Sunday, June 16, 2013

သုံးဖက်မြင် အပိုင်း ( ၂ )

သုံးဖက်မြင် အပိုင်း ( ၂ ) 

မောင်ဇော်ဦး ရေးသည်။

မိဗျိုင်း ဆုတောင်းမပြည့်ဘူး အကိုရယ်၊ အကိုက မိဗျိုင်းဆီ လာလည်တယ်၊ ချက်ခြင်းပဲ ရောက်လာတဘဲ၊ မိဗျိုင်းကလဲ ဟန်မဆောင်တတ်ဘူး အကိုရ၊ အကို့ကို မြင်တော့ ပျော်တယ်။ ပျော်တော့ အကို့ကို ရင်းရင်းနှီးနှီး ဆက်ဆံတာပေါ့၊ ခုဆို သမီးကလဲ အကို့ကို ခင်သွားပြီ၊ မိဗျိုင်းပျော်တယ်အကိုရယ်၊ အကိုနဲ့ မိဗျိုင်းတို့ကြားမှာ ဘာအနှောက်အယှက်မှ မရှိရင် ကောင်းမှာ။

မရှိလောက်ပါဘူးနော် အကို၊ အကိုပြောသလိုဆို အကိုက လူပျိုကြီး တစ်ယောက် တည်းသမားလေ၊ မိဘတွေလဲ မရှိတော့ဘူးတဲ့၊ မောင်နှမတွေလဲ မရှိဘူးတဲ့၊ တကယ်နော် အကို၊ မိဗျိုင်းကို လိမ်တာ မဟုတ်ပါဘူးနော်၊ အကို မလိမ်တတ်ပါဘူး၊ မိဗျိုင်း သိပါတယ်။ အကိုက ရိုးရိုးအအကြီး ဆိုတာ၊ ရိုးရိုးအအကြီးမို့ တော်ကြာ လူတွေက အကို့ကို မိဗျိုင်းက ချူစားနေတယ်လို့ ပြောကြမှာ အကိုရဲ့။

မိဗျိုင်းကတော့ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ပါဘူး၊ မိဗျိုင်းက အကို့ကို ချူမှမစား တဲ့ဟာ၊ မိဗျိုင်း ချူတတ်ပါတယ်၊ ဒါပေမဲ့ အကို့ကိုတော့ ဘယ်တော့မှ မချူဘူး၊ သိလား၊ တကယ်ပြောတာ၊ ခု အကို့ဖာသာ အကိုဝယ်လာတာနော်၊ အကိုစေတနာရှိလို့ ဝယ်လာ တာ၊ ဟုတ်တယ်မှတ်လား။မိဗျိုင်း ဘာမှ ဝယ်ခိုင်းတာ မဟုတ်ဘူးနော်၊ ဒါပေမဲ့ အကို စေတနာနဲ့ ဝယ်ပေးတာဆို မိဗျိုင်းတော့ ယူမှာပဲ၊ အကိုက စေတနာရှိလို့ ပေးတဲ့ဟာ၊မိဗျိုင်ငြင်းရင် အကိုစိတ်မကောင်းဖြစ်မှာပေါ့၊အကိုပျော်တာဘဲ မိဗျိုင်းကြည့်ချင်တာ။

အကိုဝယ်လာပေးတဲ့ အင်္ကျီလေးက လှတယ်၊ အကိုက ဝယ်တတ်သားဘဲ။ မိဗျိုင်းတို့ သားအမိ အကိုပေးတဲ့ အင်္ကျီ အသစ်လေးဝတ်ပြီး အကိုနဲ့ ထမင်းသွားကြတာ၊ မိဗျိုင်း ပျော်လိုက်တာ အကိုရယ်။သမီးကလဲ အကို့ကို ခင်သွားပြီဆိုတော့ အကို့လက်ကိုတွဲလို့၊ မိဗျိုင်းလေ အဲလို မိသားစုတစ်ခုလို အပူအပင်ကင်းကင်း နေချင်တာ၊ မိဗျိုင်း အကို့ကို အိမ်မှာ ကျကျနန ချက်ကျွေးချင်ပါတယ် အကိုရယ်။

ဒါပေမဲ့ မိဗျိုင်းတို့က ဆင်းရဲတယ် အကိုရဲ့၊ ခုထိ အိမ်မှာ ထမင်းစားပွဲ မရှိသေးဘူး၊ မိဗျိုင်းတို့ သားအမိက ဒီအတိုင်း ကြမ်းပြင်ပေါ် ထိုင်စားကြတာ၊ အကိုဘယ်လို စားတတ်မလဲ။အကိုက မိဗျိုင်းကို ဘယ်မှာ အလုပ်လုပ်တာလဲ မေးတော့ မိဗျိုင်းလေ မပြောချင်ဘူး၊ ဒါပေမဲ့ မိဗျိုင်း အမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။ အကို့ကို မိဗျိုင်း ဘယ်တော့မှ မလိမ်ပါဘူး၊ မိဗျိုင်းက အနှိပ်သည် လုပ်တာလေ၊ အကိုက ဒီမှာ အနှိပ်ခန်းရှိတာ မသိဘူး ဟုတ်လား၊ ဘယ်သိမလဲ အကိုကရောက်မှ မရောက်ဘူးတာ။

မိဗျိုင်းတို့ အနှိပ်ခန်းကိုတော့ မလာချင်ပါနဲ့ အကိုရာ၊ အကို့ကိုလဲ မခေါ်ချင်ပါဘူး၊ မိဗျိုင်းလုပ်နေတဲ့အလုပ် အကိုတွေ့သွားရင် မိဗျိုင်းကို ရွံသွားမှာ။ရွံတော့ မရွံပါနဲ့ အကိုရာ၊ မိဗျိုင်းက သတိရှိပါတယ်၊ ဗဟုသုတလဲ ရှိပါတယ်၊ မိဗျိုင်းက လက်နဲ့ ကိုင်တာတောင် အစွပ်မရှိရင် မကိုင်ပါဘူး။ 

မိဗျိုင်း အဲဒီလောက် သတိထားတာပါ။ မိဗျိုင်း ကလေးလဲမဟုတ်ပါဘူး၊ စိတ်ကစားတတ်တဲ့ အရွယ်လဲ မဟုတ်တော့ပါဘူး၊ ဒီကိစ္စဟာ မိဗျိုင်းအတွက် အထူးအဆန်းလဲ မဟုတ်တော့ပါဘူး၊ ပြီးတော့ မိဗျိုင်း လူတိုင်းနဲ့လဲ ဒါမျိုး မလုပ်ပါဘူး၊ ဝမ်းရေးအတွက်မို့ မလုပ်မဖြစ် လုပ်နေရတာ အကိုရယ်။

ဘာလဲ အကိုက မိဗျိုင်းကို အလုပ်ဆင်းတဲ့နေ့ လာကြိုမယ် ဟုတ်လား၊ ပထမတစ်ခါတွေ့တဲ့ ဆိုင်ရှေ့မှာဘဲ စောင့်မယ် ဟုတ်လား၊ အလုပ်ပိတ်တဲ့ရက်လဲ အိမ်ကိုလာ၊ အလုပ်ဆင်းတဲ့ ရက်လဲ မိဗျိုင်းကို လာကြိုဆို နေ့တိုင်းချည်းလို ဖြစ်နေမှာပေါ့။

ကောင်းပါ့မလား အကိုရယ်၊ တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် လာလည်ရင်ဘဲ မိဗျိုင်း ဝမ်းသာလှပါပြီ၊ ခု... အကိုက နေ့တိုင်းလာမယ်ဆိုတော့... မိဗျိုင်း ဘာပြောရမှန်းတောင် မသိတော့ပါဘူး အကိုရယ်။ဟုတ်တယ်၊ ငါ မိဗျိုင်းတို့မိသားစုနဲ့ နေရတာပျော်တယ်၊ ငါ့ဘဝမှာ ဒီလို တစ်ခါမှ မပျော်ဘူး၊ ငါသူတို့ သားအမိနဲ့ နေ့တိုင်းတွေ့ချင်တယ်။ သမီးကလဲ ငါ့ကို ခု တော်တော်ခင်သွားပြီ၊ အင်္ကျီ အသစ်လေးနဲ့ ပျော်နေတဲ့ သမီးကို သူ့အမေက သွားလေ ဦးဦးကို ကျေးဇူးတင်တယ်ပြောပြီး မွှေးမွှေးပေးလိုက် ဆိုတော့ ငါ့ပါးကို မရဲတရဲလေး လာနမ်းတာ။ 

ငါလဲ သမီးကို အားရပါးရ ပြန်နမ်းလိုက်တာပေါ့။ ပျော်လိုက်တာ။ ပြီးတော့ ငါတို့ အားလုံး ထမင်းသွားစားကြတာ၊ ထမင်းမဟုတ်ဘူး ခေါက်ဆွဲ ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ သမီးက ဆီချက်ခေါက်ဆွဲ ကြိုက်တယ်တဲ့၊ တစ်ခါမှ မစားဖူးဘူးတဲ့။ သမီးကို ပြောလိုက်တယ် နောက် အများကြီး ဝယ်ကျွေးအုံးမယ်လို့။

မိဗျိုင်းက အနှိပ်သည်လုပ်တာတဲ့၊ ဒီရန်ကုန်မှာ အနှိပ်ခန်းရှိတယ်ဆိုတာ ငါတစ်ခါမှ မကြားဘူးပါဘူး၊ ဟို နိုင်ငံခြားမှာ နေတုန်းက မဂ္ဂဇင်းကြော်ငြာတွေမှာ တွေ့ဘူးတဲ့ အနှိပ်ခန်းမျိုးနေမှာ။ အနှိပ်ခံတဲ့ သူက ကိုယ်လုံးတီးနဲ့ ပုဝါပိုင်းလေးဘဲ ခါးမှာ အုပ်ထားပြီး အနှိပ်ခံရတဲ့ဟာမျိုးလား မသိဘူး၊ မသွားရဲပါဘူး၊ မိဗျိုင်းရှေ့မှာ ငါ ပုဝါပိုင်းလေးနဲ့ ဘယ်လိုနေရဲမလဲ။ အရင်တခါ တွေ့တဲ့ ဆိုင်ရှေ့က စောင့်တာပဲ ကောင်းပါတယ်။

မိဗျိုင်းကို သွားကြိုမှဖြစ်မှာ၊ ဘတ်စ်ကားနဲ့ သူ့ဟာသူ ပြန်မယ်ဆို အိမ်ပြန်ရောက် နောက်ကျမှာပေါ့၊ အရင်က သူဒီလိုမျိုးနေခဲ့ပေမဲ့ ခု ငါရှိနေပြီပဲ၊ ဒါတွေ ငါလုပ်ပေးလို့ ရနေတဲ့ဟာ၊ အပန်းလဲမကြီးဘူး၊ ငါလဲ နေ့တိုင်းတွေ့ချင်နေတဲ့ဟာ။

သမီးလဲ သူ့အမေနဲ့ မြန်မြန်တွေ့ချင်မှာပေါ့၊ ဖြစ်နိုင်ရင် မိဗျိုင်းတို့ သားအမိ ငါ့တိုက်ခန်းမှာဘဲ ခေါ်ထားလိုက် ချင်တာ၊ ငါ့ဆီမှာ အခန်းအပိုလဲ ရှိတာဘဲ၊ သူတို့ အဲဒီမှာနေပေါ့၊ ခု သူတို့နေနေတာ ဆင်းဆင်းရဲရဲ၊ လျှပ်စစ်မီးလဲ မရှိ၊ အို ထိုင်စရာ ခုံတောင်မရှိဘူး၊ သနားစရာ။

မိဗျိုင်းကို ငါ့ဆီမှာ လာနေရင် အရမ်းကောင်းမှာ၊ ငါ့ဆီမှာလာနေဖို့ ဘယ်လိုပြောရင် ကောင်းမလဲ မသိဘူး၊ သူဘယ်လက်ခံမလဲ၊ ငါနဲ့ မနေ့တနေ့ကမှ သိတဲ့ဟာ၊ ပြီးတော့ သွေးသားလဲ မတော်စပ်။ဒီမှာတော့ အမျိုးမတော်ရင် အတူလာနေဖို့ မဖြစ်နိုင်ဘူး ထင်တယ်၊ နိုင်ငံခြားမှာတော့ ဒီလို သွေးမတော် သားမစပ်လဲ အတူတူ အခန်းဖေါ် နေနေကြတာဘဲ၊ အို ခုလောလောဆယ်တော့ ဒီလိုဘဲ ခဏနေပြီး အချိန်နဲနဲကြာလာရင် ငါ့ဆီပြောင်းနေပါလားလို့ ပြောကြည့်ရမယ်။

မေမေကလဲ ခုမှ ဦးဦးကို အိမ်ခေါ်လာတယ်၊ အစောကြီးကတည်းက ခေါ်လာတာ မဟုတ်ဘူး၊ ပထမတော့ ဦးဦးက မျက်နှာတည်တည်ကြီးနဲ့ နေတော့ သမီးက ကြောက်တာပေါ့။နောက်တော့ ဘယ်ကြောက်တော့မှာလဲ ဦးဦးက သဘောကောင်းမှန်း သိသွားတဲ့ဟာ၊ မနေ့ကတည်းက နဲနဲတော့ သိပါတယ်လေ၊ ဒါပေမဲ့ ကြောက်တာကတော့ ကြောက်သေးတာပေါ့၊ သမီးကမှ တခြားလူတွေနဲ့မှ သိပ်စကားမပြောဘူးတာ။

ဒီနေ့ ဦးဦးဝယ်လာတဲ့ ကိတ်မုန့်က အရမ်းစားကောင်းတာဘဲ၊ ချိုလဲချို၊ စားရတာ အိအိကလေး၊ အပေါ်ကလဲ အချိုတွေ အုပ်ထားသေးတယ်၊ စားလို့တောင် မဝဘူး။မေမေက တစ်ခုဘဲ စားရမယ်ဆိုလို့၊ ဦးဦးကတော့ သမီးကြိုက်သလောက် စားတဲ့၊ ကုန်ရင် ထပ်ဝယ်ပေးဦးမှာတဲ့၊ မနက်ဖြန် မေမေအလုပ်သွားရင် အများကြီး ထပ်စားအုံးမယ်၊

ဦးဦးဝယ်ပေးတဲ့ အင်္ကျီလေးကလဲ လှလိုက်တာ၊ သမီးမှာ အဲလို အင်္ကျီလှလှလေး တစ်ထည်မှ မရှိဘူး၊ သမီးပျော်လိုက်တာ၊ ဦးဦးက အရမ်းသဘောကောင်းတာဘဲ၊ ပိုက်ဆံတွေလဲ အများကြီး ရှိမယ်ထင်တယ်၊ ကားလဲရှိတယ်။ ဦးဦးကားကြီးနဲ့ အပြင်လျှောက်သွားပြီး အစားအသောက်တွေ လျှောက်စားရတာလဲ ကြိုက်တယ်၊ သမီးတို့ဆီ မုန့်တွေ အများကြီးဝယ်ပြီး နေ့တိုင်းလာရင် ကောင်းမယ်။

ခစ်... ခစ်... ခစ်... ခစ်... သမီးက ဦးဦးကို မွှေးမွှေးပေးတော့ ဦးဦးက သမီးကို မွှေးမွှေး ပြန်ပေးတယ်တော့၊ သမီးကို မေမေကလွဲလို့ ဘယ်သူမှ မွှေးမွှေးမပေးဖူးဘူး။ဘယ်သူမှလဲ သမီးကို မချစ်ပါဘူး၊ သမီးက ရုပ်ဆိုးတာကိုး၊ ဦးဦးကရော သမီးကိုချစ်လား၊ ချစ်လို့ သမီးအတွက် မုန့်တွေ အင်္ကျီတွေ ဝယ်လာတာပေါ့နော်၊ ဟုတ်တယ်မှတ်လား။ ဦးဦးသမီးတို့ဆီ နေ့တိုင်းလာနော်။

ဟယ်... ထူးထူးဆန်းဆန်း ဒီနေ့ အကိုလာကြိုတော့ ကားထဲမှာ သမီးလဲ ပါလာတယ်။ အကိုက သမီးကို အရင်သွားခေါ်လာတာ ထင်တယ်။ အကိုက ဒီလိုဘဲ တခါတလေ မပြောမဆိုဘဲ ဇွတ်ဇွတ်လုပ်တတ်တယ်။ခု ဘာလုပ်ဖို့ သမီးကို အရင်သွားခေါ်ခဲ့တာလဲ မသိဘူး။ ရပ်ထားတဲ့ကား ပြတင်းပေါက်က ခေါင်းပြူပြီး လက်လှမ်းပြနေတဲ့ သမီးကြောင့် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်တယ်။ အနီးရောက်တော့ သမီးက မေမေ မေမေနဲ့ လှမ်းခေါ်တယ်။

“ သမီးက ဦးဦးနဲ့ လိုက်လာတာလား”

ကားတံခါးကိုဖွင့် ဝင်ထိုင်ရင်း သမီးကို လှမ်းမေးလိုက်တယ်၊ မေးပြီးမှ ဟုတ်သားပဲ သမီးကို အကို့ကားထဲမှာ တွေ့တဲ့နောက်မှတော့ အကိုနဲ့ မလိုက်လာလို့ ဘယ်သူနဲ့ လိုက်လာရမှာလဲ ဆိုပြီး ကိုယ့်မေးခွန်းကို ကိုယ်ဖာသာ ကိုယ်ရီချင်သွားတယ်။ သမီးကတော့ ခလေးပီပီ ဘာမှ သတိမထားမိဘဲ...

“ ဟုတ်တယ်လေ မေမေရဲ့၊ ဦးဦးက သူ့အိမ်မှာ သမီးတို့ကို ဒန်ပေါက်ကျွေးမှာတဲ့၊ ဒါကြောင့် ဦးဦးက သမီးကို အရင်လာခေါ်တာ”

“ ဟုတ်လား အကို”

ဆိုတော့ အကိုက ပြုံးပြီး ခေါင်းညိမ့်ပြတယ်။

“ မေမေ ဦးဦးအိမ်သွားမယ်နော်၊ သမီးတို့မှ မရောက်ဘူးတာ၊ သွားမယ်နော် မေမေ”

သမီးက ဝင်ပြောတော့...

“ အမယ် ညည်းဦးဦးက ဒန်ပေါက်ချက်တတ်လို့လား မေးကြည့်ပါအုံး”

“ ဦးဦးက မချက်ပါဘူး၊ ဆိုင်က ဝယ်ကျေွးမှာ၊ သမီးတို့က ဆိုင်ကနေ အားလုံးဝယ်သွားပြီး ဦးဦးအိမ်မှာ သွားစားကြမှာ၊ ဟုတ်တယ်နော် ဦးဦး”

အမယ်... သမီးက အစီအစဉ်ကို သူ့ဦးဦး ကိုယ်စား ပြောပြတယ်။ လမ်းမှာ သူတို့ အချင်းချင်း နားလည်မှု ယူခဲ့တာနဲ့ တူတယ်။အမလေး... အကို့အိမ်ကြီးက ကောင်းလိုက်တာ။ ဒါ ကွန်ဒိုတိုက်ခန်းတဲ့၊ အောက်မှာ ကားရပ်ပြီး အပေါ်ကို ဓါတ်လှေခါးကြီး စီးပြီးတက်ခဲ့ရတာ၊ သမီးက မစီးဖူးလို့ ကြောက်တယ် ထင်တယ်၊ ဓါတ်လှေခါးကြီး အပေါ်တက်သွားတော့ လန့်သွားတယ်ထင်ရဲ့၊ မိဗျိုင်းလက်ကို အတင်း ဆွဲထားတာ။ အိမ်ထဲရောက်တော့ အထဲမှာလဲ တကယ့် အပျံစား၊ မိဗျိုင်း ဝင်တောင် မဝင်ရဲဘူး၊ အကိုက လာပါ... လာပါနဲ့ အတင်းခေါ်နေတာ။

သိပါတယ် အကိုပြောချင်တာ အားမနာနဲ့၊ ကိုယ့်အိမ်လို သဘောထား၊ လွတ်လွတ်လပ်လပ်နေ ဒါမျိုးပြောချင်တာ မဟုတ်လား၊ ပြောပါလား၊ တစ်ခါတည်း ခုထိ စကားကို အချိုးပြေပြေ မပြောတတ်သေးဘူး။သမီးကတော့ အကို့အိမ်ကြီးကို လျှောက်ကြည့်ပြီး မျက်လုံး အဝိုင်းသားနဲ့၊ သမီးလား ဒါမျိုး ဘယ်မြင်ဘူးမလဲ၊ မိဗျိုင်းတောင် မမြင်ဘူးတဲ့ဟာ။

ဝယ်လာတဲ့ စားစရာတွေ ထမင်းစားခန်း သွားထားတော့ ထမင်းစားပွဲကြီးကလဲ ကောင်းလိုက်တာ၊ ဖုံတော့ နည်းနည်းတက် နေတာပေါ့၊ အကိုက တစ်ယောက်တည်းနေတာဆိုတော့ အိမ်မှာ လှည်းကျင်းပေးမဲ့သူ မရှိဘူးထင်ပါရဲ့၊ ဒီလောက် အိမ်အကောင်းစားကြီးမှာ တစ်ယောက်တည်း ဖြစ်သလို နေနေတာ အံ့ပါရဲ့။

နောက်က မီးဖိုခန်းကလဲ ကောင်းလိုက်တာ၊ မိဗျိုင်းတို့လို မီးသွေးမီးဖို မဟုတ်ဘူး ထင်တယ်၊ စင်ကလေးနဲ့၊ မီးကဘယ်လိုထွက်လဲ မသိဘူး၊ ခလုပ်တွေနှိပ် လိုက်ရင် မီးတောက်တဲ့ ဟာမျိုးလား၊ ဟုတ်မယ် ဟို ဂျာနယ်တွေထဲမှာ ကြော်ငြာပါတဲ့ မီးဖိုမျိုးထင်တယ်၊ ဘာတဲ့ အော်... ဂက်စ်... ဂက်စ်မီးဖို၊ ငါ့နှယ် စဉ်းစားလိုက်ရတာ။

အကိုလား ပျော်နေတာ သိသာကြီး၊ ပြောပါလား ညီမရေ အားမနာနဲ့နော်၊ နေချင်သလိုနေ၊ ဒါကဘာ၊ ဒါကဘယ်လို ပြောပြပါလား၊ ခု အကို့ပုံက ပျာယိပျာယာနဲ့၊ မိဗျိုင်းတို့ နေလို့ထိုင်လို့ ခက်မှာကိုပဲ အားနာနေတဲ့ပုံ။မိဗျိုင်းကလဲ အကို့အိမ်ရောက်မှ အံ့သြပြီး ဘာပြောလို့ ပြောရမှန်းတောင် မသိ၊ နေပါအုံး၊ ဒီလို နေလို့မဖြစ်ပါဘူး၊ ဒါနဲ့ဘဲ အကို့အိမ် လျှောက်ကြည့်ပြီး အကုန်စပ်စု ပစ်လိုက်တယ်။ 

ဟုတ်တယ် အကုန်သိအောင် တစ်ခါတည်း ပြထားခိုင်းမှ၊ နောက်လဲ ဒီအိမ် ခဏခဏ ရောက်တော့မယ်ဆိုတာ စိတ်ထဲက အလိုလိုနေ သိနေပြီလေ။အမလေး ရေချိုးခန်းကြီးကလဲ ကောင်းလိုက်တာ၊ ရေစိမ်ချိုးလို့ရတဲ့ ရေကန်ရော၊ ရေပန်းရော၊ အစုံ အစုံ၊ ဒါက ရေနွေးထုတ်ပေးတဲ့ စက်တဲ့၊ ရေနွေးနဲ့ ချိုးလို့လဲရတယ်တဲ့၊ အကိုက ရေတောင် ဖွင့်ပြသေး ဟုတ်တယ်တော့ ရေပူပူကြီးတွေ ထွက်လာတာ။

အော်... အော်... အပူနဲ့အအေး ဒီလို ညှိပြီး ရေနွေးနွေးလေးရအောင် လုပ်ရတယ်တဲ့၊ ဓါတ်ပုံကြော်ငြာထဲမှာသာ မြင်ဘူးတဲ့ဟာတွေ အကုန် အကို့အိမ်ထဲ ရောက်နေသလိုပဲ၊ အိမ်သာကလဲ ဘိုထိုင်ဆိုလား၊ မိဗျိုင်းတစ်ခါမှ အဲလို အိမ်သာမတက်ဖူးဘူး။

အိမ်သာက တံခါး ၂ ပေါက်နဲ့၊ မီးဖိုခန်းဘက်က ဝင်လဲရ၊ ဟော... ဒီဘက် တံခါးပေါက်ကဆို အကို့ အိပ်ခန်းထဲ တန်းရောက်တာ၊ အမယ် လုပ်ထားတာ ဟန်ကျသား၊ အခန်းထဲကနေ အိမ်သာတက်ချင်ရင် ဟိုဘက်က ပတ်လာစရာ မလိုတော့ဘူးပေါ့။သမီးကတော့ လျှောက်ကြည့်ပြီး တစ်ခွန်းထဲပြောတယ်။ ဦးဦးအိမ်မှာ တီဗီလဲ မရှိဘူးတဲ့။ အင်း... အင်း... ဟုတ်သားဘဲ၊ သမီးက တီဗီကြည့်ချင်တာ။

သမီးက တီဗီမရှိဘူးလဲဆိုရော အကိုက ဝယ်ပေးမယ် ဝယ်ပေးမယ်နဲ့၊ တစ်ခါတည်း သမီးကို ပြောလိုက်တယ် မနက်ဖြန်သွားဝယ်ကြမယ်တဲ့၊ သမီးတို့ ဒီမှာ ဒီည အိပ်ကြ၊ မနက်ဖြန် အိပ်ရာက နိုးတာနဲ့ သွားဝယ်မယ်တဲ့။ ဒါနဲ့ သမီးက အိပ်မယ်နော် ဒီမှာ အိပ်မယ်နော် မေမေနဲ့ ဖြစ်ပါရော။ ဟဲ့... ဟဲ့... အိပ်မလို့ ဖြစ်မလား မေမေတို့မှာ လဲစရာ အင်္ကျီ ပိုလဲ ပါတာမဟုတ်ဘူး ဆိုတော့ အကိုက ပြုံးတယ်။ သိပါတယ် အကို့အပြုံး၊ သွားဝယ်မလို့ မဟုတ်လား။

အကိုကတော့ တကယ်ဘဲကွာ၊ တားလို့လဲမရဘူး၊ တစ်ထည်ဆို မဟုတ်ဘူး၊ ၂ ထည်။ သမီးနဲ့ တစ်ယောက် ၂ ထည်စီ၊ ဒါတောင်မှ အကို့ကိုဆွဲပြီး အတင်းဆိုင်ကထဲ ထွက်လို့၊ အကိုနေတဲ့ လမ်းထဲမှာလဲ ဆိုင်တွေများ ပြည့်လို့။ဟော... ဟိုမှာ ဘော်လီဆိုင်၊ အောက်ခံဘောင်းဘီတွေရော ရောင်းတာ၊ အတွင်းခံ တစ်စုံလောက် သွားဝယ်ချင်သား၊ ခု ဝတ်ထားတာက တစ်နေ့လုံး ဆိုတော့ အင်္ကျီသစ်လဲရင် ပြန်မဝတ်ချင်တော့။ 

ဒါနဲ့ အကို့ကို ခဏခဏဆိုပြီး ဟိုဆိုင်ကို လက်ညိုးညွှန်ပြတော့ အကိုက သဘောပေါက်သား၊ ဒါနဲ့ သမီးကို အကိုနဲ့ ထားခဲ့ပြီး ဆိုင်ထဲဝင်မယ် လုပ်တော့ အနောက်က အကိုကပြေးလာပြီး လက်ထဲ ပိုက်ဆံ တစ်ထပ် ထိုးထည့်ပေးတယ်။ မိဗျိုင်းမှာ ရှိပါတယ် ပြောတာ တစ်ခါတည်း လက်မခံဘူး၊ အတင်းဘဲ။အကိုနဲ့ နေရတာ မိဗျိုင်းအဖို့တော့ လက်ညိုးညွှန်ရာ ရေဖြစ်တာပါဘဲ။ ဘာဖြစ်လို့ မိဗျိုင်းကို ဒီလောက် အလိုလိုက်နေရတာလဲ အကိုရာ၊ ပြီးတော့ အကို့ကိုကြည့်ရတာ တကယ့်ရိုးရိုးသားသား။

မိဗျိုင်းနဲ့ နေတာကိုဘဲ သူပျော်နေတဲ့ပုံ၊ မိဗျိုင်းပြောချင်တာက မိဗျိုင်းတွေ့ဘူးတဲ့ သူတွေလို မိဗျိုင်း အသားကို စားချင်တဲ့ အရိပ်အယောင်တောင် မတွေ့၊ ညအိပ်တော့လဲ အကိုက မိဗျိုင်းတို့ သားအမိကို သူ့ကုတင်မှာ အတင်းပေးအိပ်ပြီး သူကတော့ အိမ်ရှေ့က ဆိုဖာပေါ်မှာ။ 

ဘယ်လိုမှ ငြင်းလို့လဲ မရဘူး၊ ပြောလို့လဲမရဘူး၊ အတင်းဘဲ သူ့ကုတင်မှာ အိပ်ခိုင်းတာ၊ အကို့အိမ်မှာ အခန်းပိုရှိပေမဲ့ ခင်းအိပ်စရာ မွှေ့ယာမရှိလို့တဲ့။ ညနေက အပြင်ထွက်တော့ ဝယ်ဖို့ မေ့သွားတာတဲ့။ မေ့မှာပေါ့ တခါတည်း ပျော်နေတာကိုး။ မိဗျိုင်းလေ အကို့အိပ်ယာမှာ အိပ်တော့ စိတ်ထဲမှာ တစ်မျိုးပဲသိလား၊ ဘယ်လိုပြောရမှန်းတောင် မသိဘူး။

မိဗျိုင်း စိတ်ထဲမှာလေ စိတ်ထဲမှာလေ... အကိုက အင်း... အကိုက မိဗျိုင်း ဘေးနား လာတိုးအိပ်ရင် သိပ်ကောင်းမှာဘဲလို့တောင် တွေးမိတယ် သိလား၊ မိဗျိုင်းတော့ အကို့ကို အကို့ကို အို... မိဗျိုင်းမသိဘူး၊ မဖြစ်ပါဘူး အကိုရယ်၊ မိဗျိုင်းက အကိုနဲ့ မတန်ပါဘူး။

သမီးကတော့ မိဗျိုင်း လက်မောင်းကို ကိုင်ပြီး နှစ်နှစ်ချိုက်ချိုက် အိပ်လို့၊ မနက်ဖြန် အကိုဝယ်ပေးမယ့် တီဗီကို အိပ်မက်များ မက်နေသလားတောင် မသိဘူး၊ အိပ်ပျော်နေတာ တောင် မျက်နှာကပြုံးလို့။အင်း သမီးတော့ ငါ့အိမ်မှာ ပျော်တယ်တဲ့၊ ဦးဦးအိမ်မှာ နေမလားဆိုတော့ အင်း... နေမယ်တဲ့၊ ကလေးကတော့ နေချင်မှာပေါ့၊ အဓိက,က လူကြီး၊ မိဗျိုင်းနေပါ့မလား မသိဘူး၊ သမီးကို ခဏခဏ ဒီခေါ်လာပြီး မိဗျိုင်းကိုပါ နေဖို့ လုပ်ရမယ်။ 

မနက်ဖြန် သမီးလိုချင်တဲ့ တီဗီကို အကြီးကြီး ဝယ်လိုက်မယ်၊ အရင်က ဘယ်ဝယ်ထားမလဲ ငါမှ တီဗီမကြည့်တာ၊ ငါက ငါသင်ထားတဲ့ပညာနဲ့ ဆိုင်တဲ့ စာအုပ်တွေဘဲ ဖတ်တာ၊ ဒါတောင် ဖတ်လို့ မကုန်နိုင်ဘူး၊ တီဗီကြည့်ဖို့ အချိန်ဘယ်ရှိမလဲ၊ ခုအိမ်တောင်မှ ရှေ့နေကြီးက အကုန်လုပ်ပေးသွားလို့ ဒီလိုပြည့်စုံနေတာ၊၊ ငါကနိုင်ငံခြားက ပြန်လာတာဆိုတော့ ပစ္စည်းတွေကို အားလုံး နိုင်ငံခြား စံချိန်မှီ လုပ်ပေးသွားတာတဲ့။ 

နောက်ပြီး သမီးအတွက် တီဗီတင်ဘယ်ကမလဲ၊ အခွေတွေကြည့်ဘို့ စက်ရော၊ အခန်းပိုထဲမှာ သူတို့သားအမိ အိပ်ဖို့ ကုတင်ရော မွေ့ယာရော၊ အကုန် သွားဝယ်လိုက်မယ်၊ တစ်ခါတည်း သမီးကို ဦးဦးအိမ်က မပြန်ချင်အောင်ကို လုပ်ပစ်လိုက်မယ်။

သမီးက တဖြေးဖြေးနဲ့ ငါ့ကို ပိုရင်းနှီးလာပြီ၊ ညနေက ဒန်ပေါက်တွေ စားပြီး မုန့်အချိုကို ငါ့ပေါင်ပေါ်လာထိုင်လို့ ငါ့ကို ခွံ့ကျွေးတယ်။ သူ့အမေခိုင်းလို့ မဟုတ်ပါဘူး၊ သူ့အမေက နောက်မှာ ပန်းကန်တွေ သိမ်းနေတာ၊ ငါကူတာမရဘူး၊ သူ့ဖာသာသူ လုပ်မယ်တဲ့။ သွား... အိမ်ရှေ့မှာ သွားနေတဲ့၊ အဲဒါ အိမ်ရှေ့ဆိုဖာပေါ် ထိုင်နေတုန်း သမီးက မုန့်ထည့်ထားတဲ့ ပန်းကန်ယူလာပြီး ငါ့ပေါင်ပေါ် ကျကျနနထိုင်လို့ ငါ့ကို ခွံ့ကျွေးတာ။ နောက်သူ့အမေ ထွက်လာတော့ သူ့အမေကိုလဲ ပြေးပြီး ခွံ့ကျွေးတာ၊ ငါ့ဆီပြေးခွံ့လိုက်၊ သူ့အမေ ပြေးခွံ့လိုက်၊ သူလဲစားလိုက်နဲ့ သမီးကပျော်နေတာ။ မိဗျိုင်းလဲ ပျော်နေတာ ငါသိတယ်။ ငါကတော့ အပျော်ဆုံးပေါ့။

ဦးဦးအိမ်ကြီးက ကောင်းလိုက်တာ၊ သမီးကို ဒီမှာ လာနေမလားတဲ့၊ နေမှာပေါ့လို့၊ ဦးဦးက တကယ်သမီးတို့ကို ခေါ်ထားမလို့လား၊ မေမေ့ကိုလဲ ခေါ်ထားမလား၊ ခုတောင် သမီးက ပြန်ချင်တာ မဟုတ်ဘူး၊ မေမေရော၊ သမီးရော၊ ဦးဦးရော ဒီအိမ်မှာ အတူတူနေရင် ကောင်းမှာ။

ဟာ... ဘယ်လိုဖြစ်တာလဲ၊ မိဗျိုင်းဆီက ဖုန်းလာတော့ ကိုယ့်နားကိုတောင် ကိုယ်မယုံ၊ သူ အဖမ်းခံရလို့တဲ့၊ ရဲစခန်းမှာတဲ့။သူလုပ်တဲ့ အနှိပ်ခန်းက တရားမဝင်ဖွင့်ထားလို့ ဖမ်းတာဆိုလား၊ သမီးကို ခဏခေါ်ထားပေးပါတဲ့။ ခုလာခဲ့ရမလားဆိုတော့ မလာနဲ့တဲ့၊ အကိုက ဘာမှလုပ်တတ်မှာ မဟုတ်ဘူးတဲ့၊ သမီးကိုပဲ ခဏကြည့်ပေးထားတဲ့၊ သမီးအတွက် မပူနဲ့လို့ ပြောလိုက်တယ်။

သမီးအတွက်က မပူရပါဘူး၊ ငါ့အိမ်က သမီးနေနေကျဘဲဟာ၊ ပူရတာက မိဗျိုင်းအတွက်၊ ငါဘာလုပ်ရမလဲမသိ၊ ရဲစခန်းကို လိုက်သွားရမလား၊ ရဲစခန်းရောက်ပြီး ငါဘာလုပ်ရမလဲ။ဒီအမျိုးသမီးက ကျနော့်မိတ်ဆွေပါ၊ ကျနော် ပြန်ခေါ်သွားမလို့ဆိုပြီး ပြန်ခေါ်လာလို့ရရင်လဲ ကောင်းသား၊ အာ... ဒုက္ခပါဘဲ၊ ငါလဲ ဒါမျိုးတွေ တစ်ခါမှ မကြုံဘူး။

အော်... မေ့နေလိုက်တာ ရှေ့နေကြီး ဦးသောင်းထွဋ်ရှိတာဘဲ၊ သူကရှေ့နေဘဲ၊ အမှုအခင်းဖြစ်ရင် ဘာလုပ်ရမယ် သူသိမှာပေါ့။ ဟုတ်တယ် ဟုတ်တယ်၊ သူ့ကို အကူအညီတောင်းရမယ်။ ဒီအတိုင်း နေလို့မဖြစ်ဘူး။

ရှေ့နေကြီးကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်တယ်။ အရေးထဲ ရှေ့နေကြီးက မေးခွန်းတွေ တပုံတခေါင်းကြီး မေးနေသေးတယ်။ ဘယ်တုန်းက သိတာလဲ၊ ဘာလဲနဲ့၊ နောက်ဆုံးတော့ ရှေ့နေကြီးက ငါကြည့်လုပ်လိုက်မယ်တဲ့။ တော်သေးတယ် ရှေ့နေကြီးက ကူညီမယ်ပြောလို့။မိဗျိုင်းတစ်သက်မှာ ဒါပထမဆုံး အကြိမ် အဖမ်းခံရတာပါဘဲ။ ကြောက်လိုက်တာ လာဖမ်းတုန်းက၊ ငါတော့သွားပါပြီ။

ထောင်ကျပြီလားမသိ၊ သမီးတော့ တစ်ယောက်တည်း ဒုက္ခပါဘဲ၊ ငါမရှိရင် သမီး ဘယ်လိုနေမလဲ၊ တစ်ခါမှ ဒီလိုမကြောက်ဘူး၊ အရင်တုန်းက ရဲစခန်း ရောက်ဘူးပါရဲ့၊ ကိုယ်တိုင် အဖမ်းခံရလို့ ရောက်တာမှ မဟုတ်တာ၊ လင်ဆိုးမယားဘဝနဲ့ပဲ ရောက်ဖူးတာ။ မိဗျိုင်း တစ်ယောက်တည်းဆို ဒီလောက်ကြောက်မှာ မဟုတ်ဘူး၊ ခု သမီးရှိနေလို့၊ ငါထောင်ကျသွားရင် သမီးဘယ်လိုနေမလဲ၊ ဒါကိုဘဲ တွေးတွေးပြီးကြောက်တာ၊ တော်သေးတယ် အကိုရှိလို့။

အကို့ကို ဖုန်းဆက်ပြီး သမီးကို ကြည့်ထားပေးဖို့ ပြောရတယ်။ တော်သေးတယ် အကိုက လိုလိုမယ်မယ်ဆိုပြီး ဖုန်းနံပါတ်ပေးထားလို့။ ဖုန်းနံပါတ်သာ မရှိလို့ကတော့ အကို့ကို ဘယ်လိုဆက်သွယ်ရမှန်းတောင် မသိ။ ငါက အကို့အိမ်ဘဲ ခဏခဏ ရောက်ဘူးတာ လိပ်စာတောင် သေချာသိတာ မဟုတ်ဘူး။

အကိုကတော့ သမီးအတွက် မပူနဲ့လို့ ပြောတာပဲ၊ အကို့ကိုတော့ ယုံပါတယ်၊ သမီးကို ခေါ်ထားမှာ သေချာတယ်၊ အခု ငါ့အဖြစ်ကိုသိတော့ ငါ့ကို အထင်သေးရောပေါ့၊ မတတ်နိုင်ဘူး၊ အစကတည်းက ငါ့ဘဝကလဲ ကောင်းတာမှ မဟုတ်တာ၊ ငါနဲ့ အကိုတော့ ဝေးပြီပေါ့။

အင်းလေ တစ်နေ့နေ့တော့ ဝေးမယ်ဆိုတာ အစကတည်း သိပြီးသားပါ၊ ငါမလွတ်မချင်း သမီးကို ကြည့်ထားပေးရင်ပဲ တော်လှပါပြီ။ အကိုက ကြည့်ထားပေးမှာပါ။ မိဗျိုင်းကို အထင်သေးပြီး သမီးကိုတော့ ပစ်ထားမယ် မထင်ပါဘူး။ အကိုက ဒီလိုလူမျိုးတော့ မဖြစ်နိုင်ပါဘူး။အယ်တော့ အကိုလွှတ်လိုက်တဲ့ ရှေ့နေကြီးတဲ့၊ စခန်းမှူးကြီးကတောင် ရိုရိုသေသေ ဆက်ဆံနေလိုက်တာ၊ သူက မိဗျိုင်းကို ခေါ်တွေ့ပြီး မေးခွန်းတွေ မျိုးစုံမေးတာ။ မိဗျိုင်းက အကုန် အမှန်အတိုင်းဘဲ ပြောလိုက်တာဘဲ။ အင်းလေ... ကိုယ်က မဟုတ်တာလုပ်တာမှ မဟုတ်ပဲ၊ သူများပစ္စည်း ခိုးတာလဲမဟုတ်။ သတ်တာလဲမဟုတ်၊ မိဗျိုင်း ငတ်လို့ ဒီအလုပ်လုပ်တာ၊ မိဗျိုင်းနဲ့ အကို့အကြောင်းလဲ မေးတယ်၊ မိဗျိုင်းနဲ့ အကိုက အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေတွေလို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေဘဲဟာ။

ရှေ့နေကြီးက ပြောတယ်၊ သူသွားတွေ့ပြီးပြီတဲ့၊ စခန်းမှူးနဲ့ ညှိခဲ့တယ်တဲ့၊ လွတ်မယ်လို့ပြောတာပဲ၊ ပိုက်ဆံတော့ နည်းနည်းပါးပါး ကုန်မယ်တဲ့၊ ကုန်ပစေလို့ ပြောလိုက်တယ်၊ ဘယ်တော့လွတ်မှာလဲ မေးတော့ ချက်ခြင်းလွှတ်လို့ မရဘူးတဲ့၊ တရက် နှစ်ရက်တော့ ကြာမယ်တဲ့။

ဘယ်လိုလုပ်မလဲတော့ မသိဘူး၊ ဒါပေမဲ့ သေချာအောင် ထပ်မေးလိုက်တယ် တစ်ရက် နှစ်ရက်လောက်ဆို တကယ်လွတ်မှာလားလို့၊ ရှေ့နေကြီးက သေချာတယ်တဲ့၊ ဒီတော့မှ စိတ်ထဲက နည်းနည်းပေါ့သွားတယ်။ ပြီးတော့ ပြောသေးတယ်၊ မိဗျိုင်းအတွက် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ သူ စီစဉ်ခဲ့တယ်တဲ့၊ စိတ်ပူစရာ မလိုဘူးတဲ့။ အင်း... ရှေ့နေကြီး ကယ်လို့။ ဘာဖြစ်ဖြစ် မိဗျိုင်း တကယ်လွတ်ဖို့က အရေးကြီးတယ်။

ဦးဦးက သမီးကို ခေါ်လာပြီး မေမေ့ကိုလဲ မတွေ့ဘူး၊ မေမေဘယ်မှာလဲ မေးတော့ မေမေက အရေးကြီးတဲ့ ကိစ္စရှိလို့ အရင်က နေခဲ့တဲ့ နေရာ ခဏပြန်သွားတယ်တဲ့။

၂ ရက်လောက် ကြာမယ်တဲ့၊ အဲဒါ ဦးဦးနဲ့ ခဏနေရမှာတဲ့။ နေမှာလားသမီးလို့ မေးတော့ နေမှာပေါ့လို့။ ဦးဦးအိမ်မှာ ဘယ်လောက်ဇိမ်ကျလဲ။ အင်... မေမေက မရှိတော့ သမီးကို သမီးကို ဘယ်သူက ရေချိုးပေးမှာလဲ၊ ည အိပ်ရင် သမီးက မေမေ့လက်မောင်းကို ကိုင်ပြီးမှ အိပ်တတ်တာ၊ ခု မေမေမရှိတော့ သမီးက ဘယ်သူနဲ့ အိပ်ရမှာလဲ။ဦးဦးကိုပြောတော့ ဦးဦးက သူချိုးပေးမှာပေါ့တဲ့၊ ချိုးလဲ မချိုးပေးတတ်ဘူး၊ ရေပန်းကြီးနဲ့ပဲ လောင်းနေတာ၊ မေမေဆို ဆပ်ပြာတိုက်ပေးတာဆိုမှ ဆပ်ပြာတိုက်တာ၊ တကိုယ်လုံးလဲ မတိုက်ဘူး၊ ဟိုနားနဲနဲ၊ ဒီနားနဲနဲ။

မေမေဆို တကိုယ်လုံး တိုက်တာဆိုမှ အင်း အင်း၊ မေမေဆို ချေးတွန်းပေးတာဆိုမှ အင်း... အင်း ဆိုပြီး လက်ကိုလာပွတ်တာ၊ မှုတ်ပါဘူး မေမေက ဒီနေရာတွေ၊ ဒီနေရာတွေ လဲပွတ်ပေးတာဆိုမှ အင်း... အင်း ဆိုပြီး လာလုပ်တာ၊ ဦးဦးက မေမေလောက်လဲ ချိုးမပေးတတ်ဘူး၊ ခစ်... ခစ်... ဒါပေမဲ့ ဦးဦးနဲ့ ရေချိုးတာပျော်တယ်၊ ဦးဦးကို ရေနဲ့ပက်တော့ ဦးဦးက ဟဲ့... ဟဲ့... စိုကုန်ပြီ စိုကုန်ပြီနဲ့ ရီစရာကြီး။သမီးက တစ်ယောက်တည်း မအိပ်တတ်ဘူးတဲ့၊ ဒီတော့ သမီးကို အနားခေါ်သိပ်ရတာပေါ့။ သမီးက လက်မောင်းကို လာဖက်ပြီးအိပ်တာ၊ သူ့အမေကိုလဲ ဒီလို ဖက်အိပ်တာတဲ့။ 

အင်း... အင်း အိပ်ပေါ့၊ သူ့အမေမှ မရှိတာ၊ မလွယ်ဘူး ကလေးတစ်ယောက်ကို ထိန်းရတာ၊ ဝေရာဝစ္စတွေက အများသား၊ ကိုယ်ကမထိန်းဘူးလို့သာ မသိတာ၊ တကယ်ထိန်းကြည့်မှ သိတယ်။ သူ့အမေရှိမှဖြစ်မှာ။ငါ့နှယ်နော် ဒီနေ့ အိပ်လို့လဲမပျော်ပါလား၊ ရင်ထဲမှာ တဒိန်းဒိန်းနဲ့၊ သမီးကို ရေချိုးပြီးကတည်းက ဒိန်းနေတာ၊ စိတ်ထဲမှာတော့ သိနေသလိုဘဲ ဘာကြောင့် ဒိန်းတယ်ဆိုတာ၊ သမီးကို ရေချိုးပေးသလို သူ့အမေကို ချိုးပေးလို့ရရင် ကောင်းမယ်။

မိဗျိုင်းကို ငါလက်ထပ်ယူလိုက်ရင်တော့ အဲဒါတွေအားလုံး အဆင်ပြေသွားမှာ၊ သူလဲ ပင်ပင်ပန်းပန်း ဘာမှလုပ်စရာ မလိုတော့ဘူး။ငါလဲ လိုချင်တာ အကုန်ပြည့်စုံသွားမယ်၊ မိဗျိုင်းက ငါ့ကိုယူပါ့မလား မသိဘူး၊ အို... ဒါက သူဆုံးဖြတ်ရမှာ၊ အဓိက,က သူ့ကို ပြောဖို့၊ ဘယ်လိုပြောရမလဲမသိ၊ ဘေးကအိပ်နေတဲ့ သမီးကို လှမ်းကြည့်တော့ သမီးအရိပ်က မှုန်ဝါးဝါး။ ဒီလိုဘဲ မျက်မှန်ချွတ်ထားရင် ဘာကိုမှမသဲကွဲ။

မိဗျိုင်း မနက်ဖြန် လွတ်မယ်တဲ့ ရှေ့နေကြီးက ပြောတယ်။ သူပဲ အိမ်ခေါ်လာပေးမယ်တဲ့။ အိမ်မှာပဲ စောင့်နေတဲ့၊ ဘယ်အချိန်လောက်လဲဆိုတော့ နေ့လည်လောက်တဲ့။ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူး ကျေးဇူးဆိုပြီး ကျေးဇူးကိုပဲ ဗုန်းဘောလအော သုံးလိုက်ရတယ်။ ကိုယ်တိုင် သွားခေါ်ချင်ပေမဲ့ ငါက ဘာမှသိတာမဟုတ်တော့ မဖြစ်နိုင်မှန်း ကိုယ့်ကိုယ်ကို သိပြီးသား။ အင်းလေ အိမ်ကစောင့်တာဘဲ ကောင်းပါတယ်။

မိဗျိုင်းလွတ်လာရင် ငါဘာလုပ်ရမလဲ၊ ငါသူတို့ကို သူတို့အိမ် ပြန်မလွှတ်ချင်တော့ဘူး၊ ရှေ့နေကြီးကို ပြောပြီး တစ်ခါတည်း လက်ထပ်ခိုင်းရင် ကောင်းမလား၊ အို... မိဗျိုင်းကရော လက်ခံပါ့မလား၊ ရှေ့နေကြီးကို ပြောပြီးမှ မိဗျိုင်းက လက်မခံရင် ရှက်စရာ။ မိဗျိုင်းကို အရင်ပြောကြည့်ရင် ကောင်းမယ်၊ ဘယ်လိုပြောရမလဲ မသိ၊ သမီးကတော့ ငါ့ဆီမှာပဲ နေချင်တာ၊ သမီးကိုပဲ ပြောခိုင်းရင် ကောင်းမလား၊ ဘယ်လိုပြောခိုင်းရမလဲ။

မေမေ သမီးတို့ ဦးဦးအိမ်က မပြန်တော့ဘူးလို့ သမီးမေမေကို ပြောဆိုပြီး ပြောခိုင်းရင် မိဗျိုင်း ဘာပြောမလဲ မသိ၊ အရင်ကလဲ သမီးက အဲလိုမျိုး သူ့အမေကို ခဏခဏ ပြောဖူးတာပဲ။မဖြစ်ပါဘူး၊ ငါ့ဖာသာ ငါပြောမှ ဖြစ်မယ် ထင်တယ်၊ မိဗျိုင်းကတော့ ငါ့ကို ပစ်ပစ်ခါခါ လုပ်မယ် မထင်ပါဘူး။ ဟုတ်ပြီ ဟုတ်ပြီ၊ ငါ ပြောရမယ့် စကားတွေ အရင်ရေးထားမယ်။

ပြီးတော့ မိဗျိုင်းကို အဲဒီအတိုင်း ပြောရမယ်၊ ဟုတ်တယ် ဟုတ်တယ်၊ ဒါမှ အစီအစဉ်ကျမှာ၊ အာ... စာရွက်ကြီး ကိုင်ပြီး ပြောလို့တော့ မဖြစ်ဘူး၊ မိန့်ခွန်းပြော သလိုဖြစ်နေအုံးမယ်၊ သေသေချာချာ အလွတ်မှတ်ထားပြီး ပြောရမယ်၊ ခုထဲက စရေးထားရမယ်။ ဘယ်ကနေ စရမလဲ...

ညီမ အကို့အိမ်က မပြန်နဲ့တော့၊ညီမ အကိုနဲ့ အတူတူနေတော့၊ညီမ ဘာအလုပ်မှ မလုပ်နဲ့ အကိုနဲ့နေ၊ညီမကို အကိုလက်ထပ်မယ်၊ညီမကို အကိုချစ်တယ်၊ဟာ... အခုမှ သေချာသိတယ်၊ ငါ မိဗျိုင်းကို ချစ်နေတာဘဲ၊ ချစ်တဲ့အကြောင်း တစ်ခါမှတောင် မစဉ်းစားဖူး၊ ခုမှ ငါမိဗျိုင်းကို ချစ်နေတယ်ဆိုတာ သေချာသိတယ်၊ ဟုတ်တယ် ဟုတ်တယ် ချစ်တယ် ချစ်တယ်၊ ဒါနဲ့ပဲ အဲဒါ ချစ်တယ်ဆိုတာပဲ စာရွက်ထဲ ထပ်တလဲလဲ ရေးမိတယ်။

ရေးကောင်းကောင်းနဲ့ ချစ်တယ်ဆိုတာချည်း စာရွက်တစ်ခုလုံး နေရာလွတ် မကျန်အောင် ရေးနေတုန်း အခန်းထဲ သမီးပြေးဝင်လာပြီး ဦးဦး ဦးဦး ဘာလုပ်နေတာလဲ မေးတော့ အော် ဦးဦး စာရေးနေတာ သမီးဖတ်တတ်လား ဆိုတော့ ဟင်အင်း မတတ်ဘူးတဲ့။

ဒါဆို သမီးက စာတတ်အောင် ကျောင်းသွားရမယ် ပြောတော့ သမီးက ဟင်အင်း... ဟင်အင်း... ကျောင်း မသွားချင်ဘူးတဲ့၊ ဘာလို့လဲ သမီးလို့ မေးတော့ ဟင်အင်း မသွားချင်ပါဘူး သွားရင် သမီးကို ဝိုင်းစကြမှာလို့ ငိုမဲ့မဲ့လေး ပြောတော့ သမီးကို သနားပြီး ပေါင်ပေါ်ပွေ့တင်လို့ ခပ်တင်းတင်း ဖက်ထားမိတယ်။

“ သမီးက ဦးဦးကို ချစ်လား”

“ ချစ်တာပေါ့”

“ မေမေ့ကိုရော”

“ အင်း... ချစ်တာပေါ့”

“ ဦးဦးနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ”

“ ၂ ယောက်စလုံးကိုချစ်တယ်”

“ မဟုတ်ဘူးလေ သမီးကလဲ ဘယ်သူ့ကို ပိုချစ်လဲလို့ မေးတာ”

“ ခစ်... ခစ်... ခစ်... ခစ်... ဦးဦးကလဲ ဦးဦးကို ပိုချစ်တာပေါ့”

“ လိမ်ပြီ လိမ်ပြီ၊ သမီးနော် သမီး၊ မှန်မှန်ပြော၊ မေမေ့ကို ပိုချစ်တယ်မို့လား”

“ မလိမ်ပါဘူး ဦးဦးကလဲ၊ တကယ် ဦးဦးကို ပိုချစ်တာ”

“ တကယ်လား သမီး”

“ အင်း တကယ်ပေါ့”

“ ဦးဦးကရော သမီးကိုချစ်လား”

“ ချစ်တာပေါ့”

“ မေမေ့ကိုရော ချစ်လား”

“ အင်း”

“ ဒါဆို မေမေနဲ့ သမီး ဘယ်သူ့ကိုပိုချစ်လဲ”

“၂ ယောက်စလုံးကိုချစ်တာပေါ့”

“ အာ ဦးဦးနော် ဦးဦး တစ်ယောက်တည်းပြော၊ သမီးလို တစ်ယောက်တည်းပြော”

“ သမီးပေါ့၊ သမီးကို ပိုချစ်တာပေါ့”

“ ခစ်... ခစ်... ခစ်... ခစ်... ဒါမှ သမီးရဲ့ဦးဦး”

ဆိုပြီး သမီးကကျနော့်လည်ပင်း သိုင်းဖက်ပြီး ပါးကို ဘယ်ပြန်ညာပြန် မွှေးမွှေးပေးပြပါရော၊ သမီးက ဒီလိုဘဲ သူ့ကို ချစ်အောင် အမြဲလုပ်တတ်တယ်။

“ မနက်ဖြန် သမီးမေမေ ပြန်လာတော့မှာ”

“ ဟင်... ဒါဆို သမီးတို့ အိမ်ပြန်ရတော့မှာပေါ့”

“ မပြန်ရအောင် သမီးမေမေကို ပြောပေါ့”

“ ဦးဦးပြောပေး၊ မေမေက ဦးဦးပြောရင် နားထောင်မှာ”

“ ဦးဦးက ဘယ်လိုပြောရမှာလဲ”

“ မပြန်နဲ့တော့၊ ဒီမှာပဲ နေတော့လို့ ပြောလိုက်ပေါ့၊ လွယ်လွယ်လေး၊ ဦးဦးက တစ်ခါမှ မေမေ့ကို နေဖို့မပြောတာ မေမေက ပြန်တာပေါ့”

“ သမီးကို ပြောတာပဲ”

“ မေမေ့ကိုမှ မပြောတဲ့ဟာ၊ သမီးက မေမေ့ကို မေးကြည့်တော့ ဦးဦးကမှ မေမေ့ကို နေဖို့ မပြောတာတဲ့ မေမေက နေလို့ဘယ်ဖြစ်မလဲတဲ့”

ဟုတ်သားဘဲ၊ ငါတစ်ခါမှ မိဗျိုင်းကို ဒီမှာနေဖို့ မပြောဖူး၊ သမီးကတော့ သူ့ကို နေပါလို့ မပြောလို့ မနေတာတဲ့၊ ဟုတ်မယ်၊ သူ့ကို မခေါ်ဘဲ သူဘယ်လိုနေမလဲ၊ ငါခေါ်ရမှာပေါ့။ပြောလိုက်မယ်၊ ဒီမှာပဲနေတော့လို့၊ သမီးလဲ ငါ့ဘက်ကရှိတာဘဲ၊ ငါပြောရင် သမီးကလဲ သူ့အမေကို မပြန်ဖို့ ကူပြောမှာပေါ့၊ ဟေး... ဟေး... ဟေး... ဟေး... ပျော်လိုက်တာ။

အပျော်စိတ်နဲ့ သမီးကို ပွေ့ချီလို့ ပုခုန်းပေါ်ထမ်းပြီး ချာလပတ် ရမ်းပစ်လိုက်လိုက်တယ်။ သမီးကလဲ ပျော်ပြီး ဟေး... ဟေး... ဟေး... ဟေး... နဲ့ အော်လို့၊ နောက် အရှိန်လွန်ပြီး အနားက ကုတင်ပေါ် လဲကျပြီး အပျော်စိတ်နဲ့ သမီးကို အတင်းဖက်လို့ ပါးကို ဘယ်ပြန်ညာပြန် နမ်းပြစ်လိုက်တယ်။သမီးက တခစ်ခစ် ရယ်ပြီး ကျနော့်ကို အတင်း ပြန်ဖက်ထားတယ်၊ ပျော်လိုက်တာ မနက်ဖြန် မိဗျိုင်းရောက်လာရင် ဒီမှာပဲနေတော့လို့ ပြောပြီး ခုလို တအား ဖက်နမ်းပြစ်လိုက်မယ်၊ ကဲ... ကဲ... ဒီလို ဒီလို တအား နမ်းပြစ်လိုက်မယ်၊ ငါဘာကောင်လဲဆိုတာ မိဗျိုင်း သိအောင်ပြရမယ်၊ ခုမှ သမီးဆီက ရယ်သံပိုညံ သွားတယ်။

မနက်ကတည်းက မိဗျိုင်းကို တမျှော်မျှော်နဲ့၊ နေ့လယ်လောက်ကျမှ ရှေ့နေကြီးက ဖုန်း ဆက်လာတယ်၊ ခု လာနေပြီတဲ့၊ ဒီတော့မှ ရင်ဘတ်ထဲက အလုံးကြီး ဘုတ်ကနဲ အောက်ကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။သမီးကို သမီးမေမေ ပြန်လာပြီ တော်ကြာရောက်မယ်လို့ သတင်းကောင်း ပါးလိုက်တော့ သမီးက ဝမ်းသာအားရ အောက်မှာ သွားကြိုရအောင်လို့ ပြောတာနဲ့ အင်း... အင်း... ခဏနေ အောက်မှာ သွားစောင့်တာပေါ့လို့ ပြောလိုက်တယ်။

ခဏနေတော့ သမီးနဲ့အတူ အောက်ဆင်းလာပြီး ကားဝင်ပေါက်နား သွားစောင့်နေလိုက် တယ်၊ သိပ်မစောင့်လိုက်ရပါဘူး၊ ရှေ့နေကြီးက ကျနော်တို့ စောင့်နေတာတွေ့တော့ ကားကို အထဲထိ မဝင်တော့ပဲ အနားမှာ ရပ်ပေးတယ်။

မိဗျိုင်း ကားထဲက ထွက်လာတော့ သမီးက မေမေ မေမေ ဆိုပြီး သူ့အမေကို ပြေးဖက်တယ်၊ ကျနော်လဲ ရှေ့နေကြီးနား သွားလို့ ကျေးဇူးတင်ကြောင်း ပြောမယ်အလုပ် ရှေ့နေကြီးက ဘယ်လိုလဲ မောင်ကျော်သက်ရဲ့ အိမ်ကနေတောင် ထိုင်မစောင့်နိုင်တော့ပါလားလို့ ပြုံးပြီးပြောတော့ ကျနော်က မလုံမလဲနဲ့ သမီးက အောက်မှာ သွားစောင့်မယ်လို့ လိုက်ပို့တာပါလို့ ဆိုရင်း ရှေ့နေကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ရှေ့နေကြီးက ရပါတယ်ပြန်ပြောရင်း ကျနော့်ကို စေ့စေ့ကြည့်လို့၊ အင်း... ငါလဲဘာမှတော့ မပြောချင်ဘူး၊ မင်းလဲ ပညာတတ်တစ်ယောက်ဘဲ၊ အသက်လဲ မငယ်တော့ဘူး။

မင်းဖာသာမင်း ဆင်ခြင် ဆုံးဖြတ်ပေါ့ကွာလို့ ခပ်တိုးတိုး ပြောရင်း မဝင်တော့ဘူးကွ၊ ငါလဲ ရုံးမှာ ချိန်းထားတာလေးတွေ ရှိသေးတယ်၊ စာရင်းတော့ ထုံးစံအတိုင်း မင်းဆီ ပို့လိုက်မယ်လို့ ဆိုပြီး အားလုံးကို နှုတ်ဆက်လို့ ကားမောင်းထွက်သွားတယ်။သမီးက သူ့အမေ ဘာဖြစ်တာကို မသိဘဲ အသံစာစာနဲ့ ဦးဦးနဲ့အတူနေခဲ့တဲ့ အကြောင်းတွေ စီကာပတ်ကုန်းနဲ့ သူ့အမေကို မှတ်မိသလို ပြန်ပြောနေရဲ့၊ မိဗျိုင်းက တွေ့တွေ့ချင်း ကျနော့်ကို ပြုံးရုံပြုံးပြပြီး ဘာစကားမှမဆို။

ပြုံးတာတောင်မှ အသက်မပါ၊ ကြည့်ရတာ အချုပ်ကျထားတယ် ဆိုတော့ အားငယ်နေသလိုဘဲ၊ သမီးက စကားကို တွင်တွင်ချည်း ပြောတာတောင် အရင်ကလို သမီးကိုတောင် ဟက်ဟက်ပက်ပက် မရှိ၊ ခဏနေတော့ သမီးကတောင် ရိပ်မိတယ် ထင်ပါရဲ့၊ မေမေ မေမေ ဘာဖြစ်နေတာလဲတဲ့။

အိမ်ထဲရောက်တော့ သမီးကို ခေါ်ပြီး နားနားကပ်လို့ သူ့အမေ မကြားအောင် သမီးမေမေကို ဒီမှာနေဖို့ ဦးဦး ပြောလိုက်ဦးမယ်။သမီး အိမ်ရှေ့မှာ ခဏထိုင်နေ သိလားလို့ တိုးတိုးလေး ပြောလိုက်တော့ သမီးက သဘောပေါက်ပြီး ခေါင်းညိမ့်လို့ ကျနော့်နားနား ပြန်ကပ်ပြီး တိုးတိုးလေး ပြန်ပြောတယ်၊ ရအောင်ပြောနော် ဦးဦး၊ သမီးမပြန်ချင်ဘူးတဲ့။ သမီးကို ခေါင်းပြန်ညိမ့်ပြရင်း မိဗျိုင်းကို လက်ဆွဲလို့ အခန်းထဲ ခေါ်ခဲ့တယ်။

“ ညီမကို အကို ပြောစရာရှိလို့”

အကို့စကားကြားတော့ လန့်သွားတယ်၊ စောစောက သမီးကို တိုးတိုး တိုးတိုးနဲ့ ဘာတွေမှာလဲမသိ၊ ငါ့ကိုများ... ငါ့ကိုများ...

“ ညီမ အကို့ဆီမှာဘဲ နေတော့၊ မပြန်နဲ့တော့”

“ ရှင်”

အကို့ဆီက စကားကြားရတော့ အံ့သြသွားတယ်၊ ထင်တာနဲ့ တခြားစီ ဖြစ်နေတာကိုး၊ အကို အကို အကို့  ကို ကြည့်ရတာ တကယ်ပြောနေပုံပဲ။

“ ဟုတ်တယ် မပြန်နဲ့တော့၊ သမီးကိုလဲပြောပြီးပြီ၊ သမီးကလဲ နေမယ်တဲ့”

အကိုကလဲ ဘယ်လိုနေလို့ ကောင်းပါ့မလဲ၊ ဘာမှလဲ မတော်တဲ့ဟာကို၊ သူဖြစ်ချင်တာဘဲ သူပြောနေတာဘဲ၊ ခေါင်းက အလိုလို ငုံ့သွားပြီး မျက်စိက အလိုအလျှောက် စားပွဲပေါ်က စာရွက်ကို သွားတွေ့တယ်။ဟော... ဒီမှာ အကိုရေးထားတာတွေ ထင်တယ်၊ ဟယ် ငါ့ကို ချစ်တယ်ဆိုပါလား၊ ငါ့ကို လက်ထပ်မယ်တဲ့။

“ အကို ဒါ... ဒါ... အကို တကယ်လား”

စာရွက်ကိုကိုင်ပြီး အကို့ကို ပြတော့ အကိုက ရှက်သလို ခေါင်းကြီးငုံ့လို့၊ အမလေး သူကပဲ ရှက်နေသေးတယ်၊ စောစောကတော့ လူကို မပြန်နဲ့တော့လေး ဘာလေးနဲ့ပြောပြီး။

“ အကို့ ပြောဆို”

စိတ်မရှည်သလို ခပ်ဆတ်ဆတ် မေးလိုက်မှ...

“ အင်း... အကို အကို... ညီမ ကို...”

“ ဟီး... ဟီး... ဟီး... ဟီး... ဟင့်... ဟင့်... ဟင့်... ဟင့်...”

အင်း... တစ်လုံးနဲ့တင် ငိုချင်စိတ်က ဘယ်လိုမှ ထိမ်းလို့မရတော့၊ မျက်နှာကို လက်ဝါးအုပ်ပြီး ငိုချမိတယ်၊ အကို့စကားကိုလဲ ဆုံးအောင် မကြားတော့၊ မိဗျိုင်းတော်ရုံ မငိုတတ်ပါဘူး။ ဖြစ်လေရာ ဘဝကို အံကြိတ်ပြီး ကြံ့ကြံ့ခံခဲ့တာ၊ ခုတော့ ခုတော့ ဘာကြောင့်မှန်းမသိ။ အကိုနဲ့ကျမှ စကားတစ်လုံးနဲ့ မျက်ရည်ကျတာ။

ဝမ်းသာတဲ့ မျက်ရည်ဆိုတာ ဒါဘဲပေါ့၊ စိတ်ထဲမှာ ဘဝအတွက် တင်းထားသမျှ အကို့စကားတစ်လုံးနဲ့ မျက်ရည်အသွင်ပြောင်းပြီး အကုန်သွန်ထုတ်လိုက်တယ်၊ အကိုက နင်ပြန်တော့လို့ ပြောရင်တောင် မျက်ရည်က ကျမှာမဟုတ်။ဘယ်ကနေ ဘယ်လို အကို့ရင်ခွင်ထဲ ရောက်သွားတယ်မသိတော့၊ ငိုနေရင်း အကို့ရင်ခွင်ထဲ ပြိုကျသွားတာလား၊ အကိုက ဆွဲဖက်လိုက်တာလား မသိတော့၊ တဟင့်ဟင့် ရှိုက်ငိုနေရင်း သတိဝင်လာတော့မှ ကမန်းကတမ်း...

“ အို့... အကို မိဗျိုင်း တစ်ကိုယ်လုံး နံနေတာ၊ ရေမချိုးတာ ၂ ရက်တောင်ရှိပြီ၊ မနံဘူးလား သူများကို ဖက်ထားတာ”

ဒီအခြေအနေမျိုးကိုတောင် အကိုက သဘောမပေါက်တာ ကြည့်၊ သူ့နဲ့ အတူမနေမှာ တော်တော်ကြောက်နေတဲ့ပုံ။

“ နေမယ်နော် အကိုနဲ့ဘဲ နေမယ်နော် ညီမ”

“ အင်း”

မိဗျိုင်းဆီက အင်း... ဆိုတဲ့စကားကိုလဲ ကြားရော အကိုက ဝမ်းသာလွန်းလို့ ထင်ပါရဲ့ မိဗျိုင်းကို အတင်းဖက်ပြီး ရင်ကိုကော့လိုက်တော့ မိဗျိုင်း ခြေဖျားက ကြမ်းပြင်နဲ့တောင် လွတ်သွားတယ်၊ ပြီးတော့ သူ့နှာခေါင်းကြီးနဲ့ မိဗျိုင်း ပါးကို အတင်းလာထိုးပါရော။ ပါးစပ်ကလဲ ဟီး... ဟီး... နဲ့။

“ အိုး... အကို့ မိဗျိုင်း တကိုယ်လုံး နံနေပါတယ်ဆို၊ လွှတ်အုံးလေ အကိုကလဲ”

ပြောခါမှ ပိုဆိုးတယ်၊ ဒီတော့ နမ်းနမ်း ကြိုက်သလောက် နမ်းပေါ့၊ မပြောတော့၊ အရှိန်နည်းနည်း ကျတော့မှ...

“ နေအုံးနော် အကို၊ မိဗျိုင်းတစ်ကိုယ်လုံး ညစ်ပတ်နေတာ၊ ရေချိုးအုံးမယ်၊ လွှတ်အုံးလေ အကိုနော် နော်”

ဒီတော့မှ အကိုက မိဗျိုင်းကို လွှတ်ပြီး သမီးရေ သမီးလို့ လှမ်းခေါ်တော့ သမီးက အပြင်က ပြေးဝင်လာတယ်၊ သမီးကို ကောက်ပွေ့လိုက်လို့...

“ ဟေး... သမီးမေမေက ဒီမှာပဲ နေတော့မယ်တဲ့”

ဝမ်းသာအားရပြောပါရော...

“ ဟုတ်လား မေမေ ဟုတ်လား၊ ဒီမှာပဲ နေတော့မယ်ဟုတ်လား”

လှမ်းမေးတဲ့ သမီးကို ပြန်မဖြေဘဲ ၂ ယောက်စလုံးကို နောက်က လက်နဲ့ တွန်းထုတ်ရင်း...

“ သွား... သွား... အိမ်ရှေ့မှာ သွားနေကြ၊ မေမေ ရေချိုးအုံးမယ်”

ဆိုလို့ အိမ်ရှေ့ထိ အကို့နောက်ကျောကို တွန်းပို့လိုက်တယ်။

“ ဦးဦး ဦးဦး မေမေက တကယ်နေမယ် ပြောတာလား”

“ အင်းပေါ့ သမီးရဲ့”

အပျော်ကို ထိမ်းလို့မရ၊ ပွေ့ထားတဲ့ သမီးကို ဘယ်ပြန်ညာပြန် နမ်းပစ်လိုက်တယ်၊ ထုံးစံအတိုင်း သမီးက ကျနော်နမ်းရင် ရယ်ပြီ။

“ ခစ်... ခစ်... ခစ်... ခစ်... ခစ်...”


အပိုင်း ( ၃ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment