Thursday, March 17, 2016

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း (၁၀)

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း (၁၀)

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ -  Snow Flake

အခန်းထဲ လှမ်း၀င်လိုက်သည်နှင့် သံကုတင် ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော ချစ်ရသူ ငုဝါ။ ကုတင်အနားတွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးက သူ့ကို မတ်တပ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်သည်။

“ ဖေဖေ့ ဒါ မေချိုလေ.. မေမေ့ သူငယ်ချင်း ဒေါ်၀တ်ရည်ချို..”

“ အော်.. အွန်း.. ရုတ်တရက် မမှတ်မိလို့ကွာ.. ”

“ ရပါတယ် ဦးဉာဏ်.. နေကောင်းတယ် မဟုတ်လား..”

“ အွန်း.. ကျေးဇူးပါ မိချိုရေ.. သမီးကို စောင့်ရှောက်ပေးတာကော.. ငုကို ပြန်ရှာတွေ့ပေးတာကော..”

“ ဦးဉာဏ် အဲ့လိုပြောတော့.. တကယ်တမ်းက မိချို အပြည့်အ၀ မကူညီလိုက်နိုင်ဘူး.. ဘယ်လိုတွေးတွေး စိတ်ထဲမှာ....”

ပြောရင်း အသံ တိမ်၀င်သွားသော မေချို့ ကိုကြည့်ကာ 

“ အေးးး.. ကံပေါ့ကွာ.. ငါ့ အမှားတွေ အများကြီး ပါပါတယ်..”

ဖေဖေ သည်လို ပြောလိုက်ပြန်တော့ ညို မျက်ရည် ကျရပြန်သည်။ မေမေကလည်း သူ့အတွေး မှားခဲ့လို့ပါတဲ့။ သူ့အတွေးမှားလို့ ညို ဒုက္ခ ရောက်ရတာတဲ့လေ။ ထူးဆန်းသော မေတ္တာတရား၏ စေ့ဆော်မှုလေလား။ ဖေဖေ အနားရောက်လာတာ မေမေ သိသလိုလိုပင်။ မှိတ်ထားသော မျက်ခွံလေးများ မသိမသာ လှုပ်လာသည်။ “မေမေ့.. ဖေဖေ ရောက်နေပြီ မေမေ..” 

တိုးညင်းသော ညို့ အသံလေးက ရှိုက်သံတစ်၀က် ရောစွက်လျှက်။ဖေဖေက မေမေ့ နှဖူးပေါ်မှ ဆံစလေးများကို အသာ သပ်တင်ပေးလိုက်သည်။ ရင်ညွန့်ထက်တွင် ယှက်တင်ထားသည့် လက်လေးများကို အုပ်မိုးကာ ကိုင်လိုက်၏။ 

“ ငု လေး… ကို ရောက်ပြီလေ ငု.. ”

မေမေ့ ပါးပြင်ပေါ် လက်နှင့် ခပ်ဖွဖွ ပွတ်သပ်ရင်း ဖေဖေ ပြောလိုက်သည့်စကား။ငြိမ်သက်စွာ လဲလျှောင်း နေသော ငု ကိုကြည့်ရင်း သူ့မျက်၀န်းတို့ ၀ေဝါးလာခဲ့သည်။ ရှပ်အကျီ အကွက်စိပ်စိပ်လေးများနှင့် ဘီးကုပ်မျှင်မျှင်လေးတွေ တပ်ကာ ဂီတာတီး ပိုင်နိုင်သော ကောင်မလေး။သူ့ခြေထောက်မှ ဒဏ်ရာကို လက်ကိုင်ပုဝါ ဖြူဖြူလေးနှင့် စည်းနှောင်ရင်း သူ့နှလုံးသားကို သံယောဇဉ်ကြိုး အထပ်ထပ်ဖြင့် ရစ်ဖွဲ့ခဲ့သော ကောင်မလေး။ 

အမှောင်ထဲမှာ တစ်ယောက်တည်း ငိုနေတဲ့ ကောင်မလေး။ ကြယ်ရောင်မျက်လုံးတွေနဲ့နှစ်နှစ်ကာကာ ရယ်တတ်တဲ့ကောင်မလေး။ သူ့ ခံစားချက်၊ သူ့၀ေဒနာတို့ကို တစ်၀က် မျှ၀ေခံစားခဲ့သော ကောင်မလေး။ သူ့အတွက် အသွေးအသားတို့ကို ရက်ရက်ရောရော ပေးဝံ့ခဲ့တဲ့ ကောင်မလေး။

သူ့ဆီက အချစ်ကလွဲပြီး ဘာကိုမှ မမျှော်လင့်ခဲ့တဲ့၊ ရလည်း မရခဲ့ရှာတဲ့ကောင်မလေး။ သူမ နှဖူးလေးပေါ်သို့ ညင်သာစွာ ငုံ့နမ်းလိုက်မိသည်။ ဖွေးဆွတ်ဖြူနေသည့် နှုတ်ခမ်းလေး အနည်းငယ် လှုပ်လာ၏။ တွင်းချိုင့်တစ်ခုလို ညိုရောင်သန်းနေသည့် မျက်လုံးလေးများလည်း အသက်၀င်လာသည်။ 

“ ငုလေး.. ကို ရောက်နေပြီ.. ကို ခေါ်နေတာ ကြားလား ဟင်.. ငု.. ကို့ အသံကို ကြားတယ် မဟုတ်လား ငုလေး..”

၀င်သက်ထွက်သက်တို့ကို ခက်ခဲစွာ ရှုသွင်း ရှုထုတ်နေရသော ဒေါ်ငုဝါ။ ခေါ်သံများက နီးလာလိုက် ေ၀းသွားလိုက်နှင့်။ လေဟာနယ် တစ်ခုမှ အသံလေလား၊ လှိုဏ်ခေါင်းတစ်ခု အတွင်းမှ အသံလား မိမိနားစည်ကို ထိရိုက်နေမှန်း သိသော်လည်း အသံ၏ လားရာကို မေ၀ခွဲနိုင်။

နှဖူးနှင့် ပါးပြင်ထက်ဆီမှ နူးညံ့သော ထိတွေ့မှု တစ်ခု ရလိုက်သလိုလို။ ရှိသမျှ အားအင်တို့ကို စုစည်းကာ အာရုံစိုက်ကြည့်လိုက်၏။

“ ငုလေး.. ကို ရောက်နေပြီ..” 

သေသေချာချာကြီး ကြားလိုက်ရသော အသံက ကို့အသံ။ ငု မျှော်နေတဲ့ ကို့ အသံပဲ။ လက်၀ဲဘက် ရင်အုံ  တစ်၀ိုက်မှ စူးနင့်လာသည်။ နှလုံးသား အစုံကို ဆွဲဆုပ်ညှစ်ယူ ခံနေရသလိုမျိုး။ပင်ပန်းဆင်းရဲလှသော သည်ေ၀ဒနာဆိုးကို ငု ခံနိုင်ရည် မရှိတော့။ သို့သော်လည်း ရအောင် အန်တုကြည့်သည်။ သိပ်မကြာမီ အချိန်အတွင်း သည်ေ၀ဒနာကို အရှုံးပေးရတော့မည်မှန်း သူမ ကောင်းစွာ သိပါ၏။ သို့သော် ချစ်ရသည့် ကို့ မျက်နှာကို ခဏဖြစ်ဖြစ် မြင်ချင်သေးသည်။

လေးလံလှသော မျက်ခွံတို့ကို ကြိုးစား ဖွင့်ကြည့်၏။ အလင်းစူးစူးကြောင့် ရုတ်တရက် ဖွင့်မရ။ ကို့ လက်ဖဝါး နွေးနွေးတစ်ဘက်က ငု ပါးပြင်ပေါ် ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။ မျက်လုံးတို့ကို ဒုတိယအကြိမ် ကြိုးစားဖွင့်ကြည့်၏။

၀ိုးတဝါး ပုံရိပ်တစ်ခုက တဖြေးဖြေး ကြည်လင်လာသည်။ ကို.. ချစ်ရသည့် ကို့ မျက်နှာ.. မိမိကို ကြင်နာစွာ စိုက်ကြည့်နေသည့် ကို့ မျက်နှာ။ စိုးရိမ်ပူပန်မှုတို့ သိုင်းခြုံနေသည့် ကို့ မျက်၀န်းတို့က လွန်ခဲ့သော နှစ် (၂၀) က အတိုင်းပါပဲလား။ 

“ ငု လေး.. ကို.. ကိုရောက်ပြီနော်.. …” 

ငု လက်ကလေးတွေကို ဖွဖွ ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောသည်။ ငု သိတယ်.. ကိုရောက်နေပြီ.. ဒါ အိပ်မက် မဟုတ်မှန်း ငု သိတယ်.. ရင်ထဲမှ စကားတို့ကို ပြောရန် သူမ ကြိုးစားကြည့်သည်။ 

ပင်ပန်းလိုက်တာ.. အရမ်းပဲ ကိုရယ်..။ အနည်းဆုံးတော့ ကို.. လို့ တစ်ခွန်းလောက် ငု ခေါ်လိုက်ချင်တယ်။

“ ဘာမှ အားမငယ်နဲ့.. ငု နားမှာ ကိုရော သမီးရော ရှိနေတယ် သိလား..”

ဟုတ်ကဲ့ပါ.. ငု အားမငယ်ပါဘူးကို.. ဘယ်တုန်းကမှ အားမငယ်ခဲ့ပါဘူး.. ကို့ကို လွမ်းတာကလွဲပြီး ငု ဘယ်တုန်းကမှ အားမငယ်ခဲ့ပါဘူး ကိုရယ်.. ငုရင်ထဲမှ စကားတွေ ကို ကြားနိုင်ရင်ကောင်းမယ်.. မောလိုက်တာ.. စကားလေး တစ်ခွန်းပြောဘို့ ရင်ထဲကလည်း အောင့်နေရောပဲ။ ဒေါ်ငုဝါ နှုတ်ခမ်းလေးများ ပွင့်ဟလာသည်။ တုန်ရီနေသော လက်တို့ဖြင့် ကို့လက်ကို တတ်နိုင်သလောက် ဆုပ်ကိုင်လိုက်၏။ 

တင်းကနဲဖြစ်သွားသော လက်ကလေးကို တစ်ချက်ကြည့်ရင်း.. 

“ ငု.. မောနေမယ်လေ နော်.. ပြောချင်တာတွေ နောက်မှ အေးအေးဆေးဆေး ပြောရအောင်လေ.. ခုချိန်က စ ပြီး ငု နားမှာ ကို အချိန်ပြည့် ရှိနေမယ်လေ နော်..”

ဟုတ်ကဲ့ပါ ကိုရယ်.. ငု လည်း ကို လို့ တစ်ခွန်းပဲ ခေါ်ချင်တာပါ.. သည်တစ်ခွန်းလေးတော့ ခုချက်ချင်း ခေါ်ပါရစေ။ရင်ဘတ်ထဲမှ တစ်စုံတစ်ရာက စိစိညက်ညက် ကြေ သွားလောက်အောင်ပင် နာကျင်လာသည်။ လူ တစ်ကိုယ်လုံး ရှိရှိသမျှ အပူဓာတ်တို့က နှုတ်ခမ်း တစ်နေရာထဲတွင် လာ စု နေ၏။

မျက်နှာပြင် ပေါ်သို့ ပိုးကောင်များ တက်လာသလို တရွရွနှင့် ခံရခက်သော ေ၀ဒနာဆိုးက ရောက်လာပြန်သည်။ အေးစက်နေသည့် ခြေဖဝါးများက အလယ်တည့်တည့်မှ စူးအောင့်ကာ ကွေးသွားသလိုလည်း ခံစားမိသည်။ 

လက်ကလေးတွေကတော့ ကို့ လက်ထဲမှာမို့ နွေးနေ၏။ လည်ချောင်းထဲတွင် ရေဓာတ်က လုံး၀ မရှိ။ ကိုရယ်.. ငု အဖြစ်က စကားလေး တစ်ခွန်းပြောဘို့ ပင်ပန်းလိုက်တာ။ အာရုံတို့ကို တတ်နိုင်သလောက် စုစည်းပါသော်လည်း အချည်းအနှီးပင်။

“ ကို့ခြေထောက်က ဒဏ်ရာ သက်သာပြီလား.. အဖျားရော ကျရဲ့လား.. မနွယ်ကြောင့် ကို ကြေကွဲနေရတယ်လား.. မစဉ်းစားပါနဲ့တော့ ကိုရယ်.. ကိုတို့ အတွက် ငု ဆုတောင်းပေးပါ့မယ်.. ခုတော့ ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ငု သီချင်း ဆိုပြရမလား..

ရယ်စရာ ဟာသလေးတွေ ပြောပြရမလား.. ငု တို့ချစ်ကြတာ သုံးလ ပြည့်ပြီနော်.. ငု အတွက် ဘီးကုပ် လှလှလေး လက်ဆောင် ၀ယ်ပေး.. ဟင့်အင်း.. တန်ဘိုးကြီးတာတွေ မလိုချင်ဘူး.. ငု ပေးတဲ့ စာလေးကော.. အင်.. ငုပေးတဲ့စာလေး.. ကို သိမ်းမထားဘူးပဲ.. ဆက်တီခုံ အောက်မှာ.. ကြည့်စမ်း.. ကို ရက်စက်တယ်.. အရမ်း ရက်စက်တယ်.. ဒါပေမယ့် သိလား ကို.. ငု လေ.. အရမ်း ချစ်တယ်.. ကို့ကို အရမ်း ချစ်တယ်.. ကို့.. ကို့ကို.. အရမ်း.."

လည်ချောင်းထဲတွင် ပင့်သက်ကြီး တစ်ခု ဆို့ နေ၏။ ကို့ကို ခေါ်လို့မရတာ သည်ပင့်သက်ကြောင့်ပဲ။ ငု ကြိုးစားကြည့်ဦးမယ်။

“ ဖေဖေ့ မေမေ အရမ်းမောနေပြီ.. ဟင့် ဟင့် မေမေ့..” 

သမီးလေး ငိုနေပြန်ပါလား.. သည်ကလေးကလည်း ခက်တာပဲ.. မေမေ အဆင်ပြေပါတယ် သမီးရယ်။ အ၀တ်စ တစ်ခုလို ပျော့ဖတ်နေသော ငု ခန္ဓာကိုယ်လေးကို သူ ညင်သာစွာ ပွေ့ယူလိုက်၏။ ကုတင်ပေါ်တွင် ခပ်စောင်းစောင်း ၀င်ထိုင်ရင်း သူမ ကိုယ်လေးကို ပွေ့ထားမိသည်။ ခေါင်းကို ငုံ့ကာ သူမ နှဖူးပြင်ကို ပါးနှင့် ဖွဖွ ပွတ်ရင်း..

“ ငု ရယ်.. စိတ် မလျှော့လိုက်ပါနဲ့.. ကို့ကို ချစ်ရင်.. သမီးကို ချစ်ရင် စိတ်ကို လုံး၀ မလျှော့လိုက်ပါနဲ့..”

နှလုံးသားမှ အဆက်မပြတ်တောင်းဆို နေမိသည်။ သူနာပြု ဆရာမလေးက ဆေးသွင်းလက်စ ပိုက်များကို နေရာတကျ လုပ်ပေးရင်း ငု ကို သက်တောင့်သက်သာ ဖြစ်စေရန် ကိုယ်နေဟန်ထား ပြင်ပေးသည်။သူမ ၀ေဒနာ သက်သာလို သက်သာငြား ရင်ဘတ်လေးကို ဖိထားပေးမိသည်။ စီးချက် မညီသော သူမ နှလုံးသားကို သူ မြင်နေရသလိုပင်။ ရုတ်တရက် သူမ ရင်စိုင်တို့ မို့တက်လာ၏။ရှည်လျှားသော ပင့်သက်တစ်ခု သူမ ရှုသွင်းလိုက်ခြင်းပင်။

“ ငု.. ငုလေး.. စိတ်ကို ထိန်းနော် ငုရေ.. ကို ရှိတယ်နော်.. ငု နားမှာ ကို ရှိတယ်.. စိတ်ကို တင်းထားပါ ငုရယ်..” 

ကို့ အားပေးသံကို နားထောင်ရင်း ရှုသွင်းလိုက်သော လေက လည်ချောင်း၀တွင် ဆို့သွားပြန်၏။ ကို့ လက်တို့ကို အားယူ ဖျစ်ညှစ်ကာ သည်ပင့်သက်ဆိုးကို မှုတ်ထုတ်ရန် သူမ ကြိုးစားမိသည်။ပါးစပ်ကို ခပ်ဟဟ ဖွင့်ရင်း တစ်ဆို့နေသည့် ပင့်သက်လုံးကြီးကို ရှိက် အထုတ်.. အိုးး.. ရင်ထဲက အောင့် လိုက်တာ.. အဆိုးဆုံးပဲ.. သည်တစ်ခါ အောင့်တာကြီးက အဆိုးဆုံးပဲ ကိုရေ.. ပင်ပန်းလိုက်တာ.. အ.. အ..

“ ဟင်းးးးး…”

“ ငု ရေ.. ငု.. ဟာားးးး.. ငု ရေ့..”

“ မေမေ.. မေမေ့.. အီးးး ဟီးးး… မေမေ ရေ.. မသွားပါနဲ့ မေမေရဲ့.. ဖေဖေ့.. မေမေ့ကို လှုပ်နှိုးပါဦး.. ဆရာမ.. လုပ်ပါဦး ဆရာမရယ်.. မေမေ့..”

ရှုထုတ်လိုက်သည့် လေနှင့် အတူ လူတစ်ကိုယ်လုံး လွင့်တက်သွားသည်။ အေး ကနဲ ခံစားချက်တစ်ခုနှင့် မျက်၀န်းထဲတွင်လည်း အလင်းရောင်များ ဖြာထွက်သွား သယောင်။ နားထဲသို့ စူးစူးဝါးဝါး ၀င်ရောက်လာသည်က သမီး ညိုလေး၏ ငိုသံများ။ ဘယ်လို ဖြစ်တာတုန်း သမီးရယ်.. မေမေ့မှာ သည်လေလေး ရှုထုတ်ဘို့ မနည်း ကြိုးစားရတာ.. ငါ့ သမီးက ဘယ်နှယ့်ကြောင့် ငိုရတာလဲ..။ 

အင်မတန် နူးညံ့တဲ့ မိခင်ဖြစ်သူက သူ့ရှေ့မှာ လူတစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တာလေ.. သမီးလေးက မေမေ့ အားယူသံတွေကို ကြောက်နေရှာတယ် ထင်ပါရဲ့။ မေမေ ခုမှ အမော ပြေသွားတယ် သမီးရယ်.. မငိုစမ်းပါနဲ့..။ ခံစားနေရသည့် ေ၀ဒနာ အားလုံးမှ လွတ်မြောက်သွားသော ဒေါ်ငုဝါ။ ကြည်နူး ရွှင်ပြစွာ ပြုံးလိုက်မိသည်။ ငု လုပ်နိုင်သွားပြီ ကို။

တွေ့တယ် မဟုတ်လား.. ငု လုပ်နိုင်သွားပြီ.. စင်ပေါ်မှာ ပထဆုံး သီချင်းဆိုတုန်းက ထက်လည်း ခက်တယ်.. ကို မနွယ်နဲ့တူတူ ထွက်သွားတုန်းကထက်လည်း ခက်တယ်.. ငု မေမေ ဆုံးတုန်းက ထက်လည်း ခက်တယ်.. ဟိုလူယုတ်မာကို သတ်ပစ်ခဲ့တာထက်လည်း ခက်ပါတယ်.. ဒါပေမယ့် ငု လုပ်နိုင်တယ် တွေ့လား..။မိမိပြောနေသည့် စကားကို မည်သူမျှ မကြားကြ။ သမီးက ရှိုက်ကြီးတငင် ငိုနေဆဲ။ ငု ကို ပွေ့ထားတဲ့ ကို လည်း မျက်ရည် လည်ရွှဲနဲ့။ ချို နဲ့ မာလာကော.. သူတို့လည်း ငိုနေကြတယ်..။ 

ဘာတွေ ဖြစ်ကုန်တာလဲ။ ဒေါ်ငုဝါ အရမ်း လန့်သွားမိသည်။ ကိုယ့်ကိုကိုယ် ငုံ့ကြည့်တော့ ဘာမှ ထူးခြားခြင်း မရှိ။ သို့သော် သူမခန္ဓာကိုယ်က အားလုံးနှင့် အေ၀း တစ်နေရာ ရောက်နေပါလား..။ကို က သူမကို အိပ်ရာပေါ်သို့ ညင်သာစွာ ချနေသည်။ ဟင့်အင်း.. ကို့.. ငုကို ပွေ့ထားလေ.. ခဏလောက် ပွေ့ထားပါဦး ကိုရယ်..။ ပြောနေသည့် ကြားမှပင် သူမကိုယ်လေးက အိပ်ရာပေါ်တွင် ဆန့် လျှက် ပက်လက်လေး။

သမီးငယ်က ခြေအစုံကို ရှိုက်နမ်းရင်း သည်းထန်စွာ ငိုနေသည်။ သူနာပြု ဆရာမက ဆေးပိုက်တွေ ဖြုတ်နေ၏။ ဆရာ၀န်တစ်ဦး ရောက်လာပြီး သူမ မျက်ဆန်အတွင်း ဓာတ်မီးနှင့် ထိုးကြည့်၊ ရင်ဘတ်ကို နားကျပ်ထောက်၊ လက်ကောက်၀တ်ကို စမ်း.. အိုးး ဖယ်ကြစမ်းပါ။ ကျမကို ဘာတွေ လာလုပ်နေကြတာလဲ။ အာခေါင်ခြစ် အော်ပါသော်လည်း မည်သူမျှ မကြားကြချေ။

“ ကိုရေ.. ငု ကို ကယ်ပါ..”

“ စိတ်မကောင်းပါဘူး ခင်ဗျာ.. သွင်းထားတဲ့ ဆေးကြောင့် သက်တောင့်သက်သာတော့ ဖြစ်သွားပုံရပါတယ်.. ကျောက်ကပ် အခြေအနေက အရမ်း ဆိုးနေတော့… သွေးထဲက အဆိပ်အတောက်တွေက နှလုံးကို......... …………. ………….. ………….”

“ အာ.. သည် ဆရာ၀န် လျှောက်ပြောနေတာ.. ကိုရေ.. ငု ဘာမှ မဖြစ်ဘူး သိလား.. ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့ဘူး.. သိလား ကို..”

သမီးလေးခမျာ ဖခင်ရင်ခွင် အတွင်း တိုးကာ 

“ ဖေဖေ့.. ဖေဖေ အကုန်စီစဉ်ပေးမယ် ဆို.. လုပ်ပါဖေဖေရဲ့.. မေမေ့ကို ပြန်ခေါ်ပေးပါ.. အီးး ဟီးးးး.. မေမေရေးးး..” 

သမီးငယ်ကို တင်းနေအောင် ပြန်ဖက်ထားရင်း တုန်ရီနေသည့် လက်တစ်ဘက်မှ ပွင့်အာလက်စ ဖြစ်နေသည့် ဒေါ်ငုဝါ မျက်လုံးများကို..။

“ ဟင့်အင်း.. ကိုရေ.. ငုမျက်လုံးတွေကို မမှိတ်ပစ်ပါနဲ့.. ငု ကို့ကို ကြည့်ပါရစေဦး.. ငု တို့ ခွဲနေရတာ နှစ်ပေါင်း (၂၀) ကြီးတောင်လေ.. ငု ကို့ကို ကြည့်လို့ မ၀ သေးဘူးလေ.. ကိုရေ.. မလုပ်ပါနဲ့ ငု မျက်လုံးတွေကို မပိတ်ပစ်ပါနဲ့.. မ ပိတ် ပစ်…”

ဖောင်းအစ် ယောင်ကိုင်းနေသည့် မျက်လုံးများက ပွင့်သည်ဆိုရုံသာ။ နားထင်တွင် ကပ်ထားသည့် ခေါင်းကိုက် ပလတ်စတာ၏ အနံ့က ညို့ကို ပိုပြီးညီးစီစီ ဖြစ်စေသလိုပင်။ မေမေ့ ဓာတ်ပုံ တင်ထားသည့် စင်ကလေး နဘေးတွင် မေချို့ကို မှီပြီး ထိုင်နေမိသည်။ ညို ဆယ်တန်းအောင်သည့်နေ့က သားအမိနှစ်ယောက် ရိုက်ထားတဲ့ ပုံလေး။ မေမေ့မှာ သီးသန့် ဓာတ်ပုံ မရှိဘူးလေ။ 

နာရေးအတွက်ပြင်ဆင်တော့ သည်ပုံလေးကို ဖေဖေကိုယ်တိုင် ခွဲထုတ်ပြီး ကူးယူခဲ့ရတာ။ ထိုင်ငိုင်နေသည့် ညို့ အနားတွင် မေမေ့ မိတ်ဆွေများ၊ တနည်း ဖေဖေ့ ၀န်ထမ်းများဟု ညိုသိထားသည့် ဦးမျိုးအောင်၊ ဦးမင်းမင်းနှင့် နောက်ထပ် ညို မသိသော သူများ။ 

မေမေရယ်.. မေမေ မရှိတော့မှပဲ မေမေ့မှာ အသိမိတ်ဆွေ ဆိုတာတွေ ရှိမှန်း ညို သိခဲ့ရတာပါလား။ ဖေဖေက ခပ်လှမ်းလှမ်းတွင် ကိုကို ကောင်းသုတနှင့် စကားပြောနေသည်။ မေမေ အမှုဖြစ်ပြီးနောက် ညို့ကို အစစ အရာရာ ဖေးမခဲ့သည့် ကိုကို့ အချစ်ကို မေမေ့ သဘောတူညီမှုဖြင့် ညို လက်ခံဖြစ်ခဲ့သည်။ တရားရုံးတွင် မေမေ့ကို စီရင်ချက် ချသည့်နေ့က ညို့လက်ကလေးကို မေမေ ကိုယ်တိုင် ကိုကို့လက်ထဲ ထည့်ပေးခဲ့သည်ပဲ။ အမိန့်ချသံ ကြားပြီး ညို မေ့လဲကျသွားတော့ ကိုကိုပဲ ညို့ကို ထွေးပွေ့ခဲ့တာ။

ခုဆို ဖေဖေနဲ့ ကိုကို့ ကို မိတ်ဆက်ပေးပြီးပြီ။ ကိုကို့ မေမေ ဆရာ၀န်မကြီးနှင့်လည်း ဖေဖေ တွေ့ပြီးပြီ။ မေမေသာ ရှိနေရင် ညို့ ဘ၀ ဘယ်လောက်တောင် ပြည့်စုံလိုက်မလဲနော်။ သာယာချမ်းမြေ့ခြင်းရဲ့ အရသာကို မေမေ့ကို ခံစားစေချင်လိုက်တာ။ အရမ်းချမ်းသာတဲ့ ဖေဖေ့အိမ်ကို ညို ရောက်နေရပြီ ဆိုပေမယ့် အဲ့ဒီအိမ်က ညို့အတွက် ဘယ်လိုမှ မပြည့်စုံဘူးမေမေ။ အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုလို ခန်းနားတဲ့ အိပ်ခန်းကြီးထဲမှာ ညိုတစ်ယောက်တည်း အိပ်ရတာ။

ပျဉ်ထောင်အိမ် သေးသေးလေးထဲက မေမေနဲ့ ဖက်အိပ်ခဲ့တဲ့ ညတွေကို ညို အရမ်းလွမ်းတယ်။ ဖေဖေ့ကို တမ်းတမိလို့ ဖေဖေနဲ့ တူတူနေရပါစေလို့ ဆုတောင်းမိတာကြောင့်များ နတ်ဆိုးတွေက မေမေ့ကို ခေါ်သွားတာလား။ ညို့ဆုတောင်းက ဖေဖေရယ် မေမေရယ် ညိုရယ် သုံးယောက်တူတူ နေရဘို့ပါ။ အိမ်စုတ်လေးနဲ့ နေရလည်း ကိစ္စ မရှိပါဘူး မေမေရယ်။ မွေးကတည်းက မချမ်းသာခဲ့တဲ့ ညို.. ဆင်းရဲမှာ လုံး၀ မကြောက်ပါဘူး။

တကယ်လို့များ မေမေ့ကို ပေးလိုက်ရတာ ဖေဖေနဲ့ ပြန်ဆုံရဘို့ အတွက် ဆိုရင်တော့ ဒီဆုကို ညို မလိုချင်တော့ပါဘူး မေမေရေ။ ညို့ ဘ၀မှာ တစ်ယောက်တည်းကိုပဲ ရွေးခွင့် ရှိမယ် ဆိုရင်.. ညို ရွေးမှာ မေမေ့ကိုပါ။ တွေးရင်း မျက်လုံးများက တဆစ်ဆစ် ကိုက်ခဲလာပြန်သည်။

မေမေ့ ဓာတ်ပုံလေး၏ ခေါင်းရင်းဘက်တွင် ပန်းခြင်းများ အစီအရီ ချထား၏။ နံမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦး၏ ဇနီးဖြစ်သူထံသို့ ပို့လာကြသော ၀မ်းနည်းခြင်း အမှတ်တရများ။ လာနှုတ်ဆက်တဲ့သူတွေကလည်း မနည်းမနော။

ညို မုန်းလိုက်တာမေမေရယ်.. စိတ်ရှိတိုင်းသာ ဆိုရင် အကုန်လုံးကို ကိုင်ပေါက် လွှင့်ပစ်လိုက်စမ်းချင်ပါရဲ့။ ညို့ဘ၀ ပြည့်စုံ ချမ်းသာခြင်းတွေရဘို့ မေမေ့ကို ပေးလိုက်ရသလိုပါပဲ။ တွေးနေတုန်း နောက်ထပ် ပန်းခြင်း လှလှလေး တစ်ခု ထပ်ရောက်လာပြန်သည်။ စိတ်ပျက်စရာ ပကာသနတွေကို ညို ကြောင်စီစီငေးကြည့်နေမိ၏။ သည်ပန်းခြင်းက အခြားဟာတွေလို ပေးပို့သူ အမည်ရေးမထား။ 

လာပို့သူက ပန်းခြင်းကို စင်ပေါ်မတင်ဘဲ ဖေဖေ့ဆီ တန်းသွားသည်။ ဘာပြောလိုက်သည်တော့ မသိ။ ဖေဖေတစ်ယောက် ပန်းခြင်းကို စင်ပေါ်မှ နေရာလွတ်တစ်ခုတွင်ချကာ အပြင်သို့ ခပ်သွက်သွက် ထွက်သွားသည်။ ညို လှမ်းကြည့်တော့ ရပ်ထားသည့် ကားတစ်စီး နဘေးတွင် အန်တီ လှလှ တစ်ဦး။

ကိုကို က ညို့နားလာထိုင်ရင်း 

“ နေသာရဲ့လား ညို.. ခဏနေ ဆေးသောက်ရဦးမယ်နော်..” 

ညို့ ဆံပင်လေးကို နားကြားသို့ ခပ်ဖွဖွ သပ်တင်ပေးရင်း မေးသည်။

“ ဖေဖေ ဘယ်ထွက်သွားတာလဲ ကိုကို..”

“ ဧည့်သည်တစ်ယောက် လာလို့လေ.. ဒေါ်နွယ်သာကီ ဆိုလား..”

“ အော်..”

မေမေပြောဖူးတဲ့ နွယ် ဆိုသော အန်တီ။ ဖေဖေ့ ချစ်သူ ဆိုတဲ့ အန်တီပေါ့။ 

“ သွား နှုတ်ဆက်မလား ညို..” 

ကိုကို့ စကားကို ညို ဘာပြန်ဖြေရမှန်း မသိ။ သွားနှုတ်ဆက်ဘို့ လိုလို့လား ကိုကိုရယ်.. သူလာတာ မေမေ့ဆီ မှ မဟုတ်ဘဲ.. ဖေဖေကလည်း ညို့ကို မိတ်ဆက်ပေးဘို့ ဆန္ဒ မရှိလို့သာ ခေါ်မသွားတာပေါ့.. ဒါကို ညိုက တကူးတက သွားနှုတ်ဆက်စရာ မလိုလောက်ဘူးထင်ပါတယ်..။

ညို့အတွေး မှန်ကြောင်း မေချိုက သက်သေပြသည်။ ခေါင်းလေး အသာ ယမ်းပြ၏။ မသွားနဲ့ ဆိုတဲ့သဘောပေါ့။ မေချို့ကို ခပ်ယဲ့ယဲ့ ပြုံးပြရင်း ညို တစ်စုံတစ်ခုကို သတိရသွား၏။ မေမေ ထားခဲ့တဲ့ ယွန်းဗူးလေး..။ 

အထဲတွင် ဖေဖေ့အတွက် မေမေ့လက်ရေး ၀ိုင်း၀ိုင်းလေးများဖြင့် ရေးပေးခဲ့သော စာလေး တစ်စောင် နှင့် ဘီးကုပ်ကလေးများ။ ပထမတော့ ဖေဖေ့ အတွက် လက်ဆောင်ပေးမလို့ပါ။ မေမေ တစ်သက်လုံး သိမ်းထားခဲ့တဲ့ အမှတ်တရလေး အဖြစ်ပေါ့။ မေမေနှင့် နောက်ဆုံး အတူ အိပ်ခဲ့သည့်ညက ထိုအကြောင်းတွေ မေမေပြောပြခဲ့သည်။ 

“ သူ့ဘာသာ ပြန်လာတာနဲ့ပဲ မေမေက ထွက်ပြေးစရာလား မေမေရယ်.. သူတို့ချင်း မပတ်သက်တော့ပေမယ့် သူငယ်ချင်းတော့ သူငယ်ချင်းပဲ မဟုတ်လား..” 

ညိုသည်လို မေးတော့ မေမေ ပြန်ဖြေသည့်စကားက တွေးဆ စ ရာပင်။

“ သူတို့နှစ်ယောက်က နှစ်ရှည်လများ ချစ်ခဲ့ကြတာ ညိုရဲ့.. ပြီးတော့ မနွယ်က သမီးဖေဖေရဲ့ အချစ်ဦးလေ.. သူတို့ချင်း နားလည်မှုတွေ ဖေးမမှုတွေ ဖလှယ်ခဲ့ကြတယ်.. တစ်ယောက်အကြောင်း တစ်ယောက် အသိကြဆုံးချစ်သူတွေ.. နောက်ပြီး လမ်းခွဲခဲ့ကြတာကလည်း မုန်းလို့မှ မဟုတ်ဘဲလေ..”

“ အာ.. ဒါက သူ့ ဆုံးဖြတ်ချက်ပဲလေ မေမေရယ်.. သူ ဖေဖေ့ကို ရွေးလို့ ရသားနဲ့ ဟာကို..”

“ ဒါတော့ သူ့ အကြောင်းနဲ့ သူပေါ့ ညိုရယ်.. သမီး ဒါတွေ နားလည်ဘို့ ငယ်ပါသေးတယ်..”

“ ဒါပေမယ့်လည်း မေမေရယ် မှန်တယ် ထင်လို့ ဆုံးဖြတ်ပြီးရင်တော့..”

“ ဟင်း ဟင်း.. ဘာလဲ မေ့ သမီးလေးက သူ့အဖေကို အချစ်ဟောင်းနဲ့ ဖူးစာ ဖက်စေချင်တယ် ထင်တယ်.. ဟုတ်လား ညို..”

“ အာ.. ဟုတ်ပါဘူး.. မေမေကလည်း ညိုပြောတာက တကယ်ဆို သူ့ အိမ်ထောင်ရေးက သူ ဆုံးဖြတ်တာပဲလေ.. အဆင်ပြေတာ မပြေတာ သူ့ ကိစ္စ မဟုတ်ဘူးလား.. နောက်ဆုံး အခက်အခဲ ဖြစ်လာတဲ့ အချိန် ဘာလို့ သူ့အမေအိမ် သူ မပြန်ဘဲ ဖေဖေ့ဆီ လာလဲ.. ”

“ ဒါလည်း သူ့မှာ အကြောင်းရှိမှာပေါ့..”

“ ဟွန်းးး.. ငါ့အမေကလည်း.. တကယ်ပဲ ဘုရားဖြစ်မယ့် အုတ်နီခဲ..”

“ အယ်.. ကြည့်စမ်း.. ကောင်မလေး မအေကို ပြောပုံက..”

“ ညို့ အသက် (၂၀) ပြည့်တော့မှာပါ မေမေရာ.. မေ့သမီး ကလေးလေး မဟုတ်တော့ပါဘူး.. ရည်းစားဟောင်း ပြတ်ဆဲပြီးရင် လမ်းမှာတွေ့လို့ သူငယ်ချင်းသဘောနဲ့ ရိုးရိုးသားသား နှုတ်ဆက်တာ သဘာ၀ ကျပေမယ့်.. တကူးတကတော့ အိမ်လာလည်စရာ မလိုဘူး ထင်တာပဲ..

ပိုဆိုးတာက သူ့အိမ်ထောင်ရေး သောကတွေ ဖေဖေ့ကိုပြော.. ဖေဖေက ဖေးမ.. ချော့.. နှစ်သိမ့်.. မေမေ့ စိတ်ထဲမှာ အဲ့ဒါကို သဘာ၀ကျတယ်လို့ ထင်တယ်လား မေမေ..”

“ အယ်.. သည်ကလေး.. ပြောလေကဲလေ.. လူကြီးတွေကိစ္စ သမီး ၀င်သုံးသပ်တာ လွန်နေပြီ ညို.. ဖေဖေနဲ့တွေ့တဲ့အခါ သမီးစိတ်ထဲ ဒီအတွေးကြီးနဲ့ ဖအေကို ဆက်ဆံမှာမျိုး မေမေ မလိုချင်ဘူးနော်.. ”

“ ညိုက သဘော ပြောပြတာပါမေမေရာ.. ခုမှ တွေ့ရမယ့် ဖေဖေ ငြိုငြင်အောင်တော့ လုပ်ပါ့မလား.. မေ့သမီး ဒီလောက်တော့ အလိုက်သိပါတယ်.. သိလား မေမေ.. 

တကယ်ဆို အဲ့အချိန်တုန်းက မေမေ လည်း နဲနဲတော့မှားတယ်.. တကယ်ဆို မဏ္ဍပ်တိုင် ၀င် တက်ပြလိုက်ရမှာ.. ရုပ်ရှင်တွေထဲကလို ကျမက ကိုဉာဏ်လင်းညို နဲ့ မကြာခင် လက်ထပ်မယ့်သူပါ.. ဘာညာ ပေ့ါ.. နော့လေ.. ခိခိခိ…”

ညို့ စကား ဆုံးတော့ မေမေ ဘာမှ ပြန်မပြောတော့ဘဲ ပြုံးပြီး ကြည့်သည်။ ခုမှ ပြန်မြင်ယောင်မိတော့ အဲ့ဒီတုန်းက မေမေ့ အပြုံးက ဘယ်တုန်းကနဲ့မှ မတူဘူးပဲ။ ကားထဲ၀င်သွားသော ဒေါ်နွယ်သာကီကို ကားခေါင်မိုးပေါ် လက်ထောက်ရင်း ခါးကိုင်းကာ စကား ငုံ့ပြောနေသည့် ဖေဖေ။ ဖေဖေ့ကို လှမ်းကြည့်ရင်း ထိုညက မေမေ့ အပြုံးထဲမှ နက်နဲသည့် စကားများကို ညို မှန်းဆ ကြားယောင် နေမိသည်။

“ အဲဒီ အခွင့်အရေးက မေမေ မရခဲ့တာပါကွယ်…” 

ဟုများ မေမေ ပြောချင်ခဲ့လေသလား။မေမေ့ အပြုံးကို ညို ဘာသာပြန်တာ လွဲကောင်း လွဲပါလိမ့်မည်။ သို့သော် မေမေထားခဲ့သည့် ယွန်းဗူးလေးကို ဖေဖေ့ အား ဘယ်တော့မှ မပေးတော့ရန် ညို ဆုံးဖြတ်ခဲ့ပါ၏။ 

ခုနေ သည်ပစ္စည်းလေး ဖေဖေ့ လက်ထဲ ထည့်လိုက်ပါလျှင် သူ့ အမှတ်တမဲ့ အပြုအမူကြောင့် နှစ် (၂၀) လုံးလုံး စိတ်ထိခိုက်ခဲ့ရရှာသည့် မေမေ့အတွက် ရင်နာ သွားရှာမလား.. သို့တည်းမဟုတ် သည်စာလေးခမျာ လွန်ခဲ့သော နှစ် (၂၀) က လို ချောင်ထဲ ပြန်ရောက်သွားမှာလား။ သည်လိုသာ ဆိုလျှင် တမလွန်မှ မေမေ ငိုနေရရှာပါလိမ့်မည်။ 

တကယ်တမ်း စဉ်းစားတော့ ဖေဖေနဲ့ မေမေ့ အချစ်ဇာတ်လမ်းက ခရီးသွားဟန်လွဲ ဆန်လွန်းလှသည်ပဲ။ မဖြစ်သင့်သည့် အခြေအနေမို့ လမ်းခွဲ လိုက်ကြသည်ဆိုသော ဖေဖေနှင့် ဒေါ်နွယ်သာကီ.. လှမ်းမြင်နေရသည့် ဖေဖေ့ မျက်နှာက ကြင်နာမှု အပြည့်။ အင်းလေ.. ညို့ ဖေဖေက တကယ်လည်း ကြင်နာတတ်တဲ့ ယောင်္ကျားတစ်ယောက်ပဲ မဟုတ်လား နော်။

မှီနွဲ့နွဲ့ ထိုင်နေရာမှ လေးတွဲ့စွာ ထ ရပ် လိုက်၏။ ပန်းစင်နား သွာကာ စောစောက ကားဒရိုင်ဘာ ဖြစ်ဟန်တူသူ လာပို့သွားသော ပန်းခြင်း၊ မေမေ့ နံမည်ရော ပေးပို့သူ နံမည်ပါ ပါမလာသည့် ပန်းခြင်း လှလှလေးကို ကောက်ကိုင်လိုက်သည်။ (……..) ကျပ်.. တဲ့။

ဆိုင်တံဆိပ်နှင့် ၀ယ်လာသည့် တန်ဘိုးတောင် မခွာထားရသေးပါလား။ ဒါမှမဟုတ် ပေးသောပစ္စည်း တန်ဘိုးနှင့် ၀ယ်သည့်ဆိုင် အဆင့်အတန်း မသေးလှကြောင်း ပြတာ လူချမ်းသာတို့ ဓလေ့များလား။ 

ခပ်မဲ့မဲ့ တစ်ချက် ပြုံးမိရင်း ထို အဘိုးတန် ပန်းခြင်းလေးကို မေမေနှင့် ေ၀းရာ တစ်နေရာတစ်ထောင့်သို့ ရွှေ့ထားလိုက်ပါတော့သည်။ မေမေ့ဓာတ်ပုံလေးကို တစ်ချက်ကြည့်မိတော့ မေမေရယ်နေသည်။ ကလေးကလား နိုင်လှသည့် ညို့လုပ်ရပ်အတွက် တမလွန်မှ မေမေ ခေါင်းလေး ယမ်းရင်း ရယ်နေပါလိမ့်မည်။

“ ခွင့်လွှတ်ပါ မေမေ.. ညို ဖေဖေ့ကို နားမလည်လို့ မုန်းလို့ မဟုတ်ရပါဘူး.. မေမေ့ ရင်ထဲက ဖြစ်စေချင်တဲ့.. ဖေဖေ့အပေါ် အလိုက်သိတဲ့ သမီးလိမ္မာတစ်ယောက် ဖြစ်အောင်လည်း ညို နေမှာပါ.. အဲ့အတွက် မေမေ့ကို ပေးထားတဲ့ ကတိကို ညို သေတဲ့အထိ မဖျက်ပါဘူးမေမေ..

ဒါပေမယ့် ညို က မေမေ့သမီးပါ.. မြတ်ပန်းကြာညို ဆိုတာ မေမေ တစ်ယောက်တည်း ဒုက္ခအမျိုးမျိုး ခါးစည်းခံပြီး စောင့်ရှောက်ခဲ့တဲ့ မေမေ့သမီးပါ.. မေမေ့ကို သည်လောက်လေးတော့ သမီး ပြန် ကာကွယ် ပါရစေ.. မေမေ့အတွက် မလိုအပ်ဘူးလို့ ညို ယူဆမိတဲ့.. အနှစ်သာရ မပါတဲ့ ဟန်ဆောင်မှုတွေ.. တခြားရည်ရွယ်ချက် တစ်ခုအတွက်နဲ့ မေမေ့ကို ခေါင်းစဉ် လာတပ်တဲ့ ဂရုစိုက်မှုတွေ မေမေ့ ရှေ့ ရောက်မလာအောင် ညို ကာကွယ်ပါရစေ..”

“ ကဲ.. ညိုလေး စိတ်တိုင်းကျ လှူလို့ တန်းလို့ပြီးရင် ပြန်ကြမလား...”

“ ဟုတ်.. မေချို လာလေ.. သွားရအောင်…”

“ ……….”

“ အယ်.. မေချို..”

“ အော်.. အင်း.. ”

“ ဘာတွေများ အဲ့လောက်တောင် စဉ်းစားနေတာလဲ မေချိုရဲ့.. မေမေ့ အကြောင်းလား ဟင်..”

“ ဒါပဲပေါ့ ညို ရယ်.. မေချို့ ခေါင်းထဲကို အကြောင်းတိုက်ဆိုင်တိုင်း ရောက်လာတတ်တာ သမီးမေမေ အကြောင်းကလွဲပြီး တခြား ဘာများ ရှိဦးမှာလဲ..”

“ အကြောင်း တိုက်ဆိုင်တယ်.. ဟုတ်လား မေချို.. ဘာအကြောင်း တိုက်ဆိုင်သွားတာလဲ ဟင်.. ညို့ ကိုပြောပြပါဦးလား.. ညိုလေ.. မေမေနဲ့ နှဲ့ နှစ်ယောက်တည်း အကြာကြီး နေခဲ့ရပေမယ့် တကယ်တမ်းကျတော့ မေမေ့အကြောင်း ဘာမှ သိပ်မသိဘူးပဲ နော်…”

“ အွန်း စောစောက အလှူခံ မဏ္ဍပ်က ဆုတောင်းသံကြောင့်ပေါ့ ညိုရယ်.. သမီးမေမေ အမြဲပြောတဲ့ ဆုတောင်းမှားပုံ အကြောင်းပေါ့..”

“ ဆုတောင်း မှားပုံ.. ဟုတ်လားမေချို.. ဘယ်လိုဟာကိုပြောတာလဲ.. ဆုတောင်းတာတောင် မှားတယ် မှန်တယ် ရှိသေးတယ်လား.. မေမေက ညို့ကို ဘုရားစာတွေ အများကြီး သင်ပေးပေမယ့် အဲ့အကြောင်းတော့ ပြောမပြခဲ့ဘူး..”

“ အွန်းးးး…. မေချိုလည်း အဲ့ဒီတုန်းက သူပြောတာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး ညိုရယ်.. ဒါပေမယ့် ခု အသက်အရွယ်ရောက်လာတော့ ဟုတ်သလိုလိုများ ရှိနေသလားလို့ တွေးမိလာတယ်..”

“ ဘယ်လို ဟုတ်တာလဲ မေချို.. ပြောပြပါ.. ကျနော်က မေမေ နဲ့ သိပ်မရင်းနှီးလိုက်ရတော့ မေမေ့ အတွေးအခေါ်တွေကို ညို က တဆင့်ပဲ သိရတာ.. ညို ပြောပြဖူးတဲ့အထဲ အဲ့အကြောင်း မပါသလိုပဲ..”

“ အွန်း.. ညို မမြင်ဘူးလိုက်တဲ့ ဘွားဘွားက ပြောခဲ့တာတဲ့.. သံသရာ အဆက်ဆက် ဆိုတဲ့ ဆုတောင်းက မှားယွင်းသော ဆုတောင်း တဲ့လေ..”

“ ………..”

“ …………”

“ မေချို နားလည် သလိုပုံစံနဲ့ ပြန်ပြောရရင်ကွယ်.. လောကမှာ လူယောကျ်ားနဲ့ လူမိန်းမ ချစ်ကြ မေတ္တာမျှကြရင် နောင် သံသရာ အဆက်ဆက် မပြတ်တမ်းပေါင်းရပါစေ လို့ ဆုတောင်း တတ်ကြတယ် မဟုတ်လား..”

“ ဟုတ်…”

“ ဟုတ်…”

“ တကယ်လို့ အကြောင်းကြောင်းကြောင့် လမ်းခွဲ ကြရတော့ တစ်ခါ အချစ်သစ်တွေ တွေ့ကြတယ်.. အဲ့ဒီ အချစ်သစ်နဲ့လည်း စောစောက ပြောသလိုပဲ ဆုတောင်း မိကြပြန်တယ်..”

“ အွန်း.. ဒါလည်း ဟုတ်ပြန်တာပဲ..”

“ ဟုတ်တယ်နော်.. မေချို.. မေမေ ဘာကို ဆိုလို သလဲ.. ညို နဲနဲ နားလည် သလိုလို ရှိလာပြီ..”

“ ဟုတ်လား.. ဒါဆိုလည်း ဆက်ရွှီးပါဦး ဆရာမကြီးရဲ့.. ကျနော်မျိုးကတော့ နဲနဲ ပိန်းတယ်.. ခုထိ သဘောမပေါက်သေးဘူးဗျ..”

“ ညို ထင်တာ ပြောကြည့်ရမလား မေချို…”

ကြယ်ရောင်တောက်နေသည့် ညို့ မျက်လုံးလေးများကို ပြုံးကြည့်ရင်း ဒေါ်၀တ်ရည်ချို ခေါင်းငြိမ့် ပြလိုက်သည်။ ဘယ်လောက်ပဲ မေမေ့ အကြောင်း မသိခဲ့ရဘူး ဆိုစေဦးတော့ သည်ကလေးက သည်အမေ၏ သွေးတစ်စက် မဟုတ်ပါလား။ စကားပြောလက်စ ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်ကို ကျောခိုင်းရင်း ရင်ပြင်တော် အစပ်ဆီသို့ လျှောက်လာ ခဲ့လိုက်သည်။ 

၀င်လုလု နေ၀န်းနီက နောက်ဆုံးအားကို သုံး၍ ကမ္ဘာမြေကို အလင်းပေးနေ၏။ မကြာခင် မိုးချုပ်တော့မည်။ အမှောင်ည လွန်မြောက်လျှင် နောက်ထပ် နေ့သစ် တဖန် ထပ်ဖြစ်ရဦးမည်။ ဤသည်ပင်လျှင် သံသရာ တစ်ခု မဟုတ်ပါလား။

လက်ထဲမှ ငုဝါ ပန်းခက်လေးကို ကျောက်ခုံပေါ်တွင် အသာ ပြန်ချလိုက်၏။ 

“ နေခဲ့တော့ ငုရေ.. သံသရာ နဲ့ ၀ေးတဲ့ အရပ်မှာ အေးအေးချမ်းချမ်း နေခဲ့လိုက်ပါတော့…” 

ခပ်လှမ်းလှမ်းမှ သားနှင့် သမီးကို လှည့်ကြည့်တော့ လက်ညှိုးလေး တထောင်ထောင်နဲ့ ခင်ပွန်း ဖြစ်သူကို ဆရာလုပ်နေသည့် ကောင်မလေး။ 

ဒေါက်တာ ကောင်းသုတ က လက်ကလေးနောက်ပစ်ကာ ခါးကိုင်းလျှက် ဇနီးဖြစ်သူ၏ မျက်နှာလေးကို ကြည်နူး နှစ်သက်စွာ ပြုံး၍ ကြည့်နေသည်မှာ ကြင်နာ မြတ်နိုးမှု အပြည့်။

“ သူတို့လေးတွေကတော့ ဆုတောင်း မှန်ခဲ့တယ် ထင်ပါရဲ့ ငုရယ်. နင် ပျော်တယ် မဟုတ်လား..တကယ်တော့ နင့် တစ်သက်လုံး ကောင်းတာ ဘာတစ်ခုမှ မရခဲ့ပေမယ့် နောက်ဆုံးတော့ နင့် ဆုတောင်း ပြည့်ခဲ့သားပဲ မဟုတ်လား ငု.. ငါ ယုံကြည်ပါတယ်.. နင် ကျေနပ်မှာပါ.. နင် သေချာပေါက် ကျေနပ် လိမ့်မယ်လို့ ငါ အကြွင်းမဲ့ ယုံကြည်ပါတယ် ငုဝါ ရယ်..”

“ ဒီလိုလေ ကိုကိုရယ်.. ဆုတောင်း ဆိုတာက ကိုယ်ပြုတဲ့ ကုသိုလ် အတိမ်အနက်ပေါ် မူတည်တယ် မဟုတ်လား.. တကယ်တမ်း နောက်နောင်ဘ၀တွေ ရောက်လာကြတော့ ဆုတောင်း ပြည့်တဲ့သူ ရှိမယ်.. 

လွဲချော်တဲ့သူ ရှိမယ်.. ကိုယ့်ရဲ့ ပါရမီအား ကောင်းခဲ့ရင် ကိုယ့်ချစ်သူနဲ့ ကောင်းကောင်းမွန်မွန် ပြန်ဆုံနိုင်ကောင်း ဆုံနိုင်မယ်.. 

အဲ တကယ်လို့များ ကိုယ်က ကုသိုလ်အင်အား နည်းလို့ ဆုတောင်းက အပြည့်အ၀ အထမမြောက်ခဲ့ရင် ကိုယ်ချစ်တဲ့သူနဲ့တော့ ပြန်ဆုံပါရဲ့.. သူကသော်လည်းကောင်း ကိုယ်ကသော်လည်းကောင်း.. နှစ်ယောက်လုံးကသော်လည်းကောင်း ပေါင်းဖက်နိုင်ဘို့က မလွတ်မလပ် အနေအထား.. ”

“ အွန်းးး… သဘောပေါက်ပြီ.. ဆိုလိုတာက အခု ညို့ ဖေဖေရယ် မေမေရယ်.. ဒေါ် နွယ်သာကီ.. ဦးအေးမောင်.. ဒီလူတွေ အားလုံးရဲ့ အချစ်ရေးမှာ အတိတ်ဆုတောင်း မှားခဲ့ကြလို့…”

“ ………..”

“ ………..”

စကား၀ိုင်းကလေး တိတ်ဆိတ်သွားသည့်နောက် အသက်၀င်လျှက် ကျန်ခဲ့သည်က ပုညရှင် စေတီတော်၏ ဆည်းလည်းသံများ။ စက္ခုအိနြေ္ဒကို ချကာ တရွေ့ရွေ့ လျှောက်လာနေသည့် ဦးပဉ္ဇင်း တစ်ပါးကို မြင်လိုက်ကြသည့် သူတို့နှစ်ဦး လက်အုပ်လေးများချီကာ ပုဆစ်တုပ် ထိုင်ချလိုက်သည်။ 

ကြည်လင် ၀င်းဖန့်သော အသားအရေနှင့် တင့်တယ် ကြည်ညိုဖွယ် ဦးပဉ္ဇင်းကသူတို့ နှစ်ဦးနားအရောက်တွင် ခြေစုံ ရပ်လိုက်၏။ ဒေါက်တာ ကောင်းသုတက ဦးပဉ္ဇင်း၏ ခြေဖမိုးကို နှဖူးဖြင့် ထိကာ ဦးခိုက်သည်။ ညိုလည်း နဘေးမှနေ၍ခင်ပွန်းနှင့် အတူ တပြိုင်နက် ဦးချလိုက်၏။ ဦးပဉ္ဇင်းက သူတို့နှစ်ဦး အတွက် တောင်းဆု တစ်စုံတစ်ရာ ပေးမသွား.. 

“ နေကောင်းအောင် နေကြ…”

ဟု တစ်ခွန်းတည်း မိန့်ကာ ပုညရှင်စေတီတော်၏ အာရုံခံတန်ဆောင်းရှိရာသို့ တရွေ့ရွေ့ ကြွလှမ်း သွားတော့၏။

....................................................

“ ဆုတောင်းခြင်း” ဆိုတာ ကိုးကွယ်ရာ ဘာသာ အယူဝါဒနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး.. တစ်စုံတစ်ရာကို တွယ်တာမက်မောစွာ တောင့်တတတ်သူတိုင်း ပြုတတ်ကြတဲ့ ဓလေ့ တစ်ခု သက်သက်ပါ..

“ အချစ်” 

ဆိုတာလည်း တစ်သက်မှာ တစ်ကြိမ်တစ်ခါ၊ တစ်ဦးတစ်ယောက်တည်း အပေါ်မှာပဲ ဖြစ်တည်လေ့ ရှိတဲ့အရာ မဟုတ်ပါဘူး.. ။ဒီတစ်ယောက်နဲ့ နောက်တစ်ယောက် အပေါ်မှာ မြတ်နိုးစွဲလမ်းမှု ပမာဏ တူချင်မှ တူမယ်ဆိုပေမယ့် ကျမတို့ လူသား အတော်များများ တစ်ယောက်ထက် ပိုပြီး ချစ်ဖူးကြပါလိမ့်မယ်..

“ ဆုတောင်းခြင်း နဲ့ အချစ်..” 

မှားယွင်းစွာ တိုက်ဆိုင်သွားကြလို့သာ နောင်သံသရာမှာ ချစ်သူနဲ့ ကွေကွင်းကြရတဲ့ ဒုက္ခ.. ။မချစ် မနှစ်သက်သူနဲ့ ပေါင်းဖက်နေကြရတဲ့ ဒုက္ခ.. 

တပါးသူရင်ခွင်မှာ ပျော်နေတဲ့ ချစ်သူကို အေ၀းက ငေးနေရတဲ့ ဒုက္ခ.. ကိုယ့်ကို နဘေးမှာ ထားပြီး တပါးသူကို တမ်းတနေတဲ့ ချစ်သူကြောင့် ရင်နင့် ခံစားရတဲ့ ဒုက္ခ ဆိုတာတွေ ဖြစ်လာကြတာပါ..။ဘယ်လောက်ပဲ အသည်းပေါက်အောင် ချစ်ကြပါစေဦး.. သာယာ ကြည်နူးကြစဉ် အချိန်အခါလေးမှာ “နောင်သံသရာ အဆက်ဆက် မပြတ်တမ်းပေါင်းရပါစေ” ဆိုတဲ့ ဆုတောင်းကိုတော့ဖြင့်………


 

...........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment