမယ်ထင်တယ်တဲ့။ လွန်ခဲ့တဲ့လတည်းက သူ့ရုံးခန်းနဲ့ ကပ်လျက်မှာ ရုံးခန်းနောက်တစ်ခုကို သူကိုယ်တိုင် ဝင်မလုပ်ရုံတမယ် တက်တက်ကြွကြွနဲ့ လုပ်နေတာ အစ်ကိုကြီးမှတဆင့် မင်းမင်း တို့ကြားရသည်။

ဘာအတွက်လုပ်နေတာလဲ ဘယ်သူ့ကိုမှ မပြောပေမယ့် GM ကြီးတို့လို သူနဲ့ရင်းနှီတဲ့ လူတွေကရိပ်မိနေကြပြီ။ သြော်..ဟုတ်တာပေါ့...ဇာခြည် သင်လာတဲ့ ပညာက သူ့အဖေလုပ်ငန်းမှာ တစ်ကယ် အထောက်အကူပြုမယ့် ပညာရပ်ပဲ။ ဒီလို ပညာရှင်တွေကို မင်းမင်း တို့ ကုပ္မဏီကပိုက်ဆံတွေအများကြီးပေးပြီး ငှားထားရတာ မင်းမင်း သိတာပေါ့။

ကြားရတာ ဇာခြည့် အတွက် ဝမ်းသာ အားရစရာပါပဲ။ ဇာခြည် က တော်တော့ တစ်ကယ် အောင်မြင်မယ်ဆိုတာ မင်းမင်း သိနေတယ်။ မင်းမင်းရဲ့ ဟန်းဖုန်းထဲမှာ ဇာခြည် အရင်ကိုင်ခဲ့တဲ့ ဖုန်းနံပါတ်လေး မင်းမင်း မှတ်ထားတယ်။ တစ်ခါမှ မခေါ်ဖူးခဲ့ပေမယ့်...ခေါ်ကြည့်ရင်ကောင်းမလား...။ မဖြစ်သေးပါဘူး...ဇာခြည်က အဲ့ဒီဖုန်းနံပါတ် ပြန်ကိုင် မကိုင် မသေချာပဲနဲ့။

ဟူး....ဘယ်လိုမှ အိပ်မရပါလား။ လင်းအားကြီးမှ မှေးကနဲအိပ်ပျော်သွားတယ်။ ဇာခြည် လာတယ်လို့ အိပ်မက်လိုလို တစ်ကယ်လိုလို ဝိုးတိုးဝါးတား အသံတွေ အိမ်ရှေ့က ကြားရလို့...မင်းမင်း နိုးလာတယ်။

တစ်ကယ်က ....အစ်မရဲ့ အသံ။ ထုံးစံအတိုင်း အိပ်ရာစောစောထပြီး...စာမကျက်လို့ အစ်မ သူ့ သားအငယ်ကောင်ကို အော်ဟစ်နေတာ။ ဟိုကောင်က ဒီနှစ် ဆယ်တန်းတက်မှာ။ ကျောင်းတောင်မဖွင့်သေးဘူး...နွေရာသီကျူရှင်ပို့ထားပြီး ခုတည်းကအစ်မက သူ့သားကို ဘီလူးဆိုင်းတီးနေပီ။

မင်းမင်း လဲအိပ်ရာကထလိုက်ပြီး...ဘာလုပ်ရမှန်းမသိဘူး။ ရောင်တောင်ပေါင်တောင်ဖြစ်နေရတယ်။ အရင် တနဂ်နွေတွေမှာ မင်းမင်းဘာလုပ်တတ်လဲ ပြန်စဥ်းစားနေရတယ်။ လက်ဖက်ရည်ဆိုင်သွားတယ် မနက်ဆိုရင်။ အခုမသွားချင်ပါဘူး...တော်ကြာ ဇာခြည် လာရင် မတွေ့လိုက်ရဘဲ ဖြစ်နေဦးမယ်။

သတင်းစာ ဒါမှမဟုတ် ဂျာနယ်ဖတ်တယ်။ အင်း...ဖတ်နေမှ။ ဘာတွေရေးထားမှန်းလဲမသိဘူး...စိတ်ဝင်စားစရာ တစ်ခုမှတောင် မတွေ့ဘူး။ သြော်...ဒုက္ခပါပဲ...ငါ့နှယ့်နော်။ သတင်းစာသာဖတ်နေတာ...မင်းမင်း အမေနဲ့ အတူတူ အိမ်ရှေ့မှာ ကားတစ်စီးစီးဖြတ်သွားတိုင်း မသိမသာလိုက်ကြည့်မိတယ်။

အမေက ပေါ်တင်ကြည့်နေတာ။ တစ်ခါတစ်လေ ဖြည်းဖြည်းသွားတဲ့ကားဆို အမေက အိမ်ရှေ့တံခါးဝထိသွားပြီးလိုက်ကြည့်နေသေးတယ်။ ကျော်များသွားပြီလားဆိုပြီးလိုက်လိုက်ကြည့်နေတာ မင်းမင်းသိတာပေါ့။မင်းမင်း လဲ အမေ့လိုပါပဲ။

အမေအိမ်ထဲပြန်ဝင်လာရင် မင်းမင်း သတင်းစာဖတ်သလိုပြန်လုပ်နေလိုက်တယ်။

“ ဟေ့ကောင်...မင်းမင်း... မင်းသတင်းစာဖတ်နေတာ ကြာလိုက်တာကွာ...ငါဖတ်ဖို့စောင့်နေတာ....တစ်နာရီလောက်ရှိတော့မယ်....ဘာလဲ သတင်းစာကို အလွတ်ကျက်နေတာလား.....”

အဖေ ဒေါသထွက်ပြီးလာပြောနေတာပါ။

“ မဟုတ်ပါဘူး...အဖေရဲ့ စိတ်ဝင်စားစရာ တွေ့လို့ပြန်ဖတ်ကြည့်နေတာပါ...”

“ ဘာစိတ်ဝင်စားစရာလဲ...ဖင်တကြွကြွ ခေါင်းတထောင်ထောင် နဲ့ ဘာကိုစိတ်ဝင်စားရမှာလဲ...ပေးတော့...ဟေ့ကောင်....” အဖေ သူ့လက်ထဲက သတင်းစာကို လုသွားတယ်။ ခု...မင်းမင်း ဘာဆက်လုပ်ရမလဲမသိတော့ဘူး။

“ အလကား...လေးမင်းက သတင်းစာဖတ်နေတာ မဟုတ်ဘူး ဖိုးဖိုးရဲ့... သူ မမဇာခြည်ကို မျှော်နေတာ...” မင်းမင်း ရဲ့ တူမ အစ်မရဲ့ သမီးအကြီးမ ဝင်ပြောနေတာပါ။

“ ဟဲ့ကောင်မလေး......နင်သင်တန်းသွားတော့မှာ မဟုတ်လား...ကိုယ့်ဟာကိုယ်..သွားစရာရှိတာမသွား ဘဲ...ဘာလာလျှာရှည်နေတာလဲ...သွား..သွား...မြန်မြန်သွားတော့....”

ဒါတောင်မသွားခင် မင်းမင်းကို ပြန်ပြောသွားသေးတယ်။

“ မှန်တာပြောလို့...လေးမင်းကြီး ရှက်ရမ်းရမ်းနေပြီ..ဟေ့”....တဲ့။

စာကျတ်ချင်ယောင်ဆောင်နေတဲ့ အငယ်ကောင်က ခွိကနဲ ထရယ်တယ်။ မင်းမင်း မျက်စောင်းထိုးကြည့်လိုက်မိတယ်။ အပြင်ရောက်တော့...အပြင်ကနေ လှမ်းအော်နေသေးတယ်။

“ လေးမင်း ရေ...ဒီမှာ မမဇာခြည် လာနေပြီ...”

မင်းမင်း နောက်မှန်းသိနေတာတောင် ခြေထောက်က အိမ်ရှေ့ဖက် လှည့်မိလိုက်သေးတယ်။ သေတော့မှာပဲ....ဒီကောင်မလေးတော့။ ဒါနောက်စရာလား။ မင်းမင်း အခန်းထဲပြန်ဝင်ပြီး အိပ်ရာပေါ်လှဲလို့ ဒိုင်ယာရီ စာအုပ်လေးပဲ ထုပ်ကြည့်နေလိုက်တော့တယ်။

ရင်တွေမောရပါလားဇာခြည်လေးရေ...နင့်ကိုမျှော်နေရတာ။ ဒီအချိန်လေးက...ငါ့မှာ...ကျန်ခဲ့တဲ့ သုံးနှစ်တာ ကာလကြီးထက်တောင်...ကြာနေရသလိုပဲ။ တစ်ကယ်လဲ ညနေလေးနာရီလောက်မှ ဇာခြည် ...ရောက်လာတယ်။

အိမ်ရှေ့မှာကားရပ်လိုက်တာနဲ့ မင်းမင်း သိတယ်။ ဒါ ဇာခြည့် အဖေကားဆိုတာ။ဇာခြည် ကားပေါ်ကဆင်းတုန်းရှိသေးတယ်....အမေနဲ့ အစ်မက 

“ ဇာခြည်လေး လာပြီဟေ့...” လို့ အော်ရင်းပြေးထွက်သွားပြီးဖက်ပစ်လိုက်ကြပြီ။ မင်းမင်းမှာ အိမ်ပေါက်ဝက ရပ်ပြီးပဲကြည့်နေရတယ်။

ဘယ်လိုတွေတောင်လဲ။ ဒါမျိုးဆိုတာ...ရုက်ရှင်တွေထဲမှာဆို...မင်းသားနဲ့ မင်းသမီးက နာမည်တွေပြိုင်တူခေါ်လို့...အတူပြေးလာကြပြီး အလယ်မှာတွေ့ရင် မင်းသားက မင်းသမီး ခါးလေးကနေကိုင်မြှောက်ပြီး ဆွဲမွှေ့ရမ်းလို့...စလိုးမိုးရှင်းလေးနဲ့ ကြည်နူးစရာကောင်းလိုက်မယ့်ဖြစ်ခြင်း။ ခုကျ...သူတို့ကအရင် ပြေးဖက်ကြတာ။ မင်းမင်း ဘူ သွားရတယ်။

နောက်က ဦးလေးအောင်ကြီး ဆင်းလာပြီး နောက်ခန်းကနေ အထုပ်အပိုးတွေ ဆွဲထုပ်နေတယ်။ဇာခြည်က အမေနဲ့ အစ်မကို ပြန်ပွေ့ဖက်ရင်း နေကောင်းလားလို့ သတင်းတွေ မေးနေတယ်။

“ ဇာခြည်လေး ပိုလှလာလိုက်တာ.... လူကြီးပိုဆန်လာတယ်တို့...စာတွေလိုက်နိုင်ရဲ့လားတို့...” 

ခြံဝမှာတင်မေးနေကြတယ်။ ဇာခြည် တစ်ကယ်လဲ လူကြီးမလေးတစ်ယောက်လိုပဲ။ တစ်ခါမှ ထမီနဲ့ မတွေ့ဖူးတဲ့ ဇာခြည်ကို ခု...ပန်းဆီရောင် တမီဗြောင်လေးနဲ့...အဝါရောင်ဖျော့ဖျော့ အက်ျီလက်တို လေးနဲ့၊ ဆံပင်တွေကတော့နဲနဲတိုသွားတယ်။ အရင်ကျောလည်လောက်ကနေ ခုပခုံးလေးကျော်ရုံပဲရှိတယ်။

ခန္ဓာကိုယ်လေးက အရင်အတိုင်းပဲ။ ထမီလေးနဲ့ ဇာခြည့် ကိုယ်ခန္ဓာအလှတွေက အရမ်းပေါ်လွင်နေတယ်။ လှလိုက်တာဇာခြည်ရယ်။

“ ခင်ဗျားတို့က တော်တော် အလိုက်မသိတဲ့ ဟာတွေပဲ...ခင်ဗျားတို့ချည်း ဒီမှာပိတ်ပြီးစကားပြောနေရလား...ဟိုမှာ....ဧည့်သည်ကိုလဲ အိမ်ထဲခေါ်ကြဦးလေဗျာ...အလိုက်ကန်းစိုးမသိကြဘူး....”

“ အံမလေးဟဲ့... အောင်ကြီးရဲ့ ငါတို့ကခုမှပြန်တွေ့ရတာ ဝမ်းသာလွန်းလို့ပါဟဲ့...ဟုတ်သားပဲ...လာ..လာ...သမီး...အိမ်ထဲကိုလာ...”

ဦးလေးအောင်ကြီး အထုပ်တွေဆွဲလို့ အိမ်ထဲကို...အရင် အရှေ့ကဝင်လာပြီး မင်းမင်း ကို မျက်စိတစ်ဖက်မှိတ်ပြသွားတယ်။ အဲ့ဒီကျမှ...အမေနဲ့ အစ်မက ဇာခြည့်ကို အိမ်ထဲခေါ်လာကြတယ်။

“ ဇာခြည်......”

“ မင်းမင်း.....မင်းမင်း နေကောင်းတယ်နော်...မင်းမင်းက လူကြီးကြီးဖြစ်နေပြီ... ဘော်ဒီလဲပြည့်လာတယ်နော်...အသားလဲ နဲနဲ ညိုသွားတယ်...”

“ ဇာခြည်.....ဇာခြည်....”

မင်းမင်း နဲ့ ဇာခြည် တစ်ယောက်နဲ့ တစ်ယောက် အိမ်ပေါက်ဝမှာ ရပ်ရင်း... ရွှန်းရွှန်းစားစားကြည့်နေမိကြတယ်။ ဇာခြည် က မင်းမင်းကို စကားပြောနိုင်ပေမယ့်...မင်းမင်း ဘာမှပြန်မပြောနိုင်ရလောက်အောင် ရင်ခုန်နေမိတယ်။ ဝမ်းသာနေမိတယ်။ ဇာခြည့် နာမည်ကိုပဲ ခေါ်နေမိတယ်။ ဇာခြည့်မျက်နှာလေးကိုပဲ အကြာကြီးကြည့်နေချင်မိတယ်။

“ ဟေ့ရောင်လေး....ဘာ..ဇာခြည်..ဇာခြည် နဲ့ပဲခေါ်နေရတာလဲ....ဒီမှာ လာထိုင်ဖို့ခေါ်ဦးလေကွာ....”

ဦးလေးအောင်ကြီး အော်မှ...မင်းမင်း သတိဝင်လာမိတယ်။

“ သြော်..အေး..ဇာခြည် လာ..ဟိုမှာလာထိုင်... ဇာခြည်နင်ပိုလှလာတယ်......”

“ မင်းမင်းကို မုန့်ကျွေးမယ်....မုန့်တွေလဲပါလာတယ်....”

ဇာခြည်...တစ်အိမ်လုံး...တစ်ယောက်မကျန် လက်ဆောင်တွေပေးတယ်။ မုန်ကျွေးမယ်ပြောပြီး မင်းမင်း ဖို့ကျ ဘာမှ ပါမလာသလိုပဲ...ဘာမှမပေးဘူး။ ဒါပေမယ့် ဇာခြည် ပြန်ရောက်လာပြီပဲ။ မင်းမင်း အတွက်တခြား ဘာမှ မလိုအပ်တော့လောက်အောင် ပြည့်စုံနေရပါပြီ။

“ သမီးဇာခြည်ရေ...နောက်နေ့တွေလဲ လာလို့ရသေးတယ်...သမီးအဖေက ညစာချိန်မတိုင်ခင်ပြန်လာခိုင်းတယ်နော်....လာ..အခုပြန်ကြရအောင်....”

ဦလေးအောင်ကြီး ပြောတော့ အမေက ချက်ချင်း ပြန်ပြောတယ်။

“ ဟယ်...ခဏလေးပဲ တွေ့ရသေးတာကို...အောင်ကြီးကတော့လုပ်ပြီ....”

“ ခင်ဗျားတို့ကလဲ...နဲနဲမှ အလိုက်မသိကြဘူး....အချိန်သိပ်မရပါဘူးဆိုတာကို....”

“ အေးလေ...နင်တို့ကလဲ...ဗိုလ်မှူးကြီးက အချိန်တိကျမှကြိုက်တာ...နောက်မှ လာလည်လေ သမီးရဲ့...ပြန်ပြန်...” မင်းမင်း အဖေကပါ ဝင်ပြောနေတာပါ။

“ ရပါတယ်...ဦးအောင်ကြီး ရဲ့....ဇာခြည် နဲနဲထပ်နေလို့ရပါသေးတယ်.....”

“ မရပါဘူးဆို...သမီးရဲ့....လာလာ...သွားကြမယ်....ဟေ့ကောင် ပလုံ...အဲ....မင်းမင်း...လာမင်းပါခဏလိုက်ခဲ့ဦး.....”

ဦးလေးအောင်ကြီး ဘယ်အကွက်တွေရွှေ့နေတာလဲဆိုတာ မင်းမင်း ရိပ်မိပါသည်။ မင်းမင်း နဲ့ ဇာခြည့် ကို နှစ်ယောက်ထဲ ခဏတွေ့ပေးစေချင်လို့...သူ ပြန်ဖို့ချည်းပြောနေတာပါ။ ဇာခြည် လဲ ရိပ်မိသွားပုံပဲ။ ဦးလေးအောင်ကြီး ကို ဘာမှထပ်မပြောတော့ဘဲ....မင်းမင်း အဖေ၊အမေနဲ့အစ်မတို့ကိုနှုတ်ဆက်နေလိုက်တယ်။

“ နောင်...အားတိုင်းလာလည့်ပါ့မယ်...” ပြောနေတယ်။

ဒါတောင်...အမေက သူလက်ဖက်သုပ်မကျွေးရသေးဘူးလုပ်နေသေးတယ်။ သြော်...အမေရယ်....မင်းမင်း ကျွေးလိုက်ပါ့မယ်။ ဦးလေးအောင်ကြီး ပြောသလို အမေက အလိုက်မသိဘူးဖြစ်နေပြီ။

......................................

“ သမီးတို...ဒီမှာဆင်းပြီး..အေးအေးဆေးဆေးလမ်းလျှောက် လိုက်လာခဲ့...ဦးအောင်ကြီး ဟိုးရှေ့ပေါက်နားကစောင့်နေမယ်....”

မင်းမင်း တို့ကို ဦးလေးအောင်ကြီး က ဇေကမ္ဘာဝန်းထဲကခေါ်လာတာပါ။ မင်းမင်း တို့ ဆင်းလိုက်တာနဲ့ ဦးလေးအောင်ကြီး ကားမောင်းထွက်သွားတယ်။ ခပ်ရေးရေးက လှမ်းမြင်နေရတဲ့ ဂိတ်ပေါက်ထိဆို သေချာတယ်...မင်းမင်း တို့.. မိနစ်နှစ်ဆယ်လောက် လျှောက်ရမှာ။

“ ဇာခြည်..ငါအရမ်းပျော်နေတယ်...နင်ပြန်လာလို့လေ...နင်ရောဟင်.....”

“ မင်းမင်းရယ်...ဇာခြည် က စသွားတဲ့နေ့တည်းက ပြန်လာချင်နေတာပါ.... မင်းမင်း ကို နေ့တိုင်းသတိရတယ်..သိလား....”

“ ငါလဲ...နင့်လိုပဲ...ငါ...နေ့တိုင်း...ဒိုင်ယာရီ စာအုပ်လေး ပဲဖတ်နေတာ...နင့်ကို သတိရတိုင်းလေ....ပီးတော့...ငါလေ....နင်ပြောခဲ့တဲ့အတိုင်းနေတယ်....နင့်ကိုစောင့်နေတယ်....အလုပ်လဲကြိုးစားတယ်...မျှော်လင်ချက်သေးသေးလေးကိုလဲ ဆုတ်ကိုင်ထားတယ်...သိလားဇာခြည်....”

“ မင်းမင်း ရယ်.....”

ဇာခြည် လမ်းလျှောက်နေတာကို ရပ်ပစ်လိုက်ပြီးမင်းမင်း နဲ့ မျက်နှာချင်းစိုင်လိုက်ကာ သူမ ကျောင်းတက်ဖို့ စသွားတဲ့နေ့ကအတိုင်း မင်းမင်းကို တင်းတင်းကျပ်ကျပ်ဖက်လာတယ်။ မင်းမင်း လည်း ဇာခြည့် ကို သူမပခုံးပေါ်ကနေပြန်ဖက်ထားလိုက်မိတယ်။

လွမ်းခဲ့ရသမျှ....ရင်ထဲမှာ...ခံစားခဲ့ရသမျှ...နာကျင်မှုတွေ အကုန်လုံး လွင့်ပျောက်ကုန်ပါပီ။ နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေ ပြန်ကြားနေမိတယ်လို့ ခံစားရတယ်။ တစ်လောကလုံး....ဘာတွေများ လိုအပ်ဦးမှာလဲ။ တို့အချစ်တွေနဲ့...လွှမ်းခြုံမယ်...ရင်စိုင်မယ်...ရှေ့ဆက်မယ်...။ မင်းမင်း ရင်ထဲ အားအင်အသစ်တွေ ရလာသလိုပဲ။

မင်းမင်း သူ့ရင်ခွင်ထဲ ခေါင်းလေးမှီနေတဲ့ ဇာခြည့် နဖူးစပ်လေးကို ဖွဖွ နမ်းလိုက်မိတယ်။ မင်းမင်း တို့ နှစ်ယောက်ရဲ့ ပထမဦးဆုံးသော အနမ်း။ အနမ်းဦး...ပန်းဦးလေးတစ်ပွင့်လေ။ ဇာခြည် မင်းမင်း ကို ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ပြန်မော့ကြည့်လာတယ်။ ချက်ချင်း သူမ မျက်နှာက မချိုမချဥ် ပုံစံဖြစ်လာတယ်။

အဲ့ဒါ...သူမ မင်းမင်း ကို ဘုကန့်လန့်လုပ်တော့မယ် ဆိုရင်ဖြစ်ဖြစ်၊ စတော့နောက်တော့မယ်ဆိုရင်ဖြစ်ဖြစ် လုပ်နေကျပုံမျိုး။ မင်းမင်း မှတ်မိတယ်။ ဒီလောက် ကြည်နူးနေတာကို ဒီဇာခြည်မ ဘာဖောက်ဦးမလဲ မသိဘူး။

“ သူ့...ရည်းစားလဲ မဟုတ်ဘဲနဲ့...လူကို...ဘာလို့လာနမ်းနေရတာလဲ...”

ဟော...ကြည့်...ဇာခြည် လုပ်လာပြီ...တွေ့လား။ ဘယ်ရမလဲ...ဒီကလဲ...မင်းမင်းပဲကို။

“ ကိုယ့်ဟာကိုယ်...အရမ်းချစ်လို့နမ်းတယ်ကွာ...ဘာဖြစ်လဲ..ဟော့ဒီလိုကို နမ်းဦးမှာ....”

မင်းမင်း ဇာခြည့်ပါးမို့မို့လေးတွေကို သူ့နှာခေါင်းတစ်ခုလုံး မြုပ်ဝင်သွားအောင် ကို ထပ်နမ်းလိုက်ပါသည်။ ဇာခြည် ပြုံးစစလုပ်နေရင်း...အို...လို့ဆိုကာ နှုတ်ခမ်း လေးဝိုင်းသွားပြီး...မရုန်းဖယ်ပါ၊ မငြင်းဆန်ပါ။ ကျေနပ်စွာ ခံယူနေတယ်လေ။

မင်းမင်း ဇာခြည့် နှုတ်ခမ်း ဖူးဖူးလေးကိုပါ ဆက်၍ နမ်းရှိုက်ပစ်လိုက်ပါပြီ။ ဇာခြည့်လက်တွေက မင်းမင်း ကို ပိုလို့တင်းကျပ်စွာ ဖက်လာပါသည်။ ဇာခြည့် ဆံနွယ်တွေက လေမှာ လွင့်ပျံလာပြီး မင်းမျက်နှာကို လာရိုက်ခတ်နေတယ်။ ဇာခြည့် အသက်ရှူသံတွေက ပိုမြန်လာပြီး မင်းမင်း ပါးပြင်ပေါ်မှာ သူမ ထွက်သက်လေ နွေးနွေးလေးတွေခံစားနေရတယ်။ အဲ့ဒီအချိန်မှာ သာသနာဖျက်ကားတစ်စီးက ဘေးကဖြတ်သွားပြီး...

“ ဆွဲထား...ဆွဲထား....အမုန်းဆွဲထားလို့.....” 

အော်သွားတော့ မင်းမင်း ဇာခြည့်ကိုနမ်းတာ ရပ်လိုက်ရတယ်။ ဇာခြည်လဲ ရှက်ပြုံးလေးပြုံးရင်း မင်းမင်း နဲ့ ခွါလိုက်ရတယ်။ ပီးတော့ မင်းမင်း တို့နှစ်ယောက်လမ်းဆက်လျှောက် လာလိုက်တယ်။ ဇာခြည် က မင်းမင်း လက်မောင်းကို တွဲခိုရင်း မင်းမင်း ပခုံးစွန်းမှာ သူမခေါင်းလေးကို မှေးတင်ရင်း လိုက်လျှောက်နေတာ။

“ မေးချင်သေးလား...ရည်စားမဟုတ်ဘဲ...ဘာလို့လာနမ်းတာလဲလို့....” ဇာခြည်လက်က မင်းမင်း ဗိုက်ပေါ်ရောက်လာပြီး ဆွဲစိတ် တယ်။

“ အား...လား..လား...နာတယ် ဇာခြည်ရဲ့....”

“ မင်းမင်း ဆက်နမ်းနေရင်...ဇာခြည် နှလုံးတွေ အရမ်းခုန်ပြီး အသက်ရှူရပ်သွားမလားမသိဘူး...နောက် အဲ့လို ပေးမနမ်းတော့ဘူး...ဟွန်း....”

ဇာခြည် သူမ လက်ကို လွှတ်ပေးရင်းပြောလာသည်။

“ ဟာ...ကောင်းတယ်...နောက် ဇာခြည် မင်းမင်း ကို လိမ်ဆွဲရင် အဲ့လို အပြစ်ပြန်ပေးရမှာပေါ့....”

“ ဟွန်း...ရလိမ့်မယ်...အားကြီးကြီး....နေပါဦး...ဇာခြည် ကျောင်းမသွားတက်ခင်တုန်းကတော့...တုတ်တုတ်မှ မလှုပ်တဲ့ လူက..ခုကျမှ...ချက်ချင်း ကြီး..ဘယ်လိုဖြစ်သွားရတာလဲ...”

“ ဟုတ်တယ်....အဲ့ဒီတုန်းက...ဇာခြည့်ကို မင်းမင်း ဖွင့်မပြောရဲသေးဘူး....ဇာခြည် သွားမယ့်လမ်းမှာ မင်းမင်းက အနှောင့်အယှက်ဖြစ်မှာ စိုးနေလို့...ခုက...သုံနှစ်အတွင်းမှာ...ဇာခြည့် ကို ချစ်တဲ့ စိတ်တွေက ဘယ်လိုမှ ထိန်းချုပ်လို့မရတော့အောင် ဖြစ်လာလို့...အရမ်းချစ်တယ်...ဇာခြည် ရယ်....”

မင်းမင်း လမ်းလျောက် နေရင်းနဲ့ ဇာခြည့် ခေါင်းလေးကို ငုံ့နမ်းမိပြန်သည်။

“ ဇာခြည် လဲမင်းမင်းကို အရမ်းချစ်တယ်...သိလား..မင်းမင်း....ပီးတော့ မင်းမင်း က ဇာခြည့် ကို ဘယ်တုန်းကစချစ်သွားတာလဲ....ပြောပြ....”

“ ဘယ်တုန်းကလဲ မင်းမင်း မမှတ်မိတော့ဘူး ...သေချာသိသွားတဲ့အချိန်က....ဇာခြည် မင်းမင်း တို့ဆီ သုံးရက်ဆက်တိုက် ရောက်မလာတုန်းကလေ....မှတ်မိလား....တို့တွေ ပိုက်လုံးကြီးမှာ သွားထိုင်ကြတယ်...အုတ်ကန်ပျက်ကြီးဘေးမှာ သွားသောက်ကြတယ်လေ...အဲ့ဒီအချိန်မှာ မင်းမင်း ဇာခြည့် ကို အရမ်းချစ်မိနေပြီဆိုတာ ကိုယ့်ဟာကိုယ်သေချာသိသွားတာ.....”

“ ဟင်...အဲ့လိုဆို မင်းမင်း ရှုံးပြီ...ဇာခြည့် ကို...ဇာခြည်က မင်းမင်း ကို စတွေ့တဲ့နေ့...စူပုပ်ပြီး...မင်းမင်း သင်တန်းအကြောင်းတွေ ရှင်းပြနေတည်းက စချစ်သွားတာ...မင်းမင်း ဇာခြည့် ကို ရှုံးပြီဟေ့...ဟေး...ပျော်လိုက်တာ...”

အရူးမလေး။ ပြိုင်စရာမရှိ လိုက်ပြိုင်နေတာ။ ရှုံးပေါ့....ရှုံးလဲဘာဖြစ်လဲ။ မင်းမင်း က ကျေကျေနပ်နပ်ကြီးကို အရှုံးပေးလိုက်မှာ။ မင်းမင်း အချစ်မှာ ရှုံးတာ၊ နိုင်တာတွေ၊ ပေးတာ၊ ယူတာတွေ မရှိနေဘူးလေ။ ဘာပဲဖြစ်ဖြစ် ဇာခြည့် ကို မင်းမင်း ကချစ်နေမှာပါ။

နေက လုံးဝ ဝင်သွားပြီ။

မနက်ဖန်မှာ..မင်းမင်း တို့အတွက် အလင်းရောင် အသစ်တွေပေးဖို့ ၊ သူပြန်လာမှာမို့ အခု ခဏ ဝင်သွားတယ်ဆိုတာ မင်းမင်း သိနေတယ်။

......................

(၁၁)

“ ဒါက...မင်းမင်းဖို့...ဒါက...ဇာခြည့်ဖို့...လာ..ဇာခြည် ဝတ်ပေးမယ်....”

ဇာခြည် က hand chain ဆင်တူလေးနှစ်ခုကို ပြကာ တစ်ခုကို မင်းမင်း ကိုဝတ်ပေးဖို့ လုပ်နေပါသည်။ Hand chain လေးတွေက ဝါကြန့်ကြန့်အရောင် ချိန်းကြိုးလေးမှာ လက်သန်းပြားခန့်အရွယ် ရှိပြီး တစ်လက်မကျော်ကျော် ရှည်တဲ့ စတီးပြားလေးကိုတွဲထားတယ်။

အသည်းပုံအရာလေးတွေထွင်းထားတဲ့အပေါ်မှာ တစ်ခုက Min Min Zar Chi လို့ ရေးထွင်းထား ပြီး နောက်တစ်ကတော့ Zar Chi Min Min လို့ ရေးထွင်းထားပါသည်။ နာမည်လေးနှစ်ခုကြားမှာလဲ အသည်းနှစ်ထပ်ပုံလေး ဖော်ထားပြန်သည်။

ဒါ ဘယ်လိုမှ...စတီး သို့မဟုတ် တခြား သတ္တုတစ်ခုခု မဖြစ်နိုင်ပါ။ ဖြစ်နိုင်တာက ရွှေဖြူလို့ခေါ်တဲ့ ပလက်တီနမ် သာဖြစ်ပါမည်။ ဒါဆို... ဒါ တန်ဖိုးကြီးတော့မှာပေါ့။ မင်းမင်းကို ဝတ်ပေးဖို့ပြင်နေတဲ့ ဇာခြည့် ဆီ လက်ထိုးမပေးဘဲ မင်းမင်း မေးလိုက်တယ်။

“ ဇာခြည် ရယ် အဲ့လောက် တန်ဖိုးကြီးတာကြီး ဘာလို့ လုပ်လာရတာလဲ....”

“ ဘာမှ တန်ဖိုးမကြီးဘူး...ဒါ..ဇာခြည့် ကျောင်းမုန့်ဖိုးထဲကစုပြီး လုပ်လာတာ...လာပါ ဝတ်ကြည့်စမ်းပါ...ပြီးရင်ဇာခြည့်ကိုလဲ ပြန်ဝတ်ပေး...”

“ နောက်ဆို...အဲ့လိုတန်ဖိုးကြီးတာတွေ...မင်းမင်း ကို မပေးပါနဲ့.....”

“ မောင်မင်းမင်း.... နင်တော်တော် လျှာရှည်နေတယ်နော်...ငါပြောတာ နားထောင်စမ်းပါ....ပေးလက်ပေး...လိမ်ဆွဲတော့..ခံရတော့မယ်....”

“ နင်..လိမ်ဆွဲရင်...ငါကလဲ ဖက်နမ်း ပစ်လိုက်မှာပေါ့..ဘယ်ရမလဲ....”

အဲ့ဒါကို..မင်းမင်း နဲ့ ဇာခြည် လို့ခေါ်ပါသည်။ အရမ်းကြည်နူးနေရင် မင်းမင်း ဇာခြည် နဲ့ကြင်နာနေကြသလောက် စိတ်နဲနဲဆိုးရင်...စိတ်ကောက်ကြပြီဆိုရင်တော့ နင်ငါတွေ ဖြစ်ကုန်ကြရသည်။ မင်းမင်း နဲ့ ဇာခြည် က တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ သူငယ်ချင်း လိုရော ချစ်သူတွေ အဖြစ်ပါ ဘဝနှစ်မျိုးကို ဖြတ်သန်းနေကြရသလိုပဲ။

“ ဟိတ်...လာမနမ်းနဲ့တော့...နင်ဒါမဝတ်ရင်...ငါလုံးဝ...အနမ်းမခံတော့ဘူးနော်....မောင်မင်းမင်း...”

“ အေးပါ..အေးပါ....ငါကပဲ အလျှော့ပေးရတော့မှာပေါ့......”

မင်းမင်း က ဇာခြည် နဲ့တွေ့တိုင်း မနမ်းဘဲနဲ့မှ မနေနိုင်တာ...လက်ကိုထိုးပေးလိုက်ရတယ်။ ဇာခြည် ကစိတ်ကူးတော့ ကောင်းသား။ မင်းမင်း ချိန်းကြိုးလေးမှာ သူမနာမည် ရှေ့ကတင်ထားပြီး...သူမ ဆီမှာတော့ မင်းမင်း နာမည်ကို ရှေ့ကတင်ပေးထားပါသည်။

“ ဇာခြည့် ကိုပြန်ဝတ်ပေးဦးလေ....” မင်းမင်း ဝတ်ပေးလိုက်ပါသည်။

“ လှလား...မင်းမင်း....”

“ အင်း....လှတယ်...ဇာခြည်နဲ့ပိုလိုက်တယ်....နေပါဦး ဒါကို ဇာခြည့် အဖေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ....”

“ တွေ့ပစေပေါ့...တွေ့သွားတော့လဲ...ကောင်းတာပဲ...ဖွင့်ပြောနေစရာတောင် မလိုတော့ဘူး....”

မင်းမင်း က အဲ့လိုတော့လဲ မဖြစ်စေချင်ပါ။ ဇာခြည် က အခုဆိုရင် သူမ မိသားစု..အထူးသဖြင့်...သူမအဖေနဲ့ပေါ့လေ... အရင်လို ပြန်အဆင်ပြေနေပါပြီ။ ဇာခြည် ပြန်ရောက်ပြီး တစ်ပတ်မကြာဘူး...ဇာခြည့်မှာ ကားတစ်စီးရှိလာပြီ။ အရင်ကားဝါလေးတော့မဟုတ်။ အဖြူရောင် နောက်တစ်စီး။

အဲ့ဒီကားလေးကို ဇာခြည် ကိုယ်တိုင်မောင်းပြီး မင်းမင်း တို့အိမ် ရောက်ရောက်လာတတ်သည်။ မင်းမင်း ရုံးကိုတော့ တစ်ခါမှ မလာဖူးသေးပါ။ မင်းမင်း နားလည်ရမှာပေါ့ ရုံးမှာ သူမကို GMD ရဲ့ သမီးမှန်း သိနေတဲ့သူတွေရှိနေနိုင်လို့ သူမ မလာတာပဲ ဖြစ်မည်။ မင်းမင်း ကလဲ လာပါလို့ မတောင်းဆိုဖူးပါ။

ဇာခြည့် ကို သူမ အဖေက အပြည့်အဝ ယုံကြည်ပြီး...ကိုယ်ပိုင် လွတ်လပ်ခွင့်တွေပေးထားတယ်လို့ ဇာခြည် ပြောပါသည်။ အလုပ် မဝင်ခင် တစ်လလောက်...ဇာခြည် လုပ်ချင်တာလုပ် သွားချင်တာသွားတဲ့။ ဒါပေမယ့်...ဇာခြည် က တော်ပါသည်။ သူမ သင်ခဲ့တဲ့ ပညာရပ်နဲ့ ပတ်သက်တဲ့ နောက်ထပ် သင်တန်းတစ်ခုကို ဒေါ်လာနဲ့သွင်းရသော နိုင်ငံခြားက online စနစ်နဲ့ သင်တဲ့ သင်တန်းတစ်ခု တက်နေတယ်လို့ မင်းမင်း သိရတယ်။ တစ်ပတ်လေးရက်....သုံးလလောက် တက်ရမှာတဲ့။

ညနေပိုင်းတွေ မှာတော့ တစ်ရက်ခြားတစ်ခါလောက် မင်းမင်း တို့အိမ်ရောက်လာတတ်သည်။ များသောအားဖြင့် မင်းမင်း ပြန်မရောက်သေးတဲ့ အချိန်ညနေ လေးနာရီ ငါးနာရီလောက်တည်း ကရောက်နေတတ်ပြီး ဟိုးအရင်လို အမေ နဲ့ အစ်မတို့နဲ့ အတူတူ လုပ်ကိုင် စားသောက်နေတတ်ပြီး မင်းမင်း ပြန်ရောက်ပြီးမှ ပြန်သွားတတ်သည်။

သူမ ပြန်ရင်တော့...မင်းမင်း ကပြန်လိုက်ပို့ပေးရင်း အေးဆေးတစ်နေရာရာ မှာထိုင် စကားပြော ကြပြီးမှ ပြန်သွားတတ်ပါသည်။

“ သြော်..ပြောရဦးမယ်...မင်းမင်း နဲ့ ဇာခြည် တို့စာလေးတွေကိုလေ ဇာခြည် ဖုန်းနဲ့လဲ ဓာတ်ပုံ ရိုက်ယူသွားတာ... ဟိုမှာ ဇာခြည် စက္ကူသားချောချောလေးနဲ့ စာအုပ်လှလှလေးပြန်လုပ်ထားတယ်....မင်းမင်း အိမ်ကနေ မင်းမင်း မသိအောင် မင်းမင်း ဓါတ်ပုံတွေ ကိုလည်း ဇာခြည် ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီးယူသွားတယ်...ဟိုးငယ်ငယ်တည်းက ပုံလေးတွေတောင်ပါတယ်...

အဲ့ဒါကို ဇာခြည့်ပုံလေးတွေနဲ့ပါရောပြီး အမှတ်တရ ဓါတ်ပုံ စာအုပ်လေးလုပ်လာတယ်...နောက်နေ့ကျ ယူလာခဲ့မယ်...မင်းမင်း ကြည့်မလား....”

“ ဟင်...ဟုတ်လား...ကြည့်မယ်လေ..ဇာခြည်...ယူလာခဲ့ပေး....”

“ အဲ့ဒီ..စာအုပ်လေးတွေရယ်...ဒီ ဟန်းချိန်းလေး နှစ်ခုရယ်ကို ပင်နီစူလာ ပလာဇာက Botique ဆိုင်တစ်ဆိုင်မှာ လုပ်လာတာ ဇာခြည် အမြဲဈေးသွားဝယ်နေကျ အဲ့မှာ... အဲ့ဒီကဆိုင်ရှင်အစ်မက မင်းမင်း ကိုသိတယ်တဲ့.....”

မင်းမင်း ရင်ထဲ ဒိန်းကနဲ ဖြစ်သွားရပါသည်။ သူမ များလား....။

“ မစိုးစိုးနွယ်တဲ့....အရမ်းမိုက်တယ်နော် သူ့ဘော်ဒီက...မင်းမင်း သိတယ်မဟုတ်လား.....”

သေချာပါပီ မမနွယ် ဆိုတာ။ ဇာခြည် ဆက်မေးလာရင် ဘယ်လိုဖြေရပါ့မလဲ။

“ အင်း...သိတယ်...မစိုးစိုးနွယ်ကို....”

“ သူက ကလေးတစ်ယောက်အမေသာဆိုတယ်...လှနေတုန်းပဲ...သိလား...ဟန်းချိန်းလေးတွေလုပ်တုန်းကတော့ မသိသေးဘူး...ဓါတ်ပုံစာအုပ်လေး လုပ်လို့ မင်းမင်း ပုံမြင်လိုက်တော့မှ သူ မင်းမင်း ကိုသိတယ် ပြောတာ...ပီးတော့ သူ့ပုံက ငေးငေးဆွေးဆွေးလေးဖြစ်သွားလိုက်တာ... ဘာလဲ...သူက မင်းမင်း အဆက်ဟောင်းကြီးလား....”

သွားပြီ....ဇာခြည် မေးပါလေပြီ။ မင်းမင်း ဘယ်လိုဖြေရပါ့။ ဇာခြည့် ကိုလဲ မညာချင်ဘူး...စိတ်ဆိုးသွားမှာလဲ စိုးပါသည်။ တော်သေးတယ် မင်းမင်း ဇာခြည့် ကို မဝံ့မရဲ ကြည့်မိတော့...သူမ မျက်နှာက ပြုံးစစနဲ့... မင်းမင်း ကို စနောက်ချင်နေတဲ့ ပုံစံမျိုး။

“ ဘယ်လိုပြောရမလဲ...ဇာခြည့်ကို...ဟို...ကွာ.....”

“ တော်ပါ မင်းမင်း ရယ် မင်းမင်း မပြောနဲ့တော့...ဇာခြည်လဲ နားမထောင်ချင်ဘူး...စိတ်ထဲမှာလဲ ဘာမှ မရှိဘူး...မင်းမင်း တောင် ဇာခြည့် နောက်ကြောင်းတွေကို ရင်ထဲဘာမှမထားဘဲ ဇာခြည့် ကိုချစ်နိုင်သေးတာပဲ...မင်းမင်း ကိုရော...ဇာခြည်ကဘာလို့ နားမလည်နိုင်ရမှာလဲ...မျက်နှာကြီးကလဲ ဖြစ်သွားလိုက်တာ...ကဲ...မေ့ထားလိုက်တော့... ဇာခြည်လဲ နောက်ဘယ်တော့မှ မမေးတော့ဘူး...အဓိက က...ဇာခြည် နဲ့ချစ်ပြီးတဲ့နောက်မှာ...ဘယ်သူ့နဲ့မှ ဖောက်ဖို့ မပြောနဲ့ မျက်လုံးလေးနဲ့တောင်မကြည့်နဲ့....ဟွန်း...ဖောက်လို့ကတော့ ဇာခြည်က မင်းမင်း ကို အရင် သတ်မှာ ဒါပဲ.....”

ဟူး...တော်သေးတာပေါ့။ မမနွယ် နဲ့အကြောင်း မပြောပြလိုက်ရတာ။

“ ဇာခြည် က မင်းမင်း ကိုတစ်ကယ် သတ်ရဲတယ်ပေါ့.....ဟုတ်လား.....”

“ ဇာခြည့် အပေါ် ဖေါက်ပြန်လို့ကတော့....တစ်ကယ်လုပ်မှာ...ဘာမှတ်နေလဲ...ဇာခြည့် ကို...” ဇာခြည်က နှုတ်ခမ်း လေးစူ မျက်လုံးလေးပြူးပီးတော့ပါပြောနေတာပါ။

“ ဒီမှာကြည့်စမ်း...ဇာခြည်...မင်းမင်း ရင်ထဲကစကားတွေ ပြောပြမယ်....ဒီလောကကြီးထဲမှာ မင်းမင်း ဇာခြည် တစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးတယ်....မင်းမင်း နှလုံးသားက ဇာခြည် တစ်ယောက်ထဲကိုပဲ သိတယ်...မင်းမင်း ရင်ထဲမှာ ဇာခြည်ကလွဲရင် ဘယ်သူမှ မရှိဘူး....ရှိလာတော့မှာလဲ မဟုတ်ဘူး...သိရဲ့လား...မမဇာခြည် လေးရဲ့....” 

ဇာခြည် ပြုံးသွားပါပြီ။

“ ဟွန်း...အပြောကောင်းတဲ့မင်းမင်း....ဇာခြည် ကျေနပ်အောင် ပြောပေးတတ်တယ်...”

ဇာခြည် နှုတ်ခမ်း လေးစူပြီး မင်းမင်း ပခုံးပေါ် မှီချလိုက်ပါသည်။ မင်းမင်း တိုးတိုး လေးပြောလိုက်တယ်။

“ အသည်းယားအောင် မလုပ်နဲ့နော်...လူကြားထဲ မှာ ဖက်နမ်းပစ်မိတော့မယ်....”

ဇာခြည် ကြောက်လန့်သွားတဲ့ပုံစံလေး ဟန်ဆောင်လုပ်ပြီး မင်းမင်း ပခုံးပေါ်ကနေ ခွာသွားပါသည်။

“ ဟွန့်..မရပါ ဘူး...လူကြားထဲမဟုတ်လဲ....မရဘူး...ဇာခြည် နှလုံးရောဂါ အဖြစ်မခံနိုင်ပါဘူး...” မင်းမင်း တို့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ရောက်နေတာပါ။

“ မင်းမင်း... မနက်ဖန် မင်းမင်း ရုံးကို ဇာခြည် လာလည်မယ်လေ...ဘယ်အချိန် လာခဲ့ရမလဲ....”

“ ဟင်...ဇာခြည် လာမလို့လား...ရုံးက တစ်ယောက်ယောက်က ဇာခြည့် ကို သိနေလို့ တော်ကြာ ဇာခြည့် အဖေဆီ သတင်းရောက်သွားဦးမယ်...”

“ ရောက်ရောက်ပေါ့...မင်းမင်း ရယ်...မင်းမင်း တို့ရုံးမှာ ဇာခြည့်ကို သိနိုင်တာလဲ....အန်ကယ် ဦးကျော်ဆွေ ပဲရှိမှာပါ...ပီးတော့...ဇာခြည် တစ်ကယ်ပြောတာ....ဇာခြည် အလုပ်ဝင်ရမယ့် ရုံးချုပ်မှာရော....မင်းမင်း ရုံးပတ်ဝန်းကျင်မှာပါ...မင်းမင်း နဲ့ ဇာခြည် တို့ဟာ ဟိုးအရင်တည်းက ချစ်နေခဲ့ကြတဲ့ ချစ်သူရည်းစားတွေ ဆိုတာကို ဇာခြည် အလုပ်မဝင်ခင်တည်းက သိစေချင်တယ်...အဖေ့ကို ဂရုမစိုက်လို့မဟုတ်ပါဘူး...

အဲ့ဒါ မင်းမင်း အတွက်လေ....ဇာခြည် ကို အများက MD ဦးစိုးမောင် ရဲ့ သမီးလို့ မသိကြသေးခင်ကတည်းက မင်းမင်း ရဲ့ ချစ်သူလို့ သိစေချင်တာ...မင်းမင်း ဇာခြည်ပြောတာ သဘောပေါက်လား..ဟင်...”

သြော်..ဇာခြည်ရယ်....ဖအေတစ်ယောက်လုံးသိသွားမယ့်အရေးထက်...မင်းမင်း ကို သူဌေး သမီးကိုတက်ချိုင်တယ်လို့ နောက်မှ အပြော မခံစေချင်လို့ ဒီလိုလုပ်တာမှန်း မင်းမင်း နားလည်ရပါသည်။ ပီးတော့လဲ...ကောင်းပါတယ်။

ဇာခြည့် အဖေက မင်းမင်းတို့ အကြောင်းကို အနှေးနဲ့ အမြန် သိသွားမှာပဲကို။ ခုတည်းက သတင်တွေကြား ရလည်း ရှော့ခ် မဖြစ်ရတော့ဘူးပေါ့။ မင်းမင်း တို့ ဘာဖြစ်လာရင် ဘယ်လိုရှေ့ဆက်ရင်စိုင် ကြမလဲဆိုတာကို ကြိုသိနိုင်တာပေါ့..အချိန်ပိုရတာပေါ့။

“ အင်း...မင်းမင်း ဇာခြည့် ကို နားလည်ပါတယ်...ဒါဆို မနက်ဖန် နေ့လည် lunch ချိန်လာခဲ့လေ...ရုံးနားက ဆိုင်မှာ မင်းမင်းနဲ့ ရင်းနှီးတဲ့လူတွေကို နေ့လည်စာ ကျွေးမယ်ဆိုပြီး ချိန်းထားလိုက်မယ်လေ...”

“ အင်းကောင်းတယ် မင်းမင်း အဲ့ဒီနေ့လည်စာ ကို ဇာခြည် ရှင်းမှာနော်...ခုဟာက ဇာခြည့် မိတ်ဆက်ပွဲဆိုတော့....”

“ ဟင့်အင်း...မရပါဘူး မင်းမင်း ရှင်းရမှာလေ..ဇာခြည့်ကို မင်းမင်းချစ်သူလို့ မိတ်ဆက်ပေးရမှာကို....မင်းမင်း မရှင်ရင် သူများတွေ တစ်မျိုးထင်ကုန်ကြမှာပေါ့ကွ...မဟုတ်ဘူးလား”

“ အင်းပါ... အင်းပါ... မင်းမင်း က အမြဲ ဆင်ခြေအပေးကောင်းတယ်... ဇာခြည် မရှင်းတော့ဘူး မင်းမင်း ပဲရှင်းပေးလိုက်တော့....”

“ မှန်တာပြောတာလေကွာ...မင်းကလဲ...မကျေနပ် ဘူးလား...မကျေနပ်ရင်...ဖက်နမ်းခံရမယ်နော်....”

“ ဟွန်း....ဗိုက်ခေါက်လိမ်ဆွဲမှာ...နမ်းရဲနမ်းကြည့်....”

ဇာခြည် လက်က်ကတစ်ကယ်လဲ မင်းမင်း ဗိုက်ဆီရောက်လာလို့...မင်းမင်း ရယ်ရင်း ကိုယ်ကို ယို့ရှောင် လိုက်ရသည်။ ဗိုက်ခေါက် လိမ်ဆွဲမယ် ဇာခြည်ပြောသော်လည်း....သူမကို ပြန်လိုက်အပို့ ကားပေါ်မှာ မင်းမင်း နမ်းတော့ ဇာခြည် မငြင်းပါ။

အမြဲ တုံ့ပြန်တတ်တဲ့ သူမ ပုံစံလေးအတိုင်း ဇာခြည် ထွက်သက် လေလေးတွေ ပြင်းပြင်း ရှူထုပ်ရင်း...မင်းမင်း ကို ပြန်နမ်းနေခဲ့ပါသည်။ ခွဲခွာကာနီးတိုင်း အနမ်းရှည်တွေ အမြဲ ဖူးပွင့်ကြတာ သူတို့ရဲ့ ထုံးစံလိုတောင်ဖြစ်နေပါပြီ။

.......................................................................

မင်းမင်း နေ့လည်စာ ကျွေးဖို့ဆိုပြီး ကိုဇော်ကြီး၊ ကိုကျော်မျိုးတို့အပြင် မင်းမင်း နဲ့ အတော်ရင်းနှီးသော...Finance က အန်တီရယ်၊ Merketing and Design က အစ်မရယ်၊ အာခီဘက်က အစ်ကိုတစ်ယောက်ရယ်၊ ပါချေစာ အက်စတီမေတာ အစ်ကိုတစ်ယောက်ရယ် ပီးတော့ မင်းမင်း တို့ရုံးမှာ အထွေထွေလုပ်သားလို့ပြောရမယ် မင်းမင်း ထက် သုံးနှစ်လောက်ငယ်သော မောင်မျိုး ဆိုတာ ပါ ဖိတ်ထားလိုက်ပါသည်။

စုစုပေါင်း ခုနစ်ယောက်...မင်းမင်း ဇာခြည် တို့ နဲ့ဆို ကိုးယောက် ပေါ့။ ဆိုင်ရောက်တော့ မှာချင်တာမှာ စားချင်တာစား တိုတော့...သူတို့အံ့သြနေကြတယ်။

“ ဟာ...မင်းမင်း မွေးနေ့လဲ မဟုတ်ပါဘူး...ရာထူးထပ်တိုးတယ်လဲမကြားနဲ့.... ဘာလို့ ဒီနေ့ တကာတွေခံနေရတာလဲ....”

“ အေးလေ...မင်းမင်း ထူးထူး ဆန်းဆန်းပါလား....”

“ ကိုကြီး မင်းမင်း... ကျွန်တော် စားချင်တာ တွေ မှာမယ်နော်...”

“ ..........................”

အားလုံး တစ်ယောက်တစ်ပေါက်ဆီ ဝိုင်းပြောနေတာပါ။

“ ကဲ....ကဲ...အရင်မှာကြပါ...ပြီးရင်...မင်းမင်း ပြောပြမှာပေါ့....”

အားလုံး ကိုယ်လိုချင်တာ ဝိုင်းမှာလိုက်ကြပါသည်။ စားပွဲတွေလာချဖို့စောင့်နေတုန်း မင်းမင်း ပြောပြလိုက်တယ်။

“ ဒီနေ့...ကျွေးတဲ့ ပွဲက အားလုံးကို မင်းမင်း ချစ်သူနဲ့ မိတ်ဆက်ပေးချင်လို့.....”

ပြောရင်း မင်းမင်း ရင်တွေပါ ခုန်လာရတယ်။ ဇာခြည့် ကို မင်းမင်း ချစ်သူ အဖြစ် မိတ်ဆက် ပေးရမှာ မှာကိုလေ။

“ ဟေ....ဘယ်တုန်းကရသွားတာလဲ...ဟိုတစ်ယောက်ပြောင်းသွားတည်းက...တို့ မင်းမင်း ညိမ်နေတာကို....”

စလာပါပြီ။ အရင်က မရှင်းပြခဲ့ပေမယ့်...အခုတော့ဒါကို ..ရှင်းမှ ရပါတော့မည်။ နောက်မို့ဆို ဇာခြည် သိက္ခာကျမည်...သူတို့ထင်တာတွေလျှောက်ပြောတာ ဇာခြည် ကြားသွားရင်လည်း အထင်လွဲစရာတွေ ဖြစ်သွားနိုင်ပါသည်။

“ အဲ့ဒါလည်း...မင်းမင်း ပြောပြချင်တယ်...မင်းမင်း နဲ့ ဒီလူတွေက ဒီလောက်ရင်းနှီးနေတာ...ဒီလူတွေမှ မင်းမင်း အကြောင်းသေချာမသိရင်...ကျန်တဲ့လူတွေဆို ပိုဆိုးကုန်မှာပေါ့....ခု မင်းမင်း မိတ်ဆက်ပေးမယ့် မင်းမင်း ချစ်သူက လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်တည်းက ကြိုက်ခဲ့တာပါ....မင်းမင်း ဒီရုံးကို စမဝင်ခင်လေးကပဲ....သူ နိုင်ငံခြားမှာ သုံးနှစ် ကျောင်းသွားတက်နေလို့ မသိကြတာပါ..

ပီးတော့...မင်းမင်း အားလုံးထင်နေကြသလို မယမုံ နဲ့ မင်းမင်း တိုက ဘာမှ မဖြစ်ခဲ့ကြပါဘူး... မယမုံက တော့ မင်းမင်း ကို သံယောဇဉ် ဖြစ်ခဲ့တာပေါ့...ဒါ ဒီလူတွေနဲ့ အရမ်းရင်းနှီးလို့ မင်းမင်း ထုပ်ပြောတာပါ...မယမုံ သိက္ခာ ကျမှာစိုးလို့ မင်းမင်း ဘယ်သူဘာပြောပြော ဘာမှ ပြန်မပြော ပြန်မရှင်းပြဖူးပါဘူး...

မယမုံ ကို မင်းမင်း က မင်းမင်း မန်နေဂျာလို ဆရာလိုကို လေးစားတာပါ...သူ့ သိက္ခာကို ထောက်ပြီး မင်းမင်း ဘယ်သူ့ ကိုမှ ဒါတွေမပြောပြခဲ့တာပါ... ဒါပေမယ့် အခုမပြောပြရင်...မင်းမင်း ချစ်သူကိုပါ အထင်လွဲစရာ ဖြစ်လာနိုင် လို့... အားလုံးကို ရှင်းပြတာပါ....”

မင်းမင်း စကားအရှည်ကြီး ဆုံးသွားတော့ အားလုံး အံသြကုန်တယ်။ ကိုဇော်ကြီး က စပြောတယ်။

“ ဆောရီး... မင်းမင်း ရာ တို့တွေ ထင်ချင်ရာထင် ပြောချင်ရာတွေ ပြောခဲ့ကြတယ် မင်း နဲ့ ယမုံ့ကို...တို့တွေ မပြောခဲ့သင့်ဘူး...ပီးတော့ ကိုဇော်ကြီး မင်းမင်း ကို လေးစားတယ်....ကိုယ့် လူကြီး အပေါ် သစ္စာ စောင့်သိရုံတင်မကဘူး...သိက္ခာကျမှာစိုးလို့ ကိုယ့်ကို အားလုံး အထင်လွဲ ခံပြီး နှုတ်ဆိတ်နေပေး နေတာ...

တို့တွေလည်း အရင်ကတော့ အဲ့လိုပဲထင်တာပါ...ဟိုကသာ တစ်ဖက်သတ်ကြီးလို့...နောက်ပိုင်းမင်းမင်းက ဘာပြောပြော မငြင်းပဲ ညိမ်နေလို့သာ အထင်လွဲကုန်ရတာ...ငါတို့တွေ ဒီအကြောင်း လုံးဝမပြောတော့ဘူး...မင်းချစ်သူ ကတစ်နေရာရာက ကြားလို့ အထင်လွဲခဲ့ရင်တောင် ငါတို့ ဝင်ဖြေရှင်းပေးပါ့မယ်.....”

အားလုံးဝိုင်း ထောက်ခံကြတယ်။ မင်းမင်း ကိုလဲ ဝိုင်း ချီးမွမ်းစကားပြောကြတယ်။ မင်းမင်း ကျေနပ်သွားရတယ်လေ။ အဲ့ဒီအချိန်မှာပဲ ဇာခြည့် ဆီကဖုန်းဝင်လာတယ်...သူရောက်တော့မယ် တဲ့။ စားပွဲတွေလည်း လာချကြပြီ။ မင်းမင်း ဇာခြည်ကြိုက်တတ်တဲ့ ကိုက်လံခရုဆီကြော်ရယ်...မုန်ညင်းပလိမ်းရယ်....ငါးကြင်းပေါင်းရယ်....ပြောင်းဖူးနဲ့ ကြက်ဥအရည်သောက်ဟင်းရည်လေးရယ် မှာပေးထားတယ်။ မင်းမင်း လဲဒါပဲလိုက်စားမှာ။

ဇာခြည် ကအသားအရေဝင်းဖန့်စိမ်းမြနေတာလဲ မပြောနဲ့ အသားမစားဘူး။ ငါး နဲ့ အသီးအရွက်တွေပဲ အစားများတာ။ ဇာခြည့် ကားလေး ဆိုင်ရှေ့ရောက်လာပြီး ပါကင်ထိုးနေတုန်း မင်းမင်း ထွက်ကြိုလိုက်တယ်။ ဇာခြည်ကကားပေါ်က ဆင်းလာတယ်။

ဝိုး....တစ်လောက လုံးရောင်စဥ်တွေ ဖြာသွားသလိုပဲ။ မင်းမင်း ချစ်သူလေးက လှလိုက်တာ။ ရှမ်းရိုးရာပုံစံ ဝတ်စုံလေးနဲ့။ ထမီက ပေါ်ပိုင်းမှာ မိတ်ကပ်ရောင် လေးကို အောက်အနားမှာ အနီရယ်၊ အစိမ်းရယ် လိုင်းတွေကြားထဲ ရှမ်းရိုးရာပုံစံ အနွယ်အခက်တွေ နဲ့ဒီဇိုင်းဖော်ထားတဲ့ ထမီလေး.. ချပ်ချပ်ရပ်ရပ် သေသေသပ်သပ်လေးဝတ်ထားတယ်။

အင်္ကျီ က အနီရောင် ဗြောင်လေး ရှမ်းပုံစံ ရင်ဖုံးပုံစံလေးပဲ..ရင်ဖုံးအနားတလျှာက်ကနေ ကော်လံထိ ကိုအစိမ်းရောင် ကွပ်ထားတယ်။ ကြားထဲမှာ လဲ ထမီက လိုပဲ ရှမ်းပုံစံ အနွယ်အခက်ဒီဇိုင်း လေးတွေဖော်ထားပြန်တယ်။ ပေါ်အောက် အရောင် မတူတဲ့ ဝမ်းဆက် လေးပေါ့လေ။ ဆံပင်တွေကလည်း သူမ ပခုံးထိ သပ်သပ်ရပ်ရပ်လေး ချထားတာ။

“ လှလိုက်တာ...ဇာခြည်ရယ်...တစ်ကယ် အရမ်းလှနေလိုက်တာ....”

“ မင်းမင်း ချစ်သူ အဖြစ်မိတ်ဆက်ပေးမှာဆိုတော့..သေချာပြင်လာရတာလေ....ကိုယ့်ချစ်သူ ဂုဏ်ငယ်မှာစိုးလို့...အဆင်ပြေတယ်မဟုတ်လား...” ပြုံးပြုံးလေးပြောနေတာ။

“ အဆင်ပြေရုံမကဘူး...တစ်လောကလုံးမှာ ဇာခြည်သာ အလှဆုံး...”

“ သွားပါ...အပိုတွေ... လာလေ...တူတူ လက်တွဲသွားကြမယ်....”

မင်းမင်း ကရှေ့ကဝင်နေတာတောင် လက်လှမ်း ဆွဲပြီး အတူလက်တွဲဝင်တယ်။ ဇာခြည် ဒီလောက် မင်းမင်း နဲ့ မင်းမင်း ပတ်ဝန်းကျင်ကို ဂရုစိုက်တာ သိရတော့ မင်းမင်း ရင်ထဲ ပျော်သွားတယ်။

မင်းမင်း တို့ဝင်လာတော့ ဝိုင်းက ပုရိသ ငါးယောက်တင်မကဘူး..မိန်းမသား နှစ်ယောက်ကပါ အစားစားနေတာတွေရပ်သွားပြီး..ဇာခြည့်ကို..တသြံတသြ ကြည့်နေကြတယ်။ မားကတ်တင်းက မသဇင် က ပါးစပ်ကပါထုပ်ပြောလာတယ်။

“ ဟယ်...လှလိုက်တာဟယ်...မင်းမင်း ချစ်သူလေးက...” အငယ်ဆုံးကောင် ကိုမျိုးဆို စားလက်စ ဇွန်းကြီး ပါးစပ်နားမှာ တန်းလန်းရပ်ပြီး ငေးကြည့်နေတာ။

“ အားလုံးပဲ...ဒါ မင်းမင်း ရဲ့ ချစ်သူ ဇာခြည် တဲ့....မှတ်ထားကြနော်....”

“ ဟုတ်ကဲ့...ဇာခြည်ပါ....အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်...ဇာခြည့်ကို မင်းမင်း ကို ခင်သလိုပဲ ခင်ပေးကြပါလို့....”

“ တွေ့ရတာ ဝမ်းသာပါတယ် သမီးရယ်...မင်းမင်း ရေ မင်းမင်း ချစ်သူက လှလိုက်တာကွယ်...အန်တီမီတို့ရုံးမှာ အပြီးခေါ်ထားပြီး နေ့တိုင်း ကြည်နေရရင် စိတ်ချမ်းသာလိုက်မယ့် အဖြစ်ပဲ မင်းမင်း ရေ....”

“ မင်းမင်း ရေ ကွန်ဂရက်ကျူရေးရှင်း....ဒါကြောင့် မင်းမင်း က ဘယ်လိုမိန်းခလေးတွေကိုမှ စိတ်မဝင်စားတာကိုး.....”

“ ဟုတ်ပကွာ...ဒီလောက်လှတဲ့ ချစ်သူ ရှိနေမှတော့..သူက ပြည့်စုံပြီးသားဖြစ်နေပြီကိုးကွ....”

“ .............................”

တစ်ယောက် တစ်မျိုး ဝိုင်းချီးကျူးနေလိုက်ကြတာ။ မင်းမင်း ချစ်သူလေးတောင် မနေတတ်တော့သလိုဖြစ်နေရပြီ။

“ ဇာခြည့်ကို လှတယ်ပြောပေးလို့...ကျေးဇူးပါနော်...သူနဲ့ တွဲရင် မလှလို့မရဘူးလေ... သူက မော်ဒယ်ဘွိုင်းလို ဖြစ်နေတာဆိုတော့...”

“ ဟုတ်ပါ့ ... ဟုတ်ပါ့...နှစ်ယောက်လုံး လိုက်ပါတယ်....”

“ စားလိုက်ကြပါဦး...လိုတာရှိရင် ထပ်မှာကြနော်...အားမနာနဲ့...မှာချင်တာမှာပါ...”

ဟိုကောင် မောင်မျိုးခုထိ ငုတ်တုတ် မေ့ပြီး ငေးနေလို့ အနားက ကိုကျော်မျိုး ဇတ်ပိုးကို ခပ်ဆတ်ဆတ် ရိုက်လိုက်မှ..

“ ဟုတ်ကဲ့... ဟုတ်ကဲ့...” ဆိုပြီးပျာပျာသလဲ...ထပြောနေလို့...မင်းမင်း တို့ ရယ်လိုက်ကြသေးတယ်။ ဇာခြည် က ဆိုင်တင်မက ရုံးပေါ်ပါ လိုက်လည်တယ်။ ဂျာကြီး ဦးကျော်ဆွေ မရှိလို့တော်သေးတယ်။ ဇာခြည့်ကို သိနေတဲ့သူ မရှိလောက်တော့ဘူးပေါ့။

ဒါတောင် ကိုကျော်မျိုးကပြောနေသေးတယ်..ဇာခြည်ပြန်သွားတော့..သူ ဇာခြည့် ကို တစ်နေရာရာမှာ မြင်ဖူးနေသလားလို့တဲ့။ မင်းမင်းက နောက်သလိုလိုနဲ့ မင်းသမီးတစ်ယောက်ယောက်နဲ့တူနေလို့နေမှာပေါ့လို့ ပြောလိုက်တယ်။ သူ...သေချာတော့မှတ်မိပုံ မရပါဘူး။

ရုံးက လူတွေအားလုံး ဇာခြည့်ကို မင်းမင်း ချစ်သူ အဖြစ်သိသွားကြတော့ လှလိုက်တာဆိုပြီး ဝိုင်းချီးကျူး ရုံမက တီးတိုးတီးတိုး ပြောနေကြသေးတယ်။ ဘာပြောနေသလဲ မင်းမင်း သိပါတယ်။ာမင်းမင်း ဂရုမစိုက်ပါဘူး။ ကိုယ်က မှန်အောင်နေခဲ့တာပဲကို။ ဇာခြည်သာ သူတို့ သူဌေးရဲ့ သမီးဆိုတာ သိသွားရင် ဘာတွေထပ်ပြောကြဦးမလဲ မသိဘူး။ အခုတော့..မင်းမင်း အလုပ် ပတ်ဝန်းကျင်က မင်းမင်း မှာ အရမ်းလှတဲ့ ချစ်သူလေးတစ်ယောက် ရှိနေတယ်ဆိုတာ အကုန် သိသွားကြပြီ။

မင်းမင်း ဂုဏ်ယူလို့မဆုံးဘူး။ ဇာခြည့် ချစ်သူဖြစ်ရတာ။

...................................

အပိုင်း (၉) ဆက်ရန် >>>>>



Print Friendly and PDF

No comments:

Post a Comment