Thursday, June 10, 2010

ကျွန်မရဲ့ အချစ်ဆုံး အပိုင်း ( ၃ )

ကျွန်မရဲ့ အချစ်ဆုံး အပိုင်း ( ၃ )

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ - Green Heart 

မောင်နဲ့ကျွန်မ ဖက်ထားရင်း မောင်က ကျွန်မကျောပြင်ကို လက်နဲ့ အသာလေး ပွတ်သပ်ပေးနေတယ်။ 

“ ကလေး……ပင်ပန်းနေပြီလားဟင်…အရမ်းမောနေလား” 

“ ဘာဖစ်လို့လဲမောင်” 

“ အသက်ရှူသံတွေ အရမ်းပြင်းနေလို့..” 

တကယ်တော့ ကျွန်မရင်တွေ အရမ်းခုန်နေတာ။ မောင့်ကို ဒီအချိန်မှာ ဖွင့်ပြောလိုက်ရင် ကောင်းမလား စဉ်းစားလိုက်တာနဲ့ နှလုံးခုန်သံတွေမြန်လာတယ်။ ကျွန်မပြောမှာပါ…။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ မောင်က မနေ့ကမှပြန်ရောက်လို့ ကျွန်မတို့ အလွမ်းသယ်နေတုန်းလေ ။ မောင်နဲ့ချစ်ဖို့ ဟိုတယ်ကိုလာဖို့ ဒီနေ့ရုံးတောင်ဖျက်ထားရတာ။

ဒီအချိန်ကြီးပြောလို့ဖြစ်မလား…။ နောက်မှ အေးအေး ဆေးဆေးမောင့်ကို ပြောပြမယ် ။မောင်မသိအောင်သက်ပြင်းခိုးချရင်း အိပ်ယာပေါ်ကထပြီး ဘီယာတစ်ဘူး ဖောက်သောက် လိုက်တယ်။ မောင်က ဘာစိတ်ကူးပေါက်တယ်မသိ..သူမသောက်တော့ဘူးတဲ့။ 

ကျွန်မကိုပဲ ခေါင်းအုံးပေါ် လက်တင်ထားရင်းက ပြုံးကြည့်နေတယ်။ နွေးထွေးကျယ်ပြန့်တဲ့ မောင့်ရင်ခွင်ထဲကို ၀င်မှီလိုက်ရင်း ကျွန်မမျက်လုံးတွေမှေးစင်းလာတယ်။ မောင်သိသွားရင် ကျွန်မကို ခွင့်လွှတ်နိုင်ပါ့မလား။ 

ခွင့်လွှတ်မှာပါ…မောင်က ကျွန်မကို အရမ်းချစ်တာလေ။ အဲ့ဒီအတွေးတွေက ကျွန်မအိပ်မပျော်ခင်နောက်ဆုံးအတွေးတွေဖြစ်ပြီး မောင့်ရင်ခွင်ထဲမှာ ပူပင်သောကတွေနဲ့ကျွန်မမှေးကနဲ အိပ်ပျော်သွားပါတော့တယ်။

“ စပယ်….စပယ်ပွင့်ဝါ….ထစမ်းပါအုံး…”

ပုခုံးကိုကိုင်ပြီး ခပ်ကြမ်းကြမ်းလှုပ်နိုးခံလိုက်ရတာကြောင့် ကျွန်မလန့်ဖြန့်ပြီးထထိုင်လိုက်တယ်။ ငေးကြောင်ကြောင် ဖြစ်နေတုန်း မောင်က သူ့လက်ထဲက ကျွန်မဖုန်းကိုပြပြီး…

“ ဒါဘာလဲ…ဒါဘာတွေလဲ….မင်းတို့ဘာအကြောင်းပြောထားကြတာလဲ….ပြောစမ်းငါ့ကို”

မောင့်အသံက ဒေါသနဲ့တုန်ရင်နေတယ်။ ကျွန်မဖုန်းကို အထိန်တလန့်နဲ့ ကြည့်မိတော့ message box ကပွင့်လျက်သား…။ screen ပေါ်မှာ…….ကျွန်မနဲ့ကိုလင်း အပြန်အလှန်ပို့ခဲ့တဲ့ message တွေ….။

Quote 

“ စပယ် အဆင်ပြေရဲ့လား….မနေ့ကတို့တော်တော်မူးသွားကြတယ်နော်”

“ မပြေဘူး….ရှင်ကျွန်မကို ဘာတွေလုပ်လိုက်လဲ ဒီမှာသွေးတွေထွက်နေပြီ” 

“ ဟင်….ဘာမှမလုပ်မိပါလား..ဘယ်ကထွက်တာလဲ”

“ ဘယ်ကထွက်ရမလဲ ရှင်လုပ်သွားတဲ့ vagina ကပေါ့”

“ ဟာ..ဘယ်လိုဖြစ်တာလည်းမသိဘူး ဆေးခန်းပြမလား ကိုယ်အခုလာခဲ့မယ်” 

အဲ့ဒီအောက်ဆုံးမှာမှ အခုလေးတင်လာထားတဲ့ မက်ဆေ့ခ်ျ……

“ စပယ်….နေကောင်းရဲ့လား…အဆင်ပြေရဲ့လား….မက်ဆေ့ခ်ျရရင်အကြောင်းပြန်ပါအုံး…” 

ကျွန်မခေါင်းတွေ အဆတစ်ရာလောက်ကြီးသွားသလိုပဲ…တစ်ကိုယ်လုံးအဖျားတက်သလို ထူပူလာတယ်…။စိတ်အရမ်း လှုပ်ရှားနေတဲ့ကြားက တစ်ခါမှ မက်ဆေ့ခ်ျတွေဘာတွေ မကြည့်တတ်တဲ့ မောင်ဘာလို့ကျွန်မဖုန်းကိုယူကြည့်တာလဲ တွေးနေမိတယ်။ မောင်နဲ့ကျွန်မက တစ်ယောက်ဖုန်းတစ်ယောက်ယူပြီး ဂိမ်းဆော့တာကလွဲရင် ဖုန်းအ၀င်အထွက်တွေ မက်ဆေ့ခ်ျတွေ ယူကြည့်လေ့မရှိကြဘူး။ 

အခု ကိုလင်းဆီက မက်ချေ့်၀င်လာလို့ မောင်ဖွင့်ကြည့်လိုက်တာ ဖြစ်မယ်။ ရုတ်တရက်မို့ အစီအစဉ်တကျမရှိတဲ့ စကားသံတွေက ကျွန်မနှုတ်က အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်သွားတယ်။ 

“ မဟုတ်ဘူး….ကျွန်မရှင်းပြမယ်…….မဟုတ်ဘူးမောင်….အဲဒါ…” 

“ ဘာကိုရှင်းပြမှာလဲ” 

အထစ်ထစ်အငေါ့ငေါ့နဲ့ ထွက်လာတဲ့ ကျွန်မအသံကို မိုးခြုန်းသလိုကျယ်လောင်တဲ့ မောင့်အသံက ဖုံးလွှမ်းသွားတယ်။ 

“ မင်းငါ့ကို ဘာတွေ လိမ်ချင်သေးတာလဲ..မင်း..မင်းအရမ်းလွန်လွန်းတယ်… ငါ့ကိုစောက်ဖတ်မလုပ်ဘဲ ငါ့သူငယ်ချင်းနဲ့တောင် မင်းသစ္စာဖောက်တယ်ပေါ့..ဟုတ်လား…မင်းတို့ကွာ….. ပြောစမ်းပါအုံး စပယ်ပွင့်ဝါရဲ့.. မင်းငါ့ကို ချစ်သူအဖြစ်တောင် သဘောထားသေးရဲ့လား……မင်းခိုင်းသမျှလုပ်ပေးပြီး…မင်းလုပ်သမျှသည်းခံပေးနေတော့ မင်းရဲ့ အစေခံလို ငါ့ကိုသဘောထားနေတာမှတ်လား….ငါသိတယ် … အကုန်လုံးငါသိတယ်…ငါမင်းကိုချစ်လွန်းလို့ ဘာမှမပြောရက်ခဲ့တာ...” 

မောင့်ကိုရှင်းပြဖို့ပြင်ထားတဲ့ ကျွန်မပါးစပ်ထဲက စကားတွေအကုန်လုံးပျောက်ဆုံးကုန်ပြီ။ မောင်တစ်ခါမှ ဒီလိုစိတ်ဆိုးတာ မမြင်ဖူးလို့ ကျွန်မအရမ်းကြောက်ပြီး ထိတ်လန့်နေမိတယ်။ ပါးစပ်က ဘာစကားသံမှထွက်မလာဘဲ ခေါင်းကိုပဲပြုတ်ထွက်မတတ် တွင်တွင်ရမ်းနေမိတယ်။ ကျွန်မတကိုယ်လုံးကို ပုခုံးကနေဆွဲရမ်းလှုပ်ခါပြီး မောင်က ဆက်ပြောနေတယ်။ 

“ ငါဘာတွေသိထားလဲဆိုတာ မင်းကိုပြောပြရအုံးမလား..မင်းနဲ့ချစ်သူဖြစ်ပြီး သိပ်မကြာခင်ဘဲ မင်းရဲ့အရင်ကောင် ဇော်မင်းအောင် ငါ့ကိုလာရှာပြီး မင်းတို့ဘာလို့ပြတ်သွားတယ်ဆိုတာ ငါ့ကိုအကုန်ပြောပြတယ်…… မင်း သူနဲ့ကြိုက်နေတုန်း ကောင်လေး တစ်ယောက်နဲ့သူ့နောက်ကွယ်မှာဖောက်ပြန်တဲ့အကြောင်းတွေလေ…ငါကမယုံတော့ မင်းနဲ့အဲဒီ့ကောင်လေး ဟိုတယ်တစ်ခုကထွက်လာပြီး ကားပေါ်တက်တဲ့ပုံ သူချောင်းရိုက်ထားတာ တောင်ငါ့ကိုပြသေးတယ်…အဲကောင်က ငါ့ကိုလည်းမင်းအဲလိုပဲသစ္စာဖောက်လိမ့်မယ်တဲ့…..နွားအဖြစ်မခံနဲ့ တဲ့ မင်းရဲ့မကောင်းကြောင်းအကုန်ပြောပြပြီးငါ့ကိုတားခဲ့တယ်…အဲ့ဒီတုန်းက ငါဘာပြန်ပြောခဲ့လဲသိလား……. မိန်းကလေးတစ်ယောက်ကို ချစ်လို့ခွင့်လွှတ်တာ နွားအဖြစ်ခံတာမဟုတ်ဘူး…ကိုယ့်ရည်းစားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးရဲ့ မကောင်းကြောင်း လိုက်ပြောနေတဲ့ကောင်ကမှ နွားအစစ်..လို့ ငါသူ့ကိုပြောခဲ့တယ်…….အဟားး ခုတော့ကွာ”

မောင်က ကျွန်မကို အရမ်းနာကျည်းမုန်းတီးတဲ့ပုံနဲ့ လှောင်ရယ် ရယ်လိုက်တယ်။ မဟုတ်ဘူး…..မဟုတ်ဘူးမောင်ရဲ့… ကျွန်မသူ့ကိုသစ္စာဖောက်ခဲ့တာမဟုတ်ဘူး…..။ သူနဲ့ပြတ်သွားပြီးမှ အဲ့ကိစ္စဖြစ်တာလေ..။ သူ…သူတမင်ယုတ်မာတာ…….သူယုတ်မာပြီးလုပ်ကြံပြောတာ မယုံပါနဲ့ မောင်ရယ်……..။ 

ထူးဆန်းတယ်….ကျွန်မရင်ထဲက စကားသံတွေဟာ ပါးစပ်ကနေ အပြင်ကို ရောက်မလာဘဲ မျက်လုံးကနေတဆင့် မျက်ရည်တွေအဖြစ်ပဲ အသွင်ပြောင်းပြီး စီးဆင်းနေတယ်။ မောင့်ဒေါသတွေကို ကြောက်လွန်းလို့ ကျွန်မတုန်နေပြီ။ မောင်ထပ်ပြောမဲ့စကားတွေကိုကျွန်မနားမထောင်နိုင်တော့ဘူး။

မောင်ကျွန်မကိုသတ်လိုက်တာပဲဖြစ်ဖြစ် တစ်ခုခုသာ လုပ်လိုက်ပါတော့။ ဆက်မပြောပါနဲ့တော့မောင်ရယ်…..ကျွန်မနားမထောင်ချင်တော့လို့ပါ….။ စိတ်ထဲကနေ တောင်းပန်တိုးလျှိုးနေပေမဲ့လည်း.ကံမကောင်းစွာဘဲ မောင်က ဆက်ပြီးပြောနေခဲ့တယ်။ 

“ ငါမင်းကို အရမ်းကိုချစ်လွန်းလို့ သူပြောတာတွေကိုတောင် လက်မခံခဲ့ဘဲ မင်းကို…..မင်းမျက်နှာလေးညှိုးမှာစိုးလို့… ဒီကိစ္စတွေမသိချင်ယောင်ဆောင်ပြီး ငါ့ရင်ထဲပဲထားခဲ့တာ…လုပ်ရက်တယ် စပယ်ရယ်…….. မင်းအရမ်းလုပ်ရက်တယ်……ရည်းစားဦးကို အချစ်ကြီးလွန်းပြီး အသဲဟက်တက်ကွဲနေခဲ့တဲ့ကောင်မလေးကို.. ငါ့အချစ်တွေနဲ့ပျောက်အောင်ကုစားပေးမယ်လို့……….ငါစိတ်ကူးယဉ်ခဲ့တာ…….ဟားးးးးး ငါက အရူးပဲ…. တကယ့်အရူးကောင်ပဲ…မင်းပြောသမျှယုံ မင်းလုပ်သမျှအကောင်းထင်ခဲ့တာ…နောက်ဆုံးတော့ ငါနွားလုံးလုံး ဖြစ်တာပဲ စပယ်ပွင့်ဝါရယ်…..မင်းတကယ်ကြောက်ဖို့ကောင်းတယ်…” 

တော်ပါတော့မောင်ရယ်….ကျေးဇူးပြုပြီးတော်ပါတော့။ 

မျက်ရည်တွေ စီးကျနေပေမဲ့ ငိုရှိုက်ဖို့မေ့နေတဲ့ ကျွန်မ မျက်နှာကို မောင်လှမ်းကြည့်လိုက်ပြီး ခက်ထန်နေတဲ့မောင့်အမူအယာက နဲနဲပျော့ပြောင်းသွားတယ်။ မောင့်မျက်၀န်း မှာလည်း မျက်ရည်စတွေနဲ့…..။ မောင်မျက်နှာလွှဲလိုက်ပြီး ကျွန်မကိုကျောခိုင်းထိုင်လိုက်တယ်။

အိပ်ယာခင်းစကို အားကိုးရာတစ်ခုလို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကျွန်မ မလှုပ်နိုင်သေးဘူး။ ခုနက အသံတွေ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲနေတဲ့ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားတယ်။ အခုနေ ကျွန်မအဖြစ်ချင်ဆုံး ဆန္ဒကိုသာမေးရင် မောင့်ရှေ့က ချက်ချင်းအငွေ့ပျံ ပျောက်ဆုံးသွားဖို့ပါပဲ။ ဒါမှမဟုတ်လည်း မောင်ပေးတဲ့အပြစ်ဒဏ်တစ်ခုခုကိုခံယူလိုက်ချင်တယ်။ 

ကျောပေးထားပေမဲ့ မောင့်ရဲ့ သက်ပြင်းချလိုက်သံကို ကျွန်မ ကြားလိုက်တယ်။ မောင်က ကျွန်မဘက်လှည့်လာပြီး အရင်လို တည်ငြိမ်တဲ့ပုံမှန်လေသံနဲ့…… 

“ အ၀တ်အစားတွေ ၀တ်တော့……ပြန်ကြမယ်” 

မောင်ပြောလိုက်မှ ကျွန်မဆတ်ကနဲအသက်ပြန်၀င်လာတယ်။ ပြန်ရမယ်…ဟုတ်တာပေါ့။ ကျွန်မလိုလူမျိုးနဲ့ မောင် တစ်ခန်းထဲဘယ်ဆက်နေချင်ပါ့မလဲနော်။ ကျွန်မကို မောင်မုန်းသွားပြီ…ရွံသွားပြီ…။

ခုနကလေးတင် ဒီမွေ့ယာပေါ်မှာပဲ ကျွန်မနဲ့ချစ်ရည်လူးခဲ့တဲ့ မောင်ဟာ ခုတော့ ကျွန်မနဲ့ ဘာမှမဆိုင်တော့တဲ့ တစိမ်းတစ်ယောက်လိုဖြစ်သွားပြီ။ ကျွန်မအပြစ်တွေပါပဲမောင်ရယ်..။ မျက်ရည်တွေစီးကျလျက်က အသက်မဲ့စွာနဲ့ စက်ရုပ်တစ်ရုပ်လိုမျိုး ကျွန်မအ၀တ်အစားတွေကောက်၀တ်လိုက်တယ်။ 

အားလုံးပြီးတော့ မောင်က ကျွန်မအရင်ထွက်နိုင်အောင် အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး နောက်ကသူပါလိုက်ထွက်လိုက်တယ်။ ဟိုတယ်ရဲ့ လှေကားထစ်တွေကို တစ်လှမ်းချင်းဆင်းရင်း ချိနဲ့နေတဲ့ ကျွန်မ ခြေထောက်တွေက ယိုင်လဲမလိုတစ်ချက်ဖြစ်သွားသေးတယ်။ 

“ သတိထား” 

စိုးရိမ်မကင်းတဲ့ လေသံနဲ့ မောင်ကကျွန်မလက်မောင်းတွေကို ဆုပ်ကိုင်လိုက်တယ်။ မောင်ရယ်… ဒီအကြင်နာ အယုအယတွေနဲ့ ဒီတစ်သက် ကျွန်မဝေးရတော့မယ်ဆိုတဲ့ အသိနဲ့ ကျွန်မမျက်ရည်တွေ ဝဲလာပြန်တယ်။ 

မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ မျက်နှာသိ ဟိုတယ်၀န်ထမ်းလေးရဲ့ ပြန်ပီလား..ဆိုတဲ့ စကားကို ၀တ်ကျေတန်းကျေနှုတ်ဆက်လိုက်ရင်း မောင်က ကျွန်မကိုထိန်းကိုင်ပြီး ဟိုတယ်ထဲက ထွက်လာခဲ့ကြတယ်။

ဒီအခြေအနေ ရောက်တာတောင် စိတ်လိုက်မာန်ပါ တစ်ယောက်ထဲ ထွက်မသွားဘဲ…ကျွန်မကို ဖေးမခေါ်ပြီး အိမ်ပြန်ရောက်တဲ့အထိ လိုက်ပို့ပေးတဲ မောင့်ရဲ့ စေတနာ…ဒါမှ မဟုတ် .. တာ၀န်ယူတတ်တဲ့ စိတ်ကို ကျွန်မစိတ်တွေ ကယောက်ကယက်ဖြစ်နေတဲ့ကြားက မောင့်ကို ကျေးဇူးတင်မိသေးတယ်။ 

တက်စီပေါ်ကနေ ကျွန်မနေတဲ့တိုက်ခန်းရှေ့အထိ စကားတစ်ခွန်းမှ မပြောဖြစ်ကြပဲ ရောက်သွားတယ်။ တိုက်ခန်းအောက်မှာ မောင်က ခနရပ်ရင်း… 

“ ကိုယ်မင်းကို တခါတည်းနှုတ်ဆက်လိုက်ပြီနော်… လင်းမင်းထက်နဲ့မင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်”

လို့ လေသံတိုးတိုးနဲ့ပြောတယ်။ ဘုရားရေ…မောင်ဘာတွေထင်နေတာလဲ… မောင့်ဆီကလွတ်တာနဲ့ မောင်နဲ့ ပြတ်တာနဲ့ပဲ…ကိုလင်းဆီ ကျွန်မအပြေးသွားမယ်ထင်နေတာလား… မောင့်စကားက ကျွန်မအသည်းကိုအပ်နဲ့ဆွလိုက်သလို…မဟုတ်ဖူး… ဓါးနဲ့ထိုးချလိုက်သလိုပဲ ။ ကျွန်မတစ်ခုခုတော့ပြောရမယ်။ 

မောင်ထင်တာတွေမဟုတ်တဲ့အကြောင်း ကျွန်မဖြေရှင်း ရမယ်လေ။ ကျွန်မမောင့်ကို ခေါင်းရမ်းပြပြီး စိတ်ကိုအားတင်းရင်း အရမ်းကိုတိုးညှင်းလွန်းတဲ့အသံကို ဖြစ်ညှစ်ထုတ်ပြီး ပြောလိုက်မိတယ်…။

“ မဟုတ်ဖူး…ကျွန်မမောင့်ကိုအရမ်းချစ်တယ်…..မောင့်ကိုပဲ……” 

မောင်အရင်က ကျွန်မဆီကနေ ခဏခဏကြားချင်ပါတယ်ဆိုတဲ့ စကားကို အခုကြားလိုက်ရချိန်မှာ သူ့ကို ကြီးကြီးကျယ်ကျယ် စော်ကားခံလိုက်ရသလို မေးကြောတွေထောင်ပြီး မောင့်မျက်နှာတင်းမာသွားတယ်။ 

ကျွန်မစကားထပ်ပြောဖို့ အားယူလိုက်ချိန်မှာပဲ မောင်က မဲ့ပြုံး တစ်ချက်ပြုံးပြီး ချာကနဲလှည့်ထွက်သွားပါတော့တယ်….။

“ ထမင်းလေးတော့ ထစားပါအုံး စပယ်ရယ်……..အသဲကွဲတယ်ဆိုတာလည်း အားရှိမှ ခုသာခံသာရှိတာ”

လွင်မာ့အပြောကို မိဖြူက ထောက်ခံပြီး…….. 

“ ဟုတ်ပါတယ်…စပယ်ရယ်…….နင်ဒီလိုလုပ်နေရင် အစာအိမ်ဖြစ်တာနဲ့ နေမကောင်းဖြစ်တာ ပေါင်းပြီး အသဲတောင် ကြာကြာမကွဲနိုင်ဘဲ ဖြစ်သွားလိမ့်မယ်” 

“ အေးလေ..အမှန်က မိဖြူ အသဲကွဲသင့်တာ…….ဒါမှ စားချင်သောက်ချင်စိတ်တွေလျှော့ပါပြီး ၀က်ဖြစ်နေတဲ့ကိုယ်လုံး ဝိတ်တွေဘာတွေကျသွားမှာ” 

“ ဘာပြောတယ်…မိလွင်နော်…….ငါတို့က စိတ်ညစ်ရင် ပိုတောင်စား၀င်သေး…….အဲ့ကျမှနင့်ထမင်းအိုး မလောက်လို့ ဆိုပြီးငါ့လာအပြစ်မတင်နဲ့ ငါအသဲကွဲရင် နင်ကအစားအသောက်စပွန်ဆာပေးရမှာ” 

ကျွန်မကို ပျော်အောင် တမင်ပြောနေကြတဲ့ ချစ်သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း အားနာပါးနာနဲ့ တစ်ချက်ရီပြ လိုက်တယ်။ ကျွန်မနဲ့ မောင်တို့လမ်းခွဲလိုက်တဲ့ အကြောင်းသိသွားတော့ ကျွန်မကို နှစ်သိမ့်ပေးကြတယ်။ အလုပ်ကိုလည်းကြံဖန်ပြီး ဆေးခွင့်ရအောင် တင်ပေးကြတယ်။ ကျွန်မမှသွားဖို့အားမရှိပဲလေ။

ညဘက်ဆို တစ်ညလုံးလူးလူးလှိမ့်လှိမ့်နဲ့အိပ်မရတာ… နေ့ခင်းဘက် ဘာအစားအသောက်မှဟုတ်တိ ပတ်တိ မ၀င်တာ တစ်ပတ်လောက်ရှိပြီ။ လွင်မာတို့မိဖြူတို့ကလည်း အစက တစ်ရက်နှစ်ရက်လောက်ပဲ ဖြစ်မယ်ထင်ထားပေမဲ့ ကြာလာတော့ ပြူးပြူးပြာပြာဖြစ်လာကြတယ်။ 

နှစ်ယောက်သား အနောက်ခန်းထဲမှာ တိုးတိုးတိတ်တိတ်တိုင်ပင်နေကြသံတွေလည်း ကြားမိသား။ ဘာဖြစ်ဖြစ်လေ…ကျွန်မအိမ်ကို တော့ ဖုန်းမဆက်လောက်ပါဘူး။ အိမ်ကိုဖုန်းဆက်မပြောဖို့နဲ့ မောင့်ကိုလည်း ဘာမှလှမ်းမပြောဖို့ ကျွန်မတောင်းပန်ထားပြီးသားပဲ။ 

“ ဟဲ့….ငါပြောမယ်…ငါအခုမှသတိရတယ်…ညကျရင်ငါတို့ ဝိုင်လေးဘာလေး သောက်ရအောင်လေ… ညနေ ငါတို့ထွက်၀ယ်ထားလိုက်မယ် ဘယ်လိုလဲ နင်သောက်မယ်မလား” 

အင်း……ဝိုင်မဟုတ်ဖူး……အရက်သောက်လိုက်ရင်တော့ ကျွန်မအိပ်ပျော်နိုင်မယ် ထင်တယ်။ 

“ ဟင့်အင်း ငါဝိုင်မသောက်ချင်ဘူး…အရက်သောက်ချင်တာ….နင်တို့ ဝိုင်သောက်ချင်သောက် ငါ့အတွက်အရက် ၀ယ်ခဲ့နော်”

ကျွန်မလေသံပျော့ပျော့ကိုသူတို့ဘယ်လိုမှမငြင်းဆန်နိုင်ပါဘူး။ မိဖြူက ခေါင်းတွင်တွင်ငြိမ့်ပြပြီး… 

“ အေးပါ…အရက်ဆိုလည်းအရက်ပေါ့…ဒါပေမဲ့နင်အရက်သောက်ချင်ရင် အခုဒီထမင်းကုန်အောင်စားရမယ်… မကုန်ရင်မတိုက်ဘူးဒါပဲ” 

မိဖြူရဲ့ခြိမ်းခြောက်စကားကြောင့် ကျွန်မသက်ပြင်းချပြီး ပါးစပ်ထဲဘယ်လိုမှ အရသာမတွေ့တဲ့ ထမင်းနဲ့ဟင်းကို ကြိတ်မှိတ်ပြီး ကုန်အောင် စားလိုက်ရတော့တယ်။ ။

………………….။

…………………………..။ 

ညဘက်ရောက်တော့ စားကြသောက်ကြရင်းနဲ့မှ ကျွန်မစိတ်ထဲက အကြောင်းတွေ လွင်မာတို့ကို ရင်ဖွင့်ဖြစ်တယ်။ အရင်ရက်တွေက သူတို့ကို ကျွန်မနဲ့မောင်ပြတ်သွားပြီဆိုတာလောက်ပဲ အသိပေးထားတာ။ တခြားဘာမှ သေချာ မရှင်းပြဖြစ်ဘူး။ ကိုယ့်အကြောင်းကိုယ်ပြန်ပြောပြရမှာ စိတ်ညစ်စရာကောင်းလွန်းလို့ပါ…။ သူတို့ကတော့ တကယ့် သူငယ်ချင်းကောင်းတွေပါ……။

ကျွန်မရဲ့ သစ္စာမဲ့မှုတွေကို ပြောပြလိုက်တော့ ကျွန်မကို လုံး၀အပြစ်မတင် ကြတဲ့အပြင် နှစ်သိမ့်ပေးကြတယ်။ ကောင်းမယ်ထင်တဲ့အကြံဥာဏ်တွေစဉ်းစားပေးကြတယ်။ လွင်မာက ကျွန်မကို အကြံပေးတယ်..။ 

“ အေးဟာ…အဲဒါဆိုရင်တော့ နင်ထပ်ကြိုးစားကြည့်ပေါ့……အဲ့တုန်းက သူကချည်းပဲစွတ်စွဲသွားတာ… မဟုတ်တာတွေလည်းပါတယ်မဟုတ်လား…နင်ပြန်ဖြေရှင်းသင့်တယ်…..” 

“ မဟုတ်သေးဘူးဟာ….ငါ့ရည်းစားဟောင်းက အရင်က ကိစ္စတွေကို လုပ်ကြံပြောခဲ့တာဆိုပေမဲ့…. နောက်ဆုံး ဖြစ်တဲ့ကိစ္စကတော့ ငါ့ဘက်က လုံး၀မှားတာ အသိသာကြီးပါ….. အဲ့ဒီ ကိစ္စအတွက် ငါဘာကိုမှဆင်ခြေပေးလို့မရဘူး…ဘယ်လိုနည်းနဲ့မှမောင်ကလည်းခွင့်လွှတ်နားလည် ပေးနိုင်မှာ မဟုတ်ဘူး….” 

“ အေးလေ…..ဒါပေမဲ့ နောက်ဆုံးအကြိမ်အဖြစ်တော့ နင်ကြိုးစားကြည့်သင့်တာပေါ့…… နင်ပြောပုံအရဆို သူက နင်နဲ့ လင်းမင်းထက် တစ်ကယ် ဇာတ်လမ်းဖြစ်နေကြပြီထင်လို့ နင့်ကိုလမ်းခွဲလိုက်တဲ့ပုံပဲ… နင်သူ့ကို ချစ်နေတုန်းပဲဆိုတာ သူသိရင် တစ်မျိုးတစ်မည်စဉ်းစားမှာပေါ့ မဟုတ်ဘူးလား”

“ ဟုတ်တယ်..စပယ်…လွင်မာပြောတာ ငါထောက်ခံတယ်…သူသိကာစက အရမ်းဒေါသထွက်ပြီး သွေးပူနေမှာပေါ့.. အခု တစ်ပတ်လောက်ရှိပြီဆိုတော့ သွေးအေးလောက်ပါပြီ…..ကိုလင်ဇင်ကြီးက နင့်ကိုဒီလောက်ချစ်တာ ငါတို့လည်း အသိပဲလေ….နင်တောင် ဒီလောက်ခံစားနေရရင် သူလည်းနင့်ကိုလွမ်းနေမှာဟ….” 

ကျွန်မ ဖွဖွလေးရီမိတယ်။လွမ်းနေမှာတဲ့လား….။

ကျွန်မတော့မထင်ပါဘူး။ မောင်ဟာ သူရိုးသားသလောက် သူများတွေကလည်း သူ့အပေါ် ရိုးရိုးသားသားသားဆက်ဆံတာကို ကြိုက်တဲ့သူမျိုး….။ သူ့အပေါ်လှည့်စားသလို ဖြစ်ခဲ့တဲ့ ကျွန်မကို ဘယ်လောက်ပဲချစ်ချစ် အဲ့ဒီ့အချစ်စိတ်က သူ့သိက္ခာနဲ့မာနကို အနိုင်ယူနိုင်ပါ့မလား…။ 

ဘာပဲဖြစ်ဖြစ် သူအထင်မှားနေတာလေးတွေတော့ ကျွန်မရှင်းပြသင့်တယ်လို့ထင်တယ်။ မောင်ကျွန်မအပေါ်ဒီ့ထက်ပိုမုန်းတီးစရာ အကြာင်းလည်းမရှိတော့ပါဘူး။ 

အခုလောက်နဲ့တင်လုံလောက်နေပြီဆိုတော့ ထိခိုက်စရာမရှိလောက်တော့ဘူးလို့ ယူဆပြီး မောင့်ကိုတစ်ရက်တော့ ထပ်တွေ့ပြီး အားလုံးရှင်းပြဖို့ကျွန်မဆုံးဖြတ်လိုက်တယ်။ ။…………..။…………….။ 

စနေနေ့ မနက်ခင်း…. အလွန်တရာ စိတ်ဆင်းရဲဖို့ကောင်းတဲ့ ရက်သတ္တပတ်ကို ကျော်ဖြတ်ခဲ့ရပြီး စနေနေ့ မနက်ခင်းမှာတော့ ကျွန်မနိုးနိုးချင်း အမြန်ဆုံးပြင်ဆင်ပြီးတာနဲ့ မောင်ရှိရာ တိုက်ခန်းလေးဆီ အပြေးလာခဲ့တယ်။

မောင်က အိပ်ယာနိုးတာနဲ့ လက်ဖက်ရည်ဆိုင် ထွက်ထိုင်မှာလေ။ မောင်နေတဲ့ အပေါ်ဆုံးထပ်ကို မတက်တော့ဘဲ အောက်ကပဲစောင့်နေလိုက်တယ်။ ၉ နာရီ ထိုးခါနီးအထိ မောင်ဆင်းမလာဘူး။ မောင်..ကျွန်မမရောက်ခင်ဘဲ ထွက်သွားတာလား…ဒါမှမဟုတ် အိမ်ပြန်မအိပ်တာလား….အပြင်မထွက်ဘဲနေတာ ဖြစ်ချင်ဖြစ်မယ်လို့ မဝံ့မရဲတွေးရင်း ကျွန်မ လှေကားထစ်တွေကနေတစ်ဆင့် အပေါ်ကိုတက်လာမိပြီ။

ကျွန်မခြေလှမ်းတွေက နှေးကွေးလေးလံနေတယ်။ မောင့်ကို ကျွန်မဘယ်လို မျက်နှာမျိုးနဲ့ရင်ဆိုင်ရမလဲ……မောင့်အဖေရှိနေရင်တော့ အပြင်ကို မရရအောင် ခေါ်ထုတ်ပြီးမှ ပြောရမှာပဲ။ အခန်းရှေ့ရောက်တော့ လူခေါ်ဘဲလ်နှိပ်ဖို့ ကျွန်မ လက်အရွယ်လိုက်မှာ သစ်သားတံခါးက သူ့အလိုလိုပွင့်လာတယ်။ တံခါးရဲ့ တစ်ဖက်မှာ..မောင်……။ အခုမှာအောက်ဆင်းမလို့ ထင်တယ်..။ 

“ မောင်” 

မောင်ကျွန်မကို ဒီအတိုင်းကြည့်နေတယ်။ ဒီအတိုင်း….ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့…….။ပြီးတော့ ကျွန်မကို သူနဲ့လုံး၀မသိတဲ့ လူတစ်ယောက်ကို မေးတဲ့လေသံမျိုးနဲ့……..

“ ဘာကိစ္စလဲ” 

အခုဆို ကျွန်မရဲ့ တနေ့တာအချိန်တွေဟာ ကုန်တာနှေးလွန်းသလို ခံစားနေရတယ်။ မနက် ထချင်တဲ့ အချိန်မှ ထ… ပြီးရင် ရင်တွေပူပီး ရေအရမ်းငတ်လွန်းလို့ တစ်ဗူးလောက် ကုန်အောင်သောက်ပြီ်း… ပြန်အိပ်တာပဲ..။

နေ့ခင်းဘက် ကျရင် အလုပ်ထဲရောက်နေတဲ့ မိဖြူတို့လွင်မာတို့က ဖုန်းဆက်ပြီးအစားအတင်းစားခိုင်းလို့ သူတို့ချက်ထားတာလေး နဲနဲပါးပါးစား……တနေကုန်ဟိုဟိုဒီဒီတွေးလိုက်ငေးလိုက်နဲ့ ညရောက်ရင် အရက်မူးအောင်သောက်ပြီး အိပ်ပစ်လိုက်ရေဲာ။ 

ဟိုနှစ်ယောက်လည်းတော်တော်စိုးရိမ်နေပြီ။ နင်အရက်စွဲလိမ့်မယ်တဲ့…။ မတတ်နိုင်ဘူး…အိပ်လို့မှ မပျော်ဘဲ။ အလုပ်ကလည်းထွက်ပစ်လိုက်ပြီ။တစ်လလောက်နားပြီးမှ အရင်က ကမ်းလှမ်းခဲ့ဖူးတဲ့ အလုပ်ကို ဆက်သွယ် ကြည့်မယ် စိတ်ကူးထားတယ်။ အသဲကွဲလို့အလုပ်ပါထွက်ရတယ်တော့ မဟုတ်ပါဘူး။ 

နဂိုတည်းကလည်း သိပ်မှအဆင်မပြေတော့တာ။ ဘော့စ်နဲ့ ပြသနာတက်တာတွေနဲနဲများလာတော့ ကိုယ်တိုင်ကလည်း မလုပ်ချင်တော့ဘူး။ မောင်နဲ့ နောက်ဆုံးတစ်ခေါက်တွေ့ပြီးတဲ့ အချိန်ကစပြီး ကျွန်မအခြေအနေကအရင်ကထက်ပိုဆိုးသွားတယ်။ 

မောင်က ကျွန်မ၀င်ဖို့ တံခါးတောင်မဖွင့်ပေးခဲ့ဘူး။ ကြားမှာ သံဇကာ ခြားနေတဲ့အခြေအနေနဲ့ ကျွန်မရှင်းပြတာတွေကို တည်တည်ငြိမ်ငြိမ်ဘဲနားထောင်နေခဲ့တယ်။ ပြီးတော့….ပြောစရာကုန်ရင် ပြန်တော့….လို့ တစ်ခွန်းပဲပြောပြီး တံခါး ပြန်ပိတ်သွားတယ်။ ကျွန်မမောင့်ကိုအပြစ်မတင်နိုင်ခဲ့ဘူး…။ 

မောင်ဘယ်လောက်နာကျင်ခံစားနေရလဲ ကျွန်မသိတာကိုး။ မောင်ဟာ ခံစားချက်ကို ဖုံးကွယ်တဲ့ နေရာမှာ ညံ့မှန်း ကျွန်မသိခဲ့တာ ဟိုးအရင်တည်းကပဲ။ 

အခုလည်း ဘယ်လောက် တင်းမာနဲ့မျက်နှာနဲ့ စကားပြောနေနေ….မောင့်မျက်၀န်းထဲက ၀မ်းနည်းကျေကွဲမှုတွေကို ကျွန်မတွေ့နေရတယ်။ ကျွန်မကိုယ်တိုင်လည်း ထပ်တူထပ်မျှပါပဲ မောင်ရယ်….။ ကျွန်မ ပဲခူးအိမ်ပဲပြန်နေရင်ကောင်းမလားစဉ်းစားမိတယ်။ မောင်နဲ့ဝေးရာကို ပြေးတော့မယ်ပေါ့….။ လောကမှာ ကိုယ်ချစ်တဲ့သူ…ကိုယ့်ကိုချစ်တဲ့သူကို အပြင်းအထန်နာကျင်စေမိတာလောက်ဆိုးတဲ့အပြစ် ရှိပါ့မလား…….။

ချစ်သူ သက်တမ်းတစ်လျှောက် မောင်ကျွန်မစိတ်ခုရမဲ့ အလုပ်မျိုးမလုပ်ခဲ့ဖူးဘူး…။ သစ္စာလည်း မဖောက်ခဲ့ဖူးဘူးဆိုတာ ကျွန်မ သေသေချာချာသိတယ်။ ကျွန်မရဲ့ တစ်ညတာ စိတ်ရူးသွပ်ပျော်ရွှင်မှုက မောင်နဲ့ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တာပဲ။ 

ကျွန်မကို အရမ်းတန်ဖိုးထားပြီး ချစ်ခဲ့တဲ့ မောင့်ကို အရမ်းနာကျင်စေခဲ့မိပြီဆိုတဲ့ အတွေးက ကျွန်မရင်ထဲ အပြည့်နေရာယူထားတယ်။ အဲ့ဒီအတွက်ဘာမှလည်းပြန်မလုပ်ပေးနိုင်တော့ဘူး….ဆိုတဲ့အတွေးကလည်း သာလို့တောင်ဆိုးပါသေးတယ်။ 

အဲ့ဒီအတွေးတွေနဲ့ လွတ်ကင်းရာဟာ အရက်သောက်ပြီးအိပ်စက်ခြင်းပါပဲ….။ ဒီလိုမျိုး နေ့ဘက်တွေမှာစိတ်ဆင်းရဲရသလောက်……အိပ်ပျော်သွားတဲ့အခါ အိပ်မက်တွေထဲမှာ ကျွန်မပျော်နေရလေ့ရှိတယ်။မောင်နဲ့ကျွန်မ အလုပ်ချင်ခဲ့ဆုံးအရာတွေ…အဖြစ်ချင်ခဲ့ဆုံးဆန္ဒတွေဟာ…အိပ်မက်ထဲမှာ အကောင်အထည်ပေါ်နေတော့ တာပဲ။။ 

ကျွန်မတို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့အိမ်ကလေး…အကြီးကြီးမဟုတ်ပေမဲ့…ဥယာဉ်လေးနဲ့…မြက်ခင်းစိမ်းစိမ်းလေး တွေနဲ့ …သားသားမီးမီးတွေရဲ့ဆည်းလည်းသံလေးတွေနဲ့….အရာရာပြီးပြည့်စုံနေတဲ့အိမ်ကလေးအကြောင်းကို ကျွန်မ အိပ်မက်မက်တယ်…ဒါမှမဟုတ်ရင်လည်း မောင်နဲ့ကျွန်မ လက်ထပ်ပြီးရင်သွားချင်တဲ့နေရာတွေ…

ပင်လယ် ပြာပြာကြီးတွေ…တောတန်းတောင်တန်းတွေ……မြစ်တွေချောင်းတွေနဲ့….အလှဆုံးပန်းတွေပွင့်တဲ့နေရာ….. အဲ့ဒီနေရာတွေကို ကျွန်မတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်သွားရတယ်လို့လည်း မက်လေ့ရှိတယ်။

အိပ်မက်ထဲမှာ ပျော်နေရသလောက်….အိပ်မက်ကနိုးရင် စိတ်ဆင်းရဲရတော့တာပါပဲ။ မောင့်ကိုကျွန်မ အရမ်းချစ်ရဲ့သားနဲ့ ဘာလို့များသစ္စာဖောက်မိပါလိမ့်လို့ တွေးမိတယ်။ တစ်ချို့သူငယ်ချင်းတွေကတော့ ကျွန်မ ကို အရမ်းအံ့သြနေကြတယ်။ စပယ်ပွင့်ဝါဆိုတဲ့ မိန်းမက ယောက်ျားတစ်ယောက်အတွက် ဒီလောက် ခံစားနေရတယ် လို့ ပြောရင် ဘယ်သူယုံကြမှာလဲ။ 

ဒါပေမဲ့…..ကျွန်မမောင့်ကို တကယ်ချစ်ခဲ့တယ်ဆိုတာ သူတို့မသိကြဘူး…။ ကျွန်မ ဖြစ်နေတာတွေဟာ ကိုယ့်ရဲ့အပြစ်စိတ်နဲ့ကိုယ် လောင်ကျွမ်းနေတာမှန်း သူတို့မသိကြဘူး…..ခုချိန်မှာ မောင်က ခွင့်လွှတ်မယ် ဆိုရင်တောင်……ကျွန်မကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်မှန်း သူတို့မသိကြဘူး……..။ 

အဲ့ဒီ အပြစ်တွေကို ကျွန်မက ဘာကိုမှမငြင်းဆန်ဘဲခံယူနေရအုံးမှာပါ….။ အဖြစ်ချင်ခဲ့ဆုံးအရာတွေပေမဲ့…လက်တွေ့မှာလုံး၀မဖြစ်နိုင်ခဲ့ရင်……ဘယ်လောက်ကောင်းတဲ့အိပ်မက်ဖြစ်ဖြစ်.. အဲဒါ အိပ်မက်ဆိုးပါပဲ…။ အိပ်မက်ထဲမှာ ဘယ်လောက်ပျော်ရပျော်ရ နိုးထလာတော့ ကျွန်မငိုရတာပဲလေ။ 

ဒီအိပ်မက်တွေ ကျွန်မ ဆက်မမက်ချင်တော့ဘူး။ လက်တွေ့ဘ၀နဲ့ ဘယ်လိုမှမနီးစပ်တဲ့အခါ ကျွန်မ ရူးသွားလိမ့်မယ်။ ကိုယ့်ကိုကိုယ်သတိ၀င်လာပြီး အရက်ကို မသောက်တော့ဖို့စိတ်ကူးတယ်။ အလုပ်ကလည်း ထွက်လိုက်ပြီဆိုပေမဲ့ လူသစ်ကို အလုပ်တွေသွားလွှဲဖို့ကိစ္စလည်းရှိသေးတယ်။ 

ကျွန်မရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံကို လုပ်ဖော်ကိုင်ဖက်တွေကို မမြင်စေချင်ပါဘူး။ ပြီးတော့..မောင့်ကို…မောင့်ကိုလည်းမမြင်စေချင်ဘူး. တကယ်လို့များ ပြန်တွေ့ဖို့ အခွင့်အရေးရှိသေးရင်ပေါ့……။ ညဘက်အိပ်မရတဲ့အတူတူ ကျွန်မ online တက်ကြည့်လိုက်တယ်။ 

အို…မောင်…မောင့်အကောင့်လေး အွန်လိုင်း ရှိနေတာပဲ။ ကျွန်မကို block သွားလောက်ပြီထင်နေတာ။ G talk ကစိမ်းနေတဲ့ မောင့်အကောင့်လေးကို မောင့်မျက်နှာ ကိုကြည့်ရသလို ကျွန်မတစိမ့်စိမ့်ကြည့်နေမိတယ်။ 

သွားမခေါ်ရဲပါဘူး….။ သူ့ဘာသူ block ဖို့မေ့နေတာ ကျွန်မ သွားခေါ်လိုက်ခါမှ သတိရပြီး block လိုက်ရင်ဘယ်လိုလုပ်မလဲ။ အဲ့လိုကြည့်နေတုန်း မောင်ကျွန်မကို စကားလှမ်းပြော လိုက်တာကို မယုံကြည်နိုင်စရာတွေ့လိုက်ရတယ်။ 

“ စပယ်………….”

ကျွန်မ…ကျွန်မဘာပြန်ပြောရမလဲ…….။

ရင်ထဲမှာဆို့တက်လာတဲ့စကားလုံးတွေအများကြီး…။ သက်ပြင်းတစ်ရှိုက်နဲ့ အတူ အဲ့ဒီစကားလုံးတွေအားလုံး ပြန်ပါသွားတယ်။ ဘာမှပြန်မပြောဖြစ်ဘဲ screen ကို ခပ်တွေတွေလေးစိုက်ကြည့်နေမိတယ်။ နောက်ဆုံးတော့ ကျွန်မလက်ချောင်းတွေ keyboard ပေါ်ရောက်သွားပါပြီ…။ 

“မောင်……မောင်အဆင်ပြေရဲ့လားဟင်…” 

မောင်ရဲ့ chat box လေးဟာ typing ဆိုပြီး အတော်ကြာငြိမ်သွားတယ်။ 

မောင့်ဆီက တက်လာမဲ့စာကြောင်းလေးကို စောင့်ရတာ စာမေးပွဲ အောင်စာရင်းကြည့်ရတာထက်ကို ပိုရင်ခုန်နေရသေးတယ်။ တစ်မိနစ်….ငါးမိနစ်……ဆယ်မိနစ်…..သွားပြီ… မောင်….ကျွန်မကို block လိုက်ပြီလား…။ အားငယ် ၀မ်းနည်းတဲ့စိတ်တွေက အလိုလိုနေရင်း၀င်လာပြန်တယ်။ 

တကယ်တော့ အင်တာနက်လိုင်းကြောင့် စာအရောက်နောက်ကျတာပါ။ မောင်ရိုက်လိုက်တဲ့စာကြောင်းလေးတွေ ပေါ်လာတော့မှ ကျွန်မမျှော်လင့်တကြီး ဖတ်လိုက်တယ်။ 

“ ဟင့်အင်း…မပြေဘူး……ဒါပေမဲ့ ကိုယ်အရက်သောက်ပြီး အသဲမကွဲဘူး…ဘာလို့လဲသိလား….ဒါနည်းလမ်း အမှန်မဟုတ်ဘူး……ကိုယ့်ရင်ထဲက ဒဏ်ရာက ဒီနည်းနဲ့မပျောက်နိုင်ဘူးဆိုတာ ကိုယ်သိလို့ပဲ… မင်းကတော့.. မင်းသတ္တိမရှိဘူးလား….အရက်သောက်တဲ့နည်းနဲ့ ဒါတွေ အကုန်မေ့သွားနိုင်မယ်လို့ မင်းထင်နေလား….. မင်းမှာ လက်ခံရဲတဲ့ သတ္တိမရှိဘူးလားး”

မောင်ရယ်…ကျွန်မ တိုးတိုးဖွဖွလေးခေါ်မိတယ်။

မျက်၀န်းထဲပြည့်တက်လာတဲ့မျက်ရည်တွေကို လက်နဲ့အတင်းသုပ်နေမိတယ်။ မာကျောကျောစကားသံတွေအောက်မှာ… မောင့်ရဲ့သံယောဇဉ်ကို ကျွန်မလှမ်းမြင်နေရတယ်။ ကျွန်မတို့ချင်းဘယ်လောက်ရင်းနှီးခဲ့တဲ့ ချစ်သူတွေလဲ…။ 

မိဖြူတို့ လွင်မာတို့ သွားပြောကြတာပဲဖြစ်မယ်။ ကျွန်မကိုအရက်မသောက် စေချင်လို့ပြောနေတာမှန်း ကျွန်မသိတာပေါ့။ မောင်နဲ့အတူတူသောက်တယ်ဆိုတာက နည်းနည်းပါးပါး။ အခုက နေ့တိုင်းသောက်သလိုဖြစ်နေပြီ။ ဒါတွေမောင့်ကိုမသိစေချင်ပါဘူး။ 

ကျွန်မကစိတ်ဓာတ်ပျော့ညံ့ညံ့ မိန်းကလေးတစ်ယောက်လို့မောင်မယူဆသွားစေချင်ဘူး။ ဒါပေမဲ့ မောင်ကျွန်မကို နည်းနည်းဂရုစိုက်တုန်း ဆိုတာသိရလို့ စိတ်ထဲကျေနပ်မိသလိုပဲ…။ 

“ ဟုတ်ကဲ့…….မောင်မသောက်စေချင်ရင်…ကျွန်မမသောက်တော့ဘူး… ကျွန်မအပြစ်ကိုကျွန်မတစက္ကန့်လေးမှ မမေ့ဘဲ အမြဲသတိရနေပါ့မယ်…မောင်ကျေနပ်ပီလား” 

“ မင်းပြောခဲ့ဖူးတာ မှတ်မိလား……မင်းက အသဲကွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဘယ်တော့မှ အရက်မသောက်ဘူး ဆို..” 

“ မှတ်မိပါတယ်…အခုလည်းအသဲကွဲလို့သောက်တာမှမဟုတ်တာ……

မောင့်အပေါ်ကျွန်မ မလုပ်သင့်တာတွေ လုပ်ခဲ့မိလို့…နာကျင်တဲ့စိတ်နဲ့…အဲ့ဒီစိတ်တွေနဲ့ အိပ်မရလို့ သောက်တာပါ….ကျွန်မမှာကွဲစရာအသဲ ဘယ်မှာ ရှိတော့လို့လည်း….မောင်လည်းသိရဲ့သားနဲ့…”

“ ဟုတ်ပါတယ်….မင်းက အသဲမာတဲ့မိန်းမပဲ…ကိုယ်နဲ့လည်းလမ်းခွဲချင်ခဲ့တယ်မဟုတ်လား…ကိုယ်နဲ့တွဲရတာ ရိုးနေခဲ့တယ် မဟုတ်လား…အဲ့ဒါကြောင့်မင်းသစ္စာဖောက်တာပေါ့…” 

“ မောင့်ကိုကျွန်မ ဘယ်တုန်းကမှ လမ်းမခွဲချင်ခဲ့ဘူး …တစ်ကယ်လို့ကျွန်မဖက်ကသာစပြီး လမ်းခွဲခဲ့မယ်ဆိုလည်း တစ်ခုတည်းသောအကြောင်းအရင်းက မောင်နဲ့ ကျွန်မလိုမကောင်းတဲ့မိန်းကလေးနဲ့ မတန်လို့ပဲ…….”

“ ကိုယ်ဘယ်တုန်းကမှ မင်းကိုအဲ့လို သဘောမထားခဲ့ဘူး…..” 

မောင့်ဆီက ဒီလိုစကားကြားရတာကျွန်မအရမ်းပဲ…ပျော်မိတယ်။ အပျော်လွန်ပြီးကျွန်မရင်ထဲက စကားတွေအကုန် ပြောပြမိတော့ မလိုဖြစ်သွားတယ်။

ဒါပေမဲ့ကျွန်မပြန်ထိန်းလိုက်တယ်။ မောင့်ကိုပြန်မမျှော်လင့်မိစေဖို့ ကျွန်မစိတ်ကို ဆုံးဖြတ်ထားခဲ့တဲ့အတိုင်း ပြောပြလိုက်တယ်။ ကျွန်မအတွက်ကြောင့်မောင်ထပ်ပြီးထိခိုက်ရမှာ ကျွန်မမလိုလားဘူး။ 

“ အမှန်တိုင်းပြောရရင်…မောင်နဲ့ပြသနာဖြစ်ဖြစ်ပြီးချင်းတုန်းကတော့…..ကျွန်မမောင်နဲ့မခွဲနိုင်ဘူး…မောင့်ကိုလိုအပ်တယ် မောင်ကသာဒုတိယအကြိမ်အခွင့်အရေးပေးရင် ကျွန်မမောင့်အတွက်အကောင်းဆုံးနေပြမယ်လို့….. စဉ်းစားခဲ့မိတယ်… အခုသွေးအေးလာတော့…အဲလိုမစဉ်းစားတော့ဘူး……မောင့်လိုလူမျိုးနဲ့ကျွန်မမတန်ပါဘူး…….ကျွန်မက ကိုယ့်အကျင့်ကိုယ်တောင်အာမမခံနိုင်တဲ့လူမျိုး……မောင့်ကို ထပ်ပြီး နာကျင် စေခဲ့ရင် ကျွန်မလည်းကိုယ့်ကိုကိုယ်ထပ်ခွင့်လွှတ်နိုင်တော့မှာမဟုတ်ဘူး” 

မောင်ငြိမ်သွားတယ်။ ခဏကြာတော့ စာကြောင်းလေးတစ်ကြောင်းပဲ တက်လာပြီး ….ထွက်သွားပြီထင်ရဲ့။ offline ဖြစ်သွားပြီ……..။ 

“ Giving second chance is like giving someone a second bullet to shoot you with because they missed you the first time…..” 

(လူတစ်ယောက်ကို ဒုတိယအကြိမ်အခွင့်အရေးပေးတယ်ဆိုတာ..သူမင်းကိုပစ်လိုက်တဲ့ပထမကျည်ဆန်လွဲချော် သွားခဲ့လို့ ဒုတိယကျည်ဆံကိုမင်းကိုယ်တိုင်သူ့ကိုထပ်ပေးလိုက်သလိုပဲ)

ကျွန်မရင်ထဲ နင့်ကနဲဖြစ်သွားတယ်။ မောင်က ကျွန်မကို ဒီလိုမျိုးတောင် သဘောထားနေပြီကိုး။ ကျွန်မ…ကျွန်မ ဆုံးဖြတ်ပီးသားပါမောင်ရယ်…မောင်ကျွန်မကို ဒီလိုစကားမျိုးနဲ့ငြင်းစရာမလိုပါဘူး။ ကျွန်မ မောင့်ကို အမှန်အတိုင်းပြောတာကို…မောင်က ကျွန်မတမင် သူသနားအောင် ပြောနေတယ်များထင်သွားလား…။ ကျွန်မစိတ်ထဲ တင်းကနဲဖြစ်သွားတယ်။ 

ကျွန်မလုပ်ထားမိတာတွေကိုစိတ်ကပြန်သတိပေးနေတော့ တင်းကနဲဖြစ်သွားတဲ့ စိတ်က ခဏပါပဲ…။ ထက်နာစေမဲ့ စကားမျိုးမောင်ပြောလည်း ကျွန်မခံရုံအပြင် တခြားမရှိတော့ဘူး။ 

ကျွန်မရဲ့မောင်ကခုမှ စကားတွေတတ်နေလိုက်တာ….ကျွန်မနာနာကျင်ကျင်ပြုံးမိတယ်။ မောင်မရှိတော့ပေမဲ့လည်း မောင့် chat box လေးမှာ ကျွန်မစာထပ်ရိုက်ပြီးပြောလိုက်မိတယ်..။ 

“ ဟုတ်ပါတယ်…မောင်ဒီလိုမျိုးသိထားတော့ နောက်တစ်ခါအလိမ်မခံရတော့ဘူးပေါ့……” 

ကျွန်မပြောပြီးပြီးချင်း ကွန်ပြူတာကိုပိတ်လိုက်တယ်။ကျွန်မဆုံးဖြတ်လိုက်တယ်။ မောင်နဲ့ ဘယ်တော့မှ နောက်ထပ် စကားမပြောတော့ဘူး…..မပြောနိုင်တော့တာ…။

မောင်နဲ့ပြောရလို့ ပျော်မိပေမဲ့ ကိုယ့်ကိုကိုယ် တဖြည်းဖြည်း ညှဉ်းသတ်နေမိသလိုပဲ… တမြေ့မြေ့နာကျင်နေရတယ်။ တုန်ရီနေတဲ့ နှုတ်ခမ်းတွေက တစ်ခုခုကို အကျယ်ကြီး အော်ဟစ်ပစ်လိုက်ချင်ပေမဲ့ အသံတိတ်မျက်ရည်တွေပဲ တလိမ့်လိမ့် ကျဆင်းလာတယ်။ 

အော်…ဒီညလည်းအရက်သောက်ပြီးအိပ်ရအုံးမယ်ထင်ပါရဲ့…။ လရောင်ခပ်မှိန်မှိန်ပဲရှိပေမဲ့ ကောင်းကင်တစ်ပြင်လုံးလင်းလင်းရှင်းရှင်းမြင်နေရတယ်။ ကျွန်မရှေ့မှာ အစအဆုံးမသိနိုင်တဲ့ ကျယ်ပြောတဲ့ပင်လယ်ပြင်ကြီး……လေတွေလှိုင်းတွေနဲ့တဝုန်းဝုန်းအသံပေးနေတယ်။ မိုးများရွာတော့မလားတွေးမိပေမဲ့ ကျွန်မမိုးစိုမှာစိတ်မပူမိပါဘူး။ 

ကျွန်မနဲ့ပင်လယ်ကြီးကြားမှာ မှန်တစ်ချပ်အပြည့်ကာထားတဲ့ နံရံနဲ့အခန်းတစ်ခုထဲ ကျွန်မရောက်နေတာလေ။ ဒေါသတကြီးနဲ့လှိုင်းလုံးတွေကိုမာန်ဖီထုတ်နေတဲ့ပင်လယ်ပြင်ကို ကြည့်ရင်း ချမ်းစိမ့်စိမ့်ဖြစ်လာလို့ ကျွန်မလက်မောင်းတွေကိုလက်နဲ့ပြန်ပိုက်လိုက်မိတယ်။ 

စမ်းမိတာက ကျွန်မရဲ့လက်မောင်း မဟုတ်ဘဲ နွေးထွေးတဲ့လက်တစ်စုံဖြစ်နေတယ်။ ခေါင်းငဲ့ကြည့်မိတော့ အသက်ရှူသံမှန်မှန်နဲ့ရင်ခွင် တစ်စုံက ကျွန်မလက်မောင်းတွေကို ဖိကိုင်ပြီး ကျွန်မနောက်မှာကပ်ကပ်လေးရပ်နေတယ်။

“ ကလေးလေး…မောင့်ချစ်ဆုံးလေး..တစ်ရေးနိုးတာလား” 

အသံမထွက်ဘဲတိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်တယ်။ ကျွန်မကိုထွေးပိုက်ထားတဲ့လက်တစ်စုံက မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ကျွန်မကိုယ်လုံးကို အသာလှည့်လိုက်တယ်။ 

အလိုက်သင့်လေးပါလာတဲ့ကျွန်မကို အဓိပါယ်ဖေါ်ရခက်တဲ့ မျက်၀န်းတွေနဲ့စူးစူးစိုက်စိုက်ကြည့်နေတာက…မောင်…….။ သူများတွေအတွက် အဓိပါယ်ဖော်ဖို့ ခက်ခဲပေမဲ့ မောင့်ရဲ့အကြည့်တွေကိုကျွန်မနားလည်နေတယ်။ 

မောင့်ရဲ့အရင်းနီးဆုံးသူပဲလေ ကျွန်မမှ နားမလည်ရင်တခြားဘယ်သူရှိမှာလဲ။ မောင့်ကို ခပ်လှောင်လှောင်အပြုံးနဲ့ကြည့်ပြီး ကျွန်မစကားစလိုက်တယ်။ 

“ ဘယ်လိုဖြစ်တာလဲ မအိပ်ခင်ကလည်း၂ခါတောင်နော်” 

ကျွန်မရဲ့လှောင်ပြုံးနဲ့အပြောကိုမောင်ကသဘောကျတဲ့ပုံစံနဲ့နှုတ်ခမ်းကိုက်ပြီး ရီပြလိုက်တယ်။

ကျွန်မကိုလည်းပြန်မငြင်းနိုင် သူအပြောခံရတာကိုလည်း မခံနိုင်တဲ့အခါ မောင်လုပ်ပြလေ့ရှိတဲ့ပုံစံပါပဲ။ ကျွန်မနားတိုးကပ်ပြီး မောင့်နှုတ်ခမ်းပါးပါးတွေက ကျွန်မနှုတ်ခမ်းတွေကို ဆွဲကပ်စုတ်နမ်းလိုက်တယ်။ menthol ပါတဲ့သွားတိုက်ဆေးအနံ့လေးက ကျွန်မနှုတ်ခမ်းတွေထဲထိပါတိုး၀င်လာတယ်။ 

မောင့်ရဲ့လက်တွေက ကျွန်မခန္ဓာကိုယ် အနှံ့ကိုပွတ်သပ်ပေးနေပြီး ကျွန်မကိုဘေးက စားပွဲပေါ်ချီမပြီး တင်လိုက်တယ်။ မောင့်လက်ချောင်း ကြမ်းကြမ်းတွေအောက်မှာ ကျွန်မရင်သားနုနုတွေ ကျေမွတော့မဲ့အတိုင်း ဖိချေပွတ်သပ်ခံနေရတယ်။ 

ကျွန်မကိုယ်ပေါ်မှာ အကျီကအစတည်းကမရှိတာလား မောင်ချွတ်လိုက်တာလား သတိမထားမိဘူး။ အောက်မှာဘောင်းဘီအတိုလေး တစ်ထည်ပါနေသေးတာတော့ သိလိုက်တယ်။ 

“ အား..မောင် တော်တော့ တော်ပါတော့….” 

ကြမ်းသထက်ကြမ်းလာတဲ့မောင့်လက်တွေကြောင့်ကျွန်မညည်းညူရင်းတောင်းပန်မိတယ်။ ရမက်စိတ်နဲ့အတူ ရင်တွေခုန်နေပေမဲ့ မောင့်လက်အောက်ကအသားတွေက သွေးထွက်မတက်နာကျင်လာတယ်။ မောင်က ကျွန်မတစ်ကိုယ်လုံးကို ဖိညှစ်ပြီး သတ်တော့မှာလားလို့ အတွေး၀င်လာရင်း အလန့်တကြားရုန်းကန်မိတယ်။ 

“ အားး….” 

တဒိန်းဒိန်းခုန်နေတဲ့နှလုံးခုန်သံနဲ့အတူ ကျွန်မထထိုင်လိုက်မိတယ်။ ခုနက အဖြစ်အပျက်တွေဟာ အိပ်မက်သက်သက်ပဲ ဆိုတာသိလိုက်ရလို့ စိတ်နဲနဲအေးသွားတယ်။ 

ဘေးကိုလှမ်းကြည့်လိုက်တော့ မိဖြူနဲ့လွင်မာကအိပ်ကောင်းတုန်းရှိ သေးတယ်။ ဒါဆိုကျွန်မအိပ်မက်ယောင်ပြီးအော်လိုက်တဲ့အသံက သိပ်ကျယ်ပုံမရဘူး။

တော်သေးတယ်။ သူတို့နိုးလာပြီး မေးရင် ဘယ်လိုရှင်းပြရမယ်မှန်းတောင်မသိဘူး။ ကျွန်မနှုတ်ခမ်းကိုဖိကိုက်ရင်းခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းပစ်မိတယ်။ ဘာလို့ဒီအိပ်မက်တွေဆက်မက်နေသေးတာလဲ။ မိစပယ်..နင်အရှက်မရှိဘူးလား…….ကိုယ့်ကိုကိုယ်ခပ်ကြမ်းကြမ်း သတိပေးရင်း နိုးလက်စနဲ့ဖုန်းကိုကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီ။ 

တစ်ခါတည်း Missed call ရှိနေလားပါစစ်ကြည့်လိုက်တယ်….။ မျှော်လင့်မိတဲ့ ဖုန်းနံပါတ်တစ်ခုတလေများ တွေ့ရမလားလို့ပေါ့။ ခါတိုင်းနေ့များလိုပါပဲ။

ခေါ်သူမရှိ sms ပို့သူမရှိတဲ့ ဖုန်းလေးက အိပ်ယာဘေး ငြိမ်ငြိမ်လေးပြန်လဲလျောင်းသွားတယ်။ ကျွန်မကတော့ ထပြီး ရုံးသွားဖို့ပြင်ရအုံးမယ်။ အလုပ် အသစ်က ခုမှ စ၀င်တာ တစ်ပတ်လောက်ပဲရှိသေးတော့..နောက်ကျလို့မကောင်းဘူး။

ဒီအလုပ်မှာ ကြိုးကြိုးစားစားမြဲအောင် လုပ်မှ ကျွန်မအိမ်မှာပြန်မနေရမှာလေ။ အမေတို့ကခုတလော အိမ်ပြန်လာဖို့ပဲအတင်းခေါ်နေတာ။ ကျွန်မကို သူတို့ မိတ်ဆွေ ရဲ့သားတစ်ယောက်နဲ့ နေရာချထားပေးချင်နေမှန်း ကျွန်မ၀မ်းကွဲအမဆီကသိပြီးပြီ။ ဒီခေတ်ကြီးမှာ ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်တော့မှာလဲ။

ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်နဲ့…ဟင့်အင်း…သိလည်းမသိချင်ဘူး..သိအောင်လည်း မလေ့လာချင်ဘူး။ ကျွန်မနှလုံးသားကို အခုမှအနားပေးထားခါစရှိသေးတယ်။ ခုချိန်ထိ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တဲစိတ်နဲ့ ကျွန်မနေနေရတုန်းပဲ။ ဒါပေမဲ့ ဘ၀ကဒီတိုင်းဆက်သွားနေမှာပဲလေ။ 

သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့ သတိရမိရင် တွေးရုံ…ငေးရုံ..ဆွေးရုံပေါ့…။ အရင်လိုမျိုး ရည်းစားနဲ့ပြတ်ပြီးတာနဲ့ တစ်ခြားတစ်ယောက်နဲ့ ဇာတ်လမ်းစဖို့လည်း မကြိုးစားမိဘူး။ ခုချိန်ထိ စိတ်ထဲမှာ တစ်စုံတရာကို စောင့်မျှော်နေမိသလိုမျိုး……။ 

အဲ့ဒီခံစားချက်ကြောင့်လည်း ကျွန်မတစ်ယောက်တည်း တောင့်ခံပြီး နေနေခဲ့တယ်။ ကျွန်မလိုချင်တာ အပျော်အပါးတွေနဲ့ တစ်ခုခုလိုချင်လို့ တစ်ခုခု ပေးဆပ်ရမဲ့ ဘ၀မျိုးတွေ မဟုတ်တော့ဘူး။ တည်ငြိမ်အေးဆေးတဲ့ ဘ၀တစ်ခုပဲ ကျွန်မလိုအပ်နေတာ။ 

ကျွန်မတကယ်ချစ်ခဲ့ဖူးတဲ့ ယောက်ျားတွေနဲ့ ဇာတ်သိမ်းမှမကောင်းခဲ့တာ။ ပထမတစ်ကြိမ်က သစ္စာ ဖောက်ခံလိုက်ရတယ်….ဒုတိယတစ်ကြိမ်ကျတော့ ကိုယ်ကိုယ်တိုင်သစ္စာဖောက်မိတယ်။ နောက်တစ်ကြိမ်ကျရင်လည်း ချစ်မိတဲ့ကျွန်မကပဲ အလူးအလဲခံရအုံးမှာပါပဲ။ 

ဒီတော့ ကိုယ့်နှလုံးသားကိုယ် ထာ၀ရသော့ခတ်သိမ်းထားလိုက်တာအကောင်းဆုံးပါပဲ။ ပြောလို့တော့ မရပါဘူး။ ကိုယ်က မတွေ့ချင်ပေမဲ့လည်း နောက်တစ်ယောက်နဲ့တွေ့ချင်လည်းတွေ့အုံးမှာပေါ့။ အဲ့ဒီအခါကျရင်သာ ပိုချစ်ရတဲ့သူ ကိုယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမလိုဖြစ်နေပြီ။ 

မှန်ရှေ့မှာ ရုံးသွားဖို့ အ၀တ်အစားတွေ ၀တ်ရင်း အပေါ်ကဆွယ်တာထူထူလေးတစ်ထည်ပါထပ်၀တ်လိုက်တယ်။ ဒီဇင်ဘာလရဲ့ မနက်ခင်းတွေဟာ ချမ်းစိမ့်စိမ့်လေးအေးနေတတ်တယ်လေ။ ဘေးမှာ နွေးနွေး ထွေးထွေး ဖက်ထားပေးမဲ့သူမရှိတဲ့ ဆောင်းဟာ အရင်ကထက် ပိုချမ်းသလိုလို….။ ကျွန်မရဲ့ ဆံပင်တွေကို ဖြန့်ချပြီး ခေါင်းဘီးနဲ့အသာအယာဖြီးရင်း မှန်ထဲကို ကြည့်မိတယ်။ 

တစ်ယောက်သောသူရဲ့တချိန်က ဆန္ဒကိုခုချိန်ထိ နာခံပြီး မဖြတ်ဘဲထားခဲ့လို့ ခါးလောက်ထိရောက်နေတဲ့ဆံပင်ရှည်တွေကို ဒီတိုင်းဖြန့်ချထားလိုက်ထားလိုက်တော့ နားရွက်တွေ ၊ ပုခုံးသားတွေကို ဖုံးနေတဲ့ ဆံပင်တွေဟာ သူ့ကိုယ်စား နွေးထွေးနေသလိုပါပဲ…..။

နမ်းသူမဲ့ခဲ့ပြီဖြစ်တဲ့ နှုတ်ခမ်းတွေကို ပန်းဆီရောင် နှုတ်ခမ်းနီလေးဆိုးနေရင်း ဒီနှုတ်ခမ်းနီဘူးလေး၀ယ်ပေးခဲ့တဲ့သူ့ကို သတိရသွားမိပြန်ပြီ။ 

နာကျင်စိတ်နဲ့ ကြည်နူးစိတ်ဆိုတာ တစ်ပြိုင်တည်းလည်းဖြစ်ပေါ်တတ်ပါလားဆိုတာ ဒီအမှတ်တရလေးတွေကို ပြန်တွေးမိရင်းကျွန်သဘောပေါက်ခဲ့ရတာ အကြိမ်ကြိမ်အခါခါပါ…။ 

အိပ်ယာပေါ်က လက်ဆွဲအိတ် ကိုယူပြီး ဖုန်းကိုထည့်မလို့လုပ်လိုက်တော့ silent လုပ်ထားတဲ့ဖုန်း screen ပေါ်မှာ အံ့သြစရာ.. တစ်ယောက်သောသူရဲ့ ဖုန်းနံပါတ်လေးက calling ပြနေပါရောလား…….။ 

ကျွန်မလက်ဖျားတွေ အေးစက်သွားတယ်။ မျက်လုံးတွေလည်း ရုတ်တရက်ပြာဝေသွားသလိုလို……ဖုန်းကိုမကိုင်ဘဲ ခဏကြောင်ကြည့်နေမိတယ်။ 

ဖုန်းမှားခေါ်မိတာ ဖြစ်ချင်ဖြစ်နေမှာ…လို့တွေးရင်း မကိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဖုန်းမြည်သံရပ်သွားလို့ဖုန်းကျသွားပြီး နောက်တစ်ခါထပ်ခေါ်တဲ့အခါမှာတော့ ကျွန်မကိုရည်ရွယ်ပြီးခေါ်တဲ့ဖုန်း ဖြစ်ကြောင်း သေချာသွားပါပြီ။ 

တုန်ယင်နေတဲ့လက်တွေနဲ့ ဖုန်းကိုလှမ်းကိုင်လိုက်တယ်။

“ ဟယ်လို…….”

“ စပယ်……နိုးနေပြီလား…ကိုယ်အခုမင်းတို့တိုက်အောက်မှာ….ပေးစရာလေးရှိလို့ ခဏလောက် ဆင်းခဲ့ပေးပါလား” 

မကြားရတာ အတော်ကြာပြီဖြစ်တဲ့ သူ့အသံကိုကြားလိုက်ရလို့ ကျွန်မရင်တွေဘာတွေတောင် ခုန်သလိုဖြစ်သွားတယ်။ ပေးစရာရှိလို့ဆိုပဲ… အော်…….အရင်ကကျွန်မပေးဖူးတဲ့ လက်ဆောင်တွေပြန်ပေးမလို့ထင်ပါတယ်။

အဖြေကို ရုတ်တရက်စဉ်းစားမိလိုက်တော့ ကျွန်မရင်ခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်သွားတယ်။ ကျွန်မလည်း သူ့ကိုပေးစရာရှိနေတာပဲလေ။ မဟုတ်တောင် လူကိုယ်တိုင်ပေးရမလား ပါဆယ်လှမ်းပို့ရမလား … လုံး၀မပေးတော့ရင် ကောင်းမလား ဝေခွဲမရဖြစ်နေတာ ကြာပြီ။ 

ပေးရမဲ့ရက်က လိုနေသေးပေမဲ့ ဒါသူနဲ့တွေ့ဖို့ နောက်ဆုံးအခွင့်အရေးလေ။ ခပ်မြန်မြန်အံဆွဲသော့ဖွင့်ပြီး မွှေနှောက်ရှာလိုက်တော့….ဘယ်တော့မှ ပိုင်ရှင်မရှိတော့မဲ့ ပုံစံမျိုးနဲ့ငြိမ်ငြိမ်လေးထိုင်နေတဲ့ အပြာရောင်စက္ကူဘူးလေးကိုရှာတွေ့ပါတယ်။ 

အထဲမှာတော့ ကျွန်မတစ်နှစ်ကျော်လောက် ကြိတ်ပြီးစုခဲ့တဲ့ပိုက်ဆံတွေနဲ့တိုက်ရိုက် အချိုးကျတဲ့ တန်ဖိုးကြီး လက်စွပ်လေးတစ်ကွင်း….။ လာမဲ့ ဇန်နဝါရီလမှာ ကျရောက်မဲ့ ကျွန်မအချစ်ဆုံးရဲ့ မွေးနေ့အတွက် ပြင်ဆင်ထားခဲ့တဲ့ ကျွန်မရဲ့လက်ဆောင်……….။ 

လက်ဆောင်ဘူးလေးကို ကိုင်ရင်း လေးထပ်တိုက်ပေါ်ကနေ ခပ်သွက်သွက်လေးဆင်းလာခဲ့တယ်။ သူ့ရှေ့ရောက်ရင် ပြုံးပြရမလား….ခပ်တည်တည်နေရမလား…. ဘယ်လိုအမူအယာလုပ်ပြရမလဲဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေနဲ့ အပျိုဖြန်းလေးလိုပဲ ကျွန်မခြေတွေလက်တွေတုန်နေတယ်။ 

မိစပယ်…စိတ်ထိန်းစမ်း…နင်ကလေးလည်းမဟုတ်တော့ဘူး…. တည်တည်ငြိမ်ငြိမ်ရင်ဆိုင်တတ်ရမဲ့ အရွယ်ရောက်နေပြီ…..။ 

ကိုယ့်ကိုကိုယ် ကြိမ်းဝါးရင်း ခြေလှမ်းမချော်အောင် လှေကားဘောင်တွေကို ကိုင်ရင်း အရှိန်လျှော့ပြီးဆင်းနေရတယ်။ နှစ်ထပ်ပဲဆင်းရသေးတယ်။ လှေကားထစ်တွေအတိုင်းအပေါ်ကိုတစ်လှမ်းချင်းတက်လာတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျွန်မခြေလှမ်းတွေရပ်သွားတယ်။ 

ကျွန်မခြေလှမ်းတွေရပ်တန့်သွားသလို သူကလည်းကျွန်မဆီရောက်ဖို့လှေကားထစ်နှစ်ထစ်သုံးထစ်အလိုမှာ ရပ်လိုက်ပါတယ်။ သူ့မျက်၀န်းတွေက ခါတိုင်းလို ရိုးသားနေတုန်း ….သူ့မျက်နှာက ခါတိုင်းလိုပဲ ကြည်လင်နေတုန်း….. နဲနဲတော့ပိန်သွားသလိုပဲ…။ 

သူ၀တ်ထားတဲ့ဆွယ်တာလေးက အရင်က သူနဲ့ ကိုယ်လုံးအတိလောက်ပဲ ရှိတာ ကျွန်မသိတယ်။ အခုတော့ နဲနဲပွနေသလိုဖြစ်နေတယ်လေ။

ဘာအကြောင်းကိုဘယ်ကစပြောရမှန်းမသိတဲ့ ကျွန်မသူ့ကို ငေးကြောင် ကြည့်နေမိတယ်။ သူကလည်း ကျွန်မကို ခဏငေးနေပြီး ပြုံးပြတော့မလိုဖြစ်သွားပြီးမှ ခပ်တည်တည်ပြန်နေလိုက်တာ ကျွန်မသတိထားမိလိုက်တယ်။ 

ကျွန်မဆီကအကြည့်ကိုလွှဲရင်း ကျွန်မလက်တစ်ဖက်ကို ဆွဲကိုင်ပြီး သူ့လက်ထဲကတစ်စုံတစ်ခုကိုထည့်ပေးလိုက်တယ်။ ဘာပါလိမ့်….ကျွန်လက်ထဲစိမ့်ကနဲ ဖြစ်သွားတယ်။ ဘာမှန်းမသိပေမဲ့ အေးစက်စက် အရာ၀တ္ထုသေးသေးလေး တစ်ခုရဲ့ အထိအတွေ့ကို လက်ထဲမှာခံစားမိလိုက်တယ်။ ကျွန်မလက်ကိုသူ့ဆီကပြန်ဆွဲယူပြီး ဆုပ်ထားတဲ့လက်သီးဆုပ်လေး ကို ဖွင့်ကြည့်လိုက်တော့…

“ အို...”

ကျည်ဆံလေးတစ်တောင့်ပါလား……………။




........................................💚💛💖💝💙........................................

 ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment